← Chapters

အခန်း ၁၀၁၃

Vol. 68 Ch. 1013

အခန်း ၁၀၁၃

Vol. 68 Ch. 1013

1013 01

အခန်း ( ၁၀၁၃ ) စွပ်စွဲတိုင်ကြားချက်။

အဘိုးချန်က ကြယ်လေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်လျှင် ကြယ်လေးက ငိုလည်း မငို ၊ ဝူးဝူးဝါးဝါးလည်း မလုပ်ပါ။ ထိုအစား ဒီဆံဖြူအဘိုးကြီးက ဘယ်သူပါလိမ့်လို့ အံ့ဩတွေးတောနေသလိုမျိုး အဘိုးချန်ကို မျက်လုံးဝိုင်းကြီးများနှင့် ကြည့်နေခဲ့သည်။

အဘိုးချန်က ကြယ်လေးကို ကြည့်ရင်း နှလုံးသားထဲမှာ နူးညံ့သွားကာ ကလေးကို ချော့မြှူနေရင်းမှ ဟောက်ချန်ဟွမ်းကို လှမ်းစနောက်လိုက်သည်။ “ မင်းက ကလေးကို ချီတဲ့နေရာမှာ ဘယ်တော့မှ လက်ရည်ကျမသွားဘူး ဟောက်လေး။ ကြည့်ရတာ မင်း အိမ်မှာလည်း ယန်ယန့်အစား မကြာခဏ ကလေးထိန်းပေးရတယ် ထင်တယ်။ ယန်ယန် … နင်ကတော့ အဘိုးအိမ်ရောက်တိုင်း ဒီလိုချည်းပဲ။ နင် အိမ်မှာ ကလေးကို သေချာ ဂရုမစိုက်တာ သိသာတယ်။ ”

“ အဘိုးက သမီးကို စွပ်စွဲနေတာပဲ။ သမီးက ကလေးကို ဂရုမစိုက်ချင်တာ မဟုတ်ပါဘူး ၊ သူက သမီးကို ခွင့်မပြုလို့ပါ။ ကြယ်လေးက သားယောက်ျားလေးမို့လို့ ယောက်ျားလေးနဲ့ မိန်းကလေး အရမ်း နီးနီးကပ်ကပ် နေတာ မသင့်တော်ဘူးလို့တောင် သူက ပြောခဲ့သေးတယ်။ မိန်းကလေးဆိုရင်တော့ သူ မတားပါဘူးပေါ့လေ။ ဒါပေမဲ့ တကယ်လို့ သမီး မိန်းကလေးမွေးထားရင်တောင် သူက သမီးကို တားဦးမှာပဲ။ လွန်ခဲ့တဲ့ နှစ်ရက်တုန်းက ကြယ်လေးက သမီးကို နမ်းတုန်းကတောင် သူက ကလေးကို သူနဲ့ လာမပြိုင်ဖို့ ပြောခဲ့တာ။ ကလေးခမျာ စိတ်ဆိုးပြီး ငိုပါငိုတယ်။ ကလေးကိုတောင် မနာလိုဖြစ်နေရအောင် သူ့အသက်က ဘယ်လောက်မို့လို့လဲ။ သမီးတော့ သူ့ကို လက်ရောခြေရော မြှောက်ထားရတယ်။ ”

မူလတုန်းက ပွဲကြည့်ချင်နေသူများသည် ခွေးစာတွေကို ဗိုက်ပေါက်ထွက်မတတ် စားလိုက်ရလေသည်။ “ … ” အေးပါ အေးပါ … နင်တို့နှစ်ယောက် အိမ်ထောင်ရေးအဆင်ပြေတာ သိပါတယ်။ ငါတို့ရှေ့မှာ ကြွားနေစရာ မလိုပါဘူး။

“ ကဲ … တစ်ခုခု ပြောစရာရှိလည်း အိမ်ထဲမှာ ဆက်ပြောတာပေါ့။ ဝင်ပေါက်မှာ ဒီတိုင်း ရပ်မနေကြနဲ့။ ”

ချန်ကျွင်းဟောက်က ထိုသို့ ပြောလိုက်တော့မှ လူတိုင်းက အိပ်မက်က လန့်နိုးလာကာ အိမ်ထဲကို လျှောက်ဝင်လာခဲ့ကြသည်။

ချန်ရှို့ချင်နှင့် စုယန်ယန်ကတော့ အိမ်အကူတချို့ကို သူတို့ ယူလာတဲ့ ခရီးဆောင်အိတ်တွေအား အစီအစဉ်တကျ နေရာချနိုင်အောင် ကူညီပေးပြီးမှ အိမ်ထဲကို ဝင်လာခဲ့သည်။ ဧည့်ခန်းထဲမှာ သူတို့ ထိုင်ပြီးသည်နှင့် အရေးကြီးသော အကြောင်းတွေကို စတင်မေးမြန်းတော့သည်။

“ ဘာတွေ ဖြစ်နေတာလဲ အဖေ။ အဖေတို့နဲ့ ပတ်သက်တဲ့ သတင်းတွေကို တွေ့တုန်းက သမီး နှလုံးခုန်ရပ်သွားတော့မလိုပဲ။ အဲ့လောက် အရေးကြီးတဲ့ ကိစ္စကို ဘာလို့ သမီးတို့ကို မပြောတာလဲ။ ”

ချန်မိသားစုရဲ့ ပြဿနာက လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ဖြစ်ပျက်ခဲ့တာဆိုပေမဲ့ ချန်မိသားစုက ဘယ်သူမှ မသိအောင် လျှို့ဝှက်ထားခဲ့သည်။ လွန်ခဲ့တဲ့ နှစ်ရက်အတွင်းမှာတော့ ကောလဟာလတွေ တဖြည်းဖြည်း ပျံ့နှံ့လာပြီး လူ‌ထုအမြင်က အုံကြွပြင်းထန်လာတာမို့ ထိုအဖြစ်အပျက်ကို ဆက်လက်ဖုံးဖိထားလို့ မရတော့ပေ။ အဲ့ဒီလိုနှင့် စုယန်ယန်တို့တွေ သိသွားခဲ့တာ ဖြစ်သည်။

“ သူတို့က ရုတ်တရက်ကြီး ရောက်ချလာတော့ အဖေတို့ နည်းနည်း အငိုက်မိသွားတယ်။ ဒါပေမဲ့ အဖေတို့ မကောင်းတာ ဘာတစ်ခုမှ လုပ်မထားလို့ သူတို့ ဘာမှ ရှာမတွေ့ခဲ့ပါဘူး။ ပြဿနာကြီးကြီးမားမားလည်း မတက်ခဲ့ဘူး။ အဲ့ဒါကြောင့် စိုးရိမ်ဖို့ မလိုပါဘူး။ ”

“ ဒီတစ်ခေါက်တော့ သူတို့ ပြဿနာရှာမသွားပေမဲ့ နောက်တစ်ခေါက်ဆိုရင်တော့ ပြောရခက်တယ်။ ”

စုယွီရွှမ်းရဲ့ စကားဆုံးသည်နှင့် ချန်ရှို့ချင်က သူမရဲ့ အကြီးဆုံးသားဖြစ်သူကို ဟန့်တားသော အကြည့်ဖြင့် ကြည့်လိုက်သည်။ “ ယွီရွှမ်း။ ”

“ အမေလည်း ဒီနှစ်ရက်အတွင်း အင်တာနက်ပေါ်မှာ သတင်းဆောင်းပါးတွေ အများကြီး ဖတ်ခဲ့ရတာပဲ မဟုတ်လား။ သတင်းဆောင်းပါးတွေအားလုံးနီးပါးက တစ်လေသံတည်း ပြောနေတာကို အမေ သတိမထားမိဘူးလား။ ပြီးတော့ ဒီကိစ္စထဲမှာ ဦးလေးတို့မိသားစု ဆွဲထည့်ခံရပြီး သိပ်မကြာဘူး … မားကတ်တင်းအကောင့်တွေအပါအဝင် အွန်လိုင်းသတင်းထောက်တွေနဲ့ မီဒီယာအဖွဲ့အစည်းတွေက အဘိုးနဲ့ ဦးလေးကို ထောင်ထဲ ရောက်နေသလို ပုံစံမျိုးနဲ့ တညီတညွှတ်တည်း ရေးနေကြတာ။ အဲ့ဒီသတင်းဆောင်းပါးတွေက မှန်လို့လား။ ”

......

“ ဒါက … ” ဧည့်ခန်းထဲမှာ ရှိနေသော လူကြီးများသည် အွန်လိုင်းပေါ်မှာ လူထုအမြင်ကို ဝါဒဖြန့် ပြောင်းလဲခြင်းအား လူငယ်တွေလောက် နားမလည်ပါ။ သူတို့က ပြောသင့်တဲ့ စကားကို မပြောနိုင်ဘဲ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ အသံတိတ်သွားခဲ့ကြသည်။

1013 02

သို့သော်လည်း စုယန်ယန်ကတော့ အစ်ကိုဖြစ်သူရဲ့ စကားကို ချက်ချင်း သဘောပေါက်သွားကာ မျက်လုံးတွေ အနည်းငယ် အေးစက်သွားသည်။ “ အစ်ကို ပြောချင်တဲ့ အဓိပ္ပာယ်က ဒီကိစ္စကို တစ်ယောက်ယောက်က နောက်ကွယ်ကနေ ကြိုးကိုင်ခြယ်လှယ်ပြီး လူထုကို အဘိုးနဲ့ ဦးလေးအပေါ် အဆိုးမြင်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ သတင်းမှားတွေ ဖြန့်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒီကိစ္စက အစပဲ ရှိလောက်သေးတယ်။ နောက်ကွယ်က လူကို မစုံစမ်းနိုင်ရင် အနာဂတ်မှာ မဆုံးနိုင်တဲ့ ပြဿနာတွေ ထပ်ရှိလာနိုင်တယ်။ အဘိုးနဲ့ ဦးလေး … အဘိုးတို့ကို စွပ်စွဲတိုင်ကြားခဲ့တဲ့ လူက ဘယ်သူလဲဆိုတာ စုံစမ်းပြီးပြီလား။ ”

စုယန်ယန်ရဲ့ မေးခွန်းကို နှစ်ယောက်လုံးက တည်ငြိမ်စွာ ခေါင်းခါယမ်း၍ တုံ့ပြန်သည်။

သူတို့ကို တိုင်ကြားခဲ့သူက အမည်မသိ လူတစ်ယောက်ပင်။ ထိုလူ ဘယ်သူလဲဆိုတာကို ရဲတွေ သိလျှင်တောင် တိုင်ကြားသူရဲ့ သတင်းအချက်အလက်တွေကို မပေါက်ကြားအောင် ကာကွယ်ပေးထားလေ့ရှိသည်။ မဟုတ်ရင် အဘိုးချန်လို လူအများအပေါ် လွှမ်းမိုးမှုကြီးတဲ့ ဂုဏ်သရေရှိပုဂ္ဂိုလ်တစ်ယောက်ကို ဘယ်သူက လက်လွတ်စပယ် တိုင်ကြားရဲမှာလဲ … ။

+++++

All Chapters