← Chapters

အခန်း ၁၀၁၂

Vol. 68 Ch. 1012

အခန်း ၁၀၁၂

Vol. 68 Ch. 1012

1012 01

အခန်း ( ၁၀၁၂ ) နောက်ထပ် ရက်နည်းနည်းလောက် ပိုနေပေးပါ။

“ အမေက မင်း အစိုးရိမ်လွန်နေမှာကို စိတ်ပူလို့ ကိုယ့်ကို တစ်ဆင့် ပြောခိုင်းလိုက်တာ ဖြစ်မှာပါ။ အနည်းဆုံးတော့ မင်းဘေးမှာ ကိုယ် ရှိရင် မင်းကို အရမ်း စိတ်လိုက်မာန်ပါ မလုပ်မိအောင် ထိန်းပေးထားလို့ ရတယ်လေ။ ”

စုယန်ယန်က နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်လိုက်သည်။ သူမ သိပ်မယုံကြည်သော်လည်း ဒီခေါင်းစဉ်အောက်မှာပဲ အချိန်ကုန်မနေပါ။ “ ဒါဆို ကျွန်မအမေနဲ့ တခြားလးတွေက အခု … ”

“ သူတို့ လေယာဉ်လက်မှတ်တွေ ဘိုကင်ထားပြီးပြီမို့လို့ မနက်ဖြန်ဆို အဘိုးနဲ့ တခြားလူတွေဆီကို သွားလည်တော့မှာ။ ”

“ ကျွန်မလည်း သွားချင်တယ်။ ”

ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ တုံ့ပြန်မှုကို ကြိုတင်မျှော်လင့်ထားပုံဖြင့် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ “ ကိုယ်တို့လည်း ကြယ်လေးကို ခေါ်ပြီး အဘိုးတို့ဆီ သွားလည်မှာပါ။ ”

“ ကောင်းတယ်။ ”

ဟောက်ချန်ဟွမ်းက ချန်မိသားစုရဲ့ အခြေအနေဟာ စိုးရိမ်စရာမရှိကြောင်း ၊ ချန်ကျွင်းဟောက်နှင့် အဘိုးဟောက်တို့ ဘာမှ မထိခိုက်ကြောင်း ထပ်တလဲလဲ ပြောနေသော်လည်း စုယန်ယန်ကတော့ အနည်းငယ် စိတ်မသက်မသာ ခံစားနေရဆဲ ဖြစ်သည်။

နောက်တစ်နေ့မနက်ရောက်တော့ နေထွက်ရုံပဲရှိသေး သူမသည် အိပ်ရာထကာ ချန်မိသားစုအတွက် ယူသွားရမည့် ပစ္စည်းတွေအများကြီးကို ပြင်ဆင်ခဲ့သည်။

ဟောက်ချန်ဟွမ်းကတော့ အစောကြီး အိပ်ရာနှိုးခံလိုက်ရ၍ အိပ်မှုန်စုံမွှားဖြစ်ကာ အနည်းငယ်လည်း ဒေါသထွက်မိသည်။ တစ်ယောက်တည်း အလုပ်တွေရှုပ်ကာ ယောက်ယက်ခတ်သော စုယန်ယန်ကို စိတ်ညစ်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“ ကိုယ်တို့ အဲ့ဒီမှာ ရက်ပိုင်းလောက်ပဲ နေမှာလေ။ ပစ္စည်းတွေအများကြီး ယူစရာလိုလို့လား။ ”

“ မကြာခဏ သွားဖြစ်နေတဲ့ ခရီးမှ မဟုတ်တာ။ ကျွန်မ အဲ့ဒီကို ရောက်တုန်းရောက်ခိုက် ရက်နည်းနည်းလောက် ထပ်နေဖို့အတွက် ပစ္စည်းတွေ ပိုယူသွားရမယ်။ ဟောဒီ့မှာကြည့် … ဒါတွေက အဘိုးအတွက် ၊ ဒါတွေကတော့ ဦးလေးနဲ့ ဒေါ်လေးအတွက် ၊ ဒါကတော့ ကျွန်မရဲ့ မောင်ဝမ်းကွဲလေးအတွက်။ ”

စုယန်ယန်က သူမရဲ့ ခရီးဆောင်အိတ်ကြီးတွေကို တစ်အိတ်ပြီး တစ်အိတ် ရေတွက်နေချိန်မှာ ဟောက်ချန်ဟွမ်းကတော့ သူမရဲ့ စကားထဲက ပုံမှန်မဟုတ်တဲ့ စကားကိုပဲ အာရုံရောက်သွားသည်။

“ မင်း အဲ့ဒီမှာ … ရက်နည်းနည်းလောက် ထပ်နေဖို့ စီစဉ်နေတာလား။ ”

“ ကျွန်မတို့ ခရီးရှည်ကြီး မထွက်ဖြစ်တာ ကြာပြီမဟုတ်ဘူးလား။ အဘိုးနဲ့ ကျွန်မရဲ့ ဒေါ်လေးနဲ့ မတွေ့ရတာလည်း ကြာလှပြီ ၊ သူတို့လည်း ကျွန်မကို သတိရနေတယ်တဲ့။ ပြီးတော့ အမေနဲ့ တခြားလူတွေလည်း သွားမှာ ဆိုတော့ ရှားရှားပါးပါး မိသားစုတွေ လူစုံတက်စုံရှိနေမှာ။ အဲ့ဒါကြောင့် ကျွန်မတို့ အဲ့ဒီမှာ ရက်နည်းနည်းလောက် ထပ်နေသင့်တယ်လို့ ထင်တယ်။ ပျော်စရာကောင်းမှာပါ … ကြယ်လေးကိုလည်း ဆန်ပြုတ်လေးနဲ့ ရက်ပိုင်းလောက် လွှတ်ထားပြီး သူတို့ချင်း ခင်မင်ရင်းနှီးအောင် လုပ်ပေးလို့ ရတယ်။ ”

......

ဟောက်ချန်ဟွမ်းက ထိုစကားကို ကြားတော့မှ စိတ်သက်သာရာရသွားသော သက်ပြင်းလေးချလိုက်သည်။ သူတို့က အဲ့ဒီမှာ ခဏလောက် အတူတူ နေရမှာမို့ တော်ပါသေးရဲ့။ အစတုန်းက သူ့ဇနီးနှင့် သားက အဲ့ဒီကို ရောက်သည်နှင့် ရက်ရှည်လများ ပျော်ရွှင်မေ့မောနေပြီး သူတစ်ယောက်တည်း ဒီကို ပြန်လာရလိမ့်မည်ဟု ထင်နေတာ ဖြစ်သည်။

1012 02

အဲ့လိုဆို ဘယ်လောက်တောင် ဝမ်းနည်းစရာကောင်းလိုက်သလဲ … ။

သူတို့မိသားစုသည် အထုပ်အပိုးတွေကို သိမ်းဆည်းကာ ချန်ရှို့ချင်တို့မိသားစုနှင့် တွေ့ဖို့အတွက် လေဆိပ်ကို စိတ်လှုပ်ရှားစွာ ပြေးလာခဲ့ကြသည်။ ချန်ရှို့ချင်ကလည်း ထင်ထားတဲ့အတိုင်း ပစ္စည်းတွေအများကြီး ယူလာပြီး ဘာတစ်ခုမှ မသယ်ဘဲ အေးဆေးကြော့မော့စွာ ထိုင်နေခဲ့သည်။ စုယွီရွှမ်းရဲ့ အဖေနှင့် စုယွီရွှမ်းတို့မှာတော့ အထုပ်ဆွဲသမားလုပ်ရတာ မသက်သာလှပါ။

ပထမတုန်းက စုယန်ယန်က ကြယ်လေးဟာ လေယာဉ်ပေါ်ရှိ ကျဉ်းကြပ်သော နေရာထိုင်ခင်းနှင့် အသားမကျ၍ အော်ငိုမှာကို နည်းနည်းလေး စိုးရိမ်နေခဲ့သည်။ သို့သော် ကောင်ကလေးဟာ လေယာဉ်ပေါ်မှာ နို့သောက်ပြီးသည်နှင့် တစ်ချိုးတည်းအိပ်ပျော်သွားခဲ့လေသည်။ သူ အိပ်ပျော်နေရာက နိုးလာတော့ လေယာဉ်လည်း စိုက်ပြီဖို့ အချိန်ကွက်တိပဲ ဖြစ်သည်။

ချန်ကျွင်းဟောက်က သူတို့ လာမယ်ဆိုတာ သိတာကြောင့် လေဆိပ်မှာ ကားအကြီးကြီးတစ်စီးနှင့် ‌အစောကြီးကတည်းက လာစောင့်နေခဲ့သည်။ အဲ့ဒီလိုနှင့် နေခင်းရောက်တော့ ချန်မိသားစုအိမ်တော်ကို သူတို့ ရောက်သွားခဲ့ကြသည်။

ချင်ရွှယ်ရူက ကားစက်သံကို ကြားသည်နှင့် ဆန်ပြုတ်လေးကို ပွေ့ချီလျက်သား ပြေးထွက်လာကာ “ ယန်ယန်တို့တွေ ရောက်လာပြီ အဖေရေ။ ” ဟူ၍ အိမ်ထဲကိုတောင် လှည့်အော်ပြောလိုက်သေးသည်။

စုယန်ယန်သည် ကားပေါ်က ဆင်းသည်နှင့် သူတို့နှစ်ယောက်ကို တန်းမြင်ကာ အဘိုးချန်ဆီ လျင်မြန်စွာ အာရုံရောက်သွားခဲ့သည်။ ထို့ကြောင့် အမြန် လျှောက်သွားပြီး အဘိုးချန်ရဲ့ လက်ကလေးကို ဆုပ်ကိုင်၍ စိုးရိမ်တကြီး မေးလိုက်သည်။ “ အဘိုး နေကောင်းရဲ့လားဟင်။ မျက်နှာက ဘာလို့ ဒီလောက် ဖြူဖျော့နေတာလဲ။ အဘိုး ဒီနှစ်ရက်အတွင်း အိပ်မပျော်ဘူးလား။ ”

အဖိုးတန် မြေးမလေးရဲ့ စိုးရိမ်ပေးမှုကြောင့် အဘိုးချန်ရဲ့ မျက်နှာပေါ်မှာ အပြုံးပန်းတွေ ပွင့်လန်းလာကာ သူမရဲ့ လက်ကို ပုတ်လိုက်သည်။ “ အဘိုး အဆင်ပြေပါတယ်ကွယ် ၊ အားလုံး အဆင်ပြေပါတယ်။ အဘိုးက အသက်ကြီးပြီဆိုတော့ စိတ်ထဲလည်း ဘာမှ သိပ်မခံစားရတော့ပါဘူး။ ဒါနဲ့ အဘိုးရဲ့ မြစ်လေးရော ဘယ်မလဲ။ နင်ပဲ သူ့ကို အဘိုးနဲ့ တွေ့ရအောင် ခေါ်လာခဲ့မယ်ဆို။ အဘိုး သူ့ကို တစ်နေကုန် မျှော်နေတာ။ ”

“ ဒီမှာပါ။ ” ဟောက်ချန်ဟွမ်းက ကြယ်လေးကို ပွေ့ချီပြီး အဘိုးချန်ဆီ လျှောက်သွားလိုက်သည်။

ကြယ်လေးနှင့် သူ့ဘိုးအေကြီး နောက်ဆုံးတွေ့ခဲ့တာ ကြယ်လေးရဲ့ တစ်လပြည့်မွေးနေ့တုန်းကမို့ လအနည်းငယ် ကြာခဲ့ပါပြီ။ ကောင်ကလေးဟာ ဘိုးအေကြီးကို မှတ်မိဦးပါ့မလား မသေချာပါ။

ကြယ်လေးက မွေးကင်းစအရွယ်ကတည်းက လူစိမ်းတွေကို မကြောက်တတ်လို့ တော်သေးသည်။ အမေဖြစ်သူရဲ့ အရေးပေးမှုကို ရဖို့ ယှဉ်ပြိုင်ချိန်မှာ အဖေဖြစ်သူအပေါ် အနည်းငယ် ရန်လိုတာကလွဲလို့ သူ့ဘေးမှာ သူ့အမေ ရှိနေလျှင် လူတိုင်းနှင့် အလွယ်တကူ လိုက်လျောညီထွေရှိသည်။

+++++

All Chapters