← Chapters

အခန်း ၁၀၀၈

Vol. 68 Ch. 1008

အခန်း ၁၀၀၈

Vol. 68 Ch. 1008

1008 01

အခန်း ( ၁၀၀၈ ) သာသနာဖျက်ဖို့ မွေးဖွားလာခြင်း။

စုယန်ယန်ရဲ့ မျက်လုံးထဲမှာ အပြုံးရိပ်တွေ ယှက်သန်းသွားကာ သူမရဲ့ ရင်ခွင်ထဲက ဝဝကစ်ကစ် ကလေးလေးကို ဟောက်ချန်ဟွမ်းထံ လက်လွှဲပေး၍ ဟောက်ချန်ဟွမ်းအား ကလေးကို အမြန် နမ်းကာ ဖခင်မေတ္တာကို ဖော်ပြဖို့ မျက်ရိပ်မျက်ကဲနှင့် ပြောလိုက်သည်။

စုယန်ယန်ရဲ့ အတွေးတွေကို တန်းသိတဲ့ ဟောက်ချန်ဟွမ်းက စိတ်ညစ်သွားပုံသော်လည်း စုယန်ယန်ရဲ့ ညွှန်ကြားချက်အတိုင်း ကောင်ကလေးကို ငုံ့နမ်းလိုက်သည်။

ကြယ်ကလေးက ထိုအနမ်းကြောင့် ကြောင်အမ်းအမ်းဖြစ်သွားပြီး လက်မြှောက်၍ ဟောက်ချန်ဟွမ်းရဲ့ မျက်နှာကို လှမ်းရိုက်သည်။ ရိုက်သည်ဟုသာ ဆိုသော်လည်း ကလေးတစ်ယောက်ရဲ့ ခွန်အားက အားမကြီးတာမို့ ဟောက်ချန်ဟွမ်းရဲ့ မျက်နှာကို မနာကျင်စေပါ။

သို့သော် ဟောက်ချန်ဟွမ်းကတော့ ကြယ်လေးရဲ့ အပြုအမူကြောင့် ဆွံ့အသွားပြီး အဖေကို မထီလေးစားနိုင်လွန်းသော ကောင်စုတ်လေးအား တအံ့တဩ ကြည့်နေမိတော့သည်။

စုယန်ယန်က သားအဖနှစ်ယောက်ကို ကြည့်ပြီး ရယ်မောကာ ကြယ်ကလေးကို ပွေ့ဖက်၍ ပုတ်ပေးရင်း ခပ်တိုးတိုး သင်ကြားလိုက်သည်။ “ သား ဖေဖေ့ကို အဲ့လို ရိုက်လို့ မရဘူးနော်။ သား အဲ့လို ဆက်လုပ်ရင် ဖေဖေလည်း စိတ်ဆိုးလိမ့်မယ် ၊ မေမေလည်း ‌စိတ်ဆိုးရလိမ့်မယ်။ ”

စုယန်ယန်က ကောင်ကလေးကို ခြောက်ဖို့ သူမရဲ့ မျက်နှာကို တမင် နီးနီးကပ်ကပ် ငုံ့ထားလိုက်သည်။ ကောင်ကလေးကတော့ စုယန်ယန်ရဲ့ ခံစားချက်တွေကို အာရုံခံနိုင်သကဲ့သို့ မျက်လုံးလှိမ့်ပြသည်။ ထို့နောက် သူ့ရဲ့ လက်ဖောင်းဖောင်းလေးတွေနှင့် စုယန်ယန်ရဲ့ မျက်နှာကို ဖျတ်ခနဲ ဆုပ်ကိုင်၍ သူ့သွားရည်တွေကို ပွတ်သုတ်လိုက်လေသည်။

စုယန်ယန်သည် သူမရဲ့ သားဖြစ်သူအား ဒီလောက် အသက်ငယ်ငယ်လေးနှင့် ချွဲနွဲ့တဲ့နေရာမှာ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်လိမ့်မည်ဟု မျှော်လင့်မထားပေ။ ထို့ကြောင့် ချက်ချင်းပဲ အရည်ပျော်ကျသွားပြီး ကြယ်လေးကို အားရပါးရ ပွေ့ဖက်နမ်းရှုံ့ပစ်လိုက်သည်။

ဟောက်ချန်ဟွမ်းကတော့ အဲ့ဒါကို ကြည့်ပြီး မနာလိုစွာ မျက်မှောင်ကြုတ်နေခဲ့သည်။ သူ အခုချက်ချင်း စုယန်ယန်ကို သွားနမ်းပြီး သူ့ကို အတင့်ရဲစွာ ယှဉ်ပြိုင်ရဲတဲ့ ဒီကောင်လေးကို သူ့အကြောင်း ကောင်းကောင်း သိစေချင်သည်။

သို့သော်လည်း မျှော်လင့်မထားစွာဖြင့် သူ စုယန်ယန်ကို နမ်းဖို့ သွားရုံပဲရှိသေး ၊ လက်ဖောင်းဖောင်းလေးတစ်ဖက်က သူ့မျက်နှာကို နောက်တစ်ကြိမ် ဖြတ်ရိုက်သွားခဲ့သည်။ ထိုလက်ကလေးက သေးကွေးသော်လည်း အားပါတာမို့ ဟောက်ချန်ဟွမ်းရဲ့ မျက်နှာကို လည်ထွက်သွားစေခဲ့သည်။

လူကြီးနှစ်ယောက်သည် ကောင်ကလေးရဲ့ လျှပ်တစ်ပြက် ပါးရိုက်ချက်ကြောင့် ဆွံ့အသွားကာ အချိန်အတော်ကြာတော့မှ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကြသည်။

“ သားလေးက မေမေ့ကို ဖေဖေ နမ်းတာ မကြိုက်ဘူးလား။ ဒါပေမဲ့ မေမေက ဖေဖေ့အပိုင်မို့လို့ ဖေဖေ့မှာ မေမေ့ကို နမ်းခွင့်ရှိတယ် သားလေးရဲ့။ သား ဘယ်လို လုပ်မလဲ။ ”

စုယန်ယန်ရဲ့ နွေးထွေးသော စနောက်မှုနှင့်ယှဉ်လျှင် ဟောက်ချန်ဟွမ်းက အများကြီး ပိုတည့်တိုးဆန်၏။ သူက ကြယ်လေးကို ခေါင်းကို ဖတ်ခနဲ လှမ်းပုတ်ကာ “ ခွေးကောင်လေး … မင်း မိန်းမလိုချင်ရင် အရွယ်ရောက်တော့မှ ကိုယ့်ဘာသာ သွားရှာ။ မင်းအမေဆီမှာ အချစ်ခံရဖို့ ငါနဲ့ ပြိုင်ချင်ရင်တော့ ‌နောက်ထပ် ဆယ့်ငါးနှစ် ၊ အနှစ် နှစ်ဆယ်လောက်စောင့်။ ” ဟု ပြောလိုက်သည်။

......

ဟောက်ချန်ဟွမ်းက ထိုသို့ ပြောလိုက်သောအခါ ကြယ်လေးသာမက သူတို့နှစ်ယောက် အာရုံစိုက်ခံရဖို့ လုနေတဲ့ စုယန်ယန်ပင်လျှင် ကြောင်အသွားမိသည်။

စက္ကန့်အနည်းငယ် ကြာတော့မှ ကောင်ကလေးက အဖေဖြစ်သူရဲ့ ရန်စ,စကားကို နားလည်သွားပုံဖြင့် နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်ကာ သူ့ရဲ့ အကောင်းဆုံး တိုက်ကွက်ဖြစ်သော ‘ အသံဗြဲကြီးနှင့် အော်ငိုခြင်း ’ ကို အသုံးပြုခဲ့သည်။

သည်းသည်းထန်ထန် အော်ငိုနေတာမို့ သူ့မျက်နှာတစ်ခုလုံး နီရဲနေပြီး သူ့ငိုသံက အိမ်ရဲ့ နေရာတိုင်းမှာ ပဲ့တင်ထပ်နေလေရာ ဦးလေးကျန်းနှင့် တခြားလူတွေက အောက်ထပ်ကို ပြေးဆင်းလာပြီး အခြေအနေလာကြည့်သည်။

ဇာတ်လမ်းအစအဆုံးကို သိသွားချိန်မှာတော့ လူတိုင်းက ဟောက်ချန်ဟွမ်းကို အပြစ်တင်သော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

1008 02

ရုတ်တရက်ကြီး ခွဲခြားဆက်ဆံခံရသလို ခံစားလိုက်ရသော ဟောက်ချန်ဟွမ်းသည် ပြောစရာစကားပျောက်ဆုံးသွားရသည်။ ဒီခွေးကောင်လေးက သူ့ကို သာသနာဖျက်ဖို့ မွေးဖွားလာတာပဲ … ။

တက်မတတ်ချက်မတတ် အော်ငိုနေတဲ့ ကြယ်လေးကို ဘယ်သူမှ ချော့လို့မရဘဲ နောက်ဆုံးမှာ သူ့ဘာသာ ငိုရတာ ပင်ပန်းပြီး စုယန်ယန်ရဲ့ ရင်ခွင်ထဲမှာ အိပ်ပျော်သွားတော့မှ ကလေးထိန်းက သူ့ကို ခေါ်ထုတ်သွားခဲ့သည်။

ကလေးထိန်းကတောင် သူ့ကို စိတ်ကုန်သော အကြည့်ဖြင့် ကြည့်သွားသေးတာမို့ ဟောက်ချန်ဟွမ်းသည် သူ့တစ်ယောက်တည်းကိုပဲ အားလုံးက ဝိုင်းအပြစ်တင်နေသလို ခံစားလိုက်ရကာ အံ့ဩဘနန်းဖြစ်မိသည်။

ကလေးထိန်းနှင့်အတူ ကြယ်လေး ပါသွားတော့မှ စုယန်ယန်က ဟောက်ချန်ဟွမ်းဘက်ကို အာရုံပြန်လှည့်လိုက်သည်။ သူမ တစ်ချိန်တည်းမှာ ဒေါသလည်းထွက် ၊ ရယ်လည်း ရယ်ချင်သည်။ “ ရှင်ကတော့လေ … ဘာလို့ ကလေးနဲ့ ရန်ဖြစ်ပြီး သူ့ကို ငိုအောင် လုပ်လိုက်တာလဲ။ ”

ဟောက်ချန်ဟွမ်းက ဒေါသတွေနှင့် ပြည့်နှက်နေသော်လည်း စုယန်ယန်ရဲ့ စကားကို ကြားသောအခါ မကျေမနပ် ‌နှာခေါင်းရှုံ့မိရင်း သူမကို လွှတ်ပေးရမည့်အစား ရင်ခွင်ထဲ ဆွဲသွင်း၍ တင်းကြပ်စွာ ပွေ့ဖက်လိုက်ပါသည်။

+++++

All Chapters