← Chapters

အခန်း ၁၀၁၄

Vol. 68 Ch. 1014

အခန်း ၁၀၁၄

Vol. 68 Ch. 1014

1014 01

အခန်း ( ၁၀၁၄ ) လုပ်ငန်းအချက်အလက်များကို ပေါက်ကြားစေခြင်း။

အဲ့ဒါက တိုင်ကြားသူတွေရဲ့ လုံခြံရေးကို ကာကွယ်ပေးခြင်း ဖြစ်သော်လည်း သူများကို မကောင်းကြံ၍ အမှုဆင်ကာ ကိုယ်ကျိုးအတွက် အမြတ်ထုတ်ဖို့ ကြိုးစားသူတွေကို မသိကျိုးကျွံပြုထားခြင်းလည်း ဖြစ်သည်။

“ တကယ်တော့ ငါ့ကုမ္ပဏီနဲ့ အဖေ့ရဲ့ သုတေသနဌာနကို တိုင်ကြားခံရတဲ့ ကိစ္စအပြင် တခြား အဖြစ်အပျက်တစ်ခုလည်း လွန်ခဲ့တဲ့ နှစ်ရက်တုန်းက ဖြစ်သွားခဲ့တယ်။ ”

“ ကျွင်းဟောက်။ ”

“ ဒီအခြေအ‌နေမှာ ဖုံးကွယ်ထားစရာ ဘာရှိလို့လဲ အဖေ။ ဒီမှာ အပြင်လူ သူစိမ်းလည်း မရှိဘူး။ ”

ချန်ရှို့ချင်သည် ထိုစကားကို ကြားသောအခါ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရပြီး မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။ “ အဖေ သမီးတို့ မသိအောင် နောက်ထပ် ဘာတွေ ထပ်ဖုံးကွယ်ထားသေးတာလဲ။ ”

“ တကယ်တော့ သိပ်မရှိပါဘူး။ သုတေသနဌာနမှာ ဟိုးအရင်တုန်းက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေပါ။ ”

ချန်ကျွင်းဟောက်က ဒေါသထွက်နေသည်။ “ အဲ့ဒါက ဘာမှ မပြောပလောက်သေးဘူး။ အဲ့ဒီ အရှက်မရှိတဲ့ လူက အဖေက သူ့ကို ပုံတူကူးချပါတယ် ဆိုပြီးတောင် ပြောခဲ့တာ။ ”

“ ပုံတူကူးချတယ် … ဟုတ်လား … ” စုယန်ယန်ရဲ့ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ “ အဘိုးက ဘာကို ပုံတူကူးချနိုင်မှာမို့လို့လဲ။ ”

သို့သော် သေချာ ပြန်တွေးကြည့်လိုက်သောအခါ အဘိုးက ခုနတုန်းက သုတေသနဌာနအကြောင်း ပြောသွားတာမို့ သူမရဲ့ မျက်နှာက ရုတ်တရက် မည်းမှောင်သွားရသည်။ “ အရင်တုန်းက အဘိုးနဲ့ အဘွားရဲ့ သုတေသနရလဒ်တွေကို ပြောတာလား။ ”

“ … ဟုတ်တယ်။ ” ဒီကိစ္စကို ဆက်ဖုံးကွယ်ထားဖို့ မရမှန်း သိသွားတဲ့ အဘိုးချန်က အမှန်အတိုင်း ပြောလိုက်တော့သည်။ “ တကယ်တော့ အဲ့အချိန်တုန်းက ငါ့မှာ ငါ့နောက်ကို လိုက်တဲ့ လက်ထောက်တစ်ယောက် ရှိခဲ့တယ်။ သူက နည်းနည်းလေး အရည်အချင်းရှိပေမဲ့ စိတ်ထားယုတ်မာတယ်။ နောက်ပိုင်းကျ ကိစ္စတစ်ခု ဖြစ်သွားပြီး ငါ သူ့ကို သုတေသနဌာကနေ အလုပ်ထုတ်ပစ်လိုက်တယ်။ ”

“ ဒါဆို သူက အဘိုးကို ရန်ငြိုးဖွဲ့နေတာပေါ့။ အခု အဘိုး ပြဿနာတက်နေတာကို မြင်တော့ သူကပါ ရှေ့ထွက်လာပြီး အဘိုးရဲ့ သုတေသနရလဒ်တွေက ပုံတူကူးချထားတာပါဆိုပြီး လိမ်ညာစွပ်စွဲနေတာလား။ ”

“ ‌ဟုတ်တယ်။ ”

စုယန်ယန်က ဟောက်ချန်ဟွမ်းကို ဖျတ်ခနဲ လှည့်ကြည့်လိုက်သည်။ တိုက်ဆိုင်မှုတွေ တော်တော်လေး များလွန်းနေပါပြီ။

……

သူတို့မိသားစုမှာ ပြဿနာတစ်ခုခုတက်တိုင်း လူတစ်ယောက်ဟာ အမှန်အမှား ရောထွေးနေသော ကောလဟာလတွေကို အပြေးအလွှား ဖြန့်လေ့ရှိသည်။ ထိုလူက ပြဿနာထဲမှာ ပါဝင်ပတ်သက်နေသူအပေါ် လူထုအမြင်ပျက်ပြားအောင် ၊ သူ ဘာလုပ်လုပ် အဆိုးမြင်အောင် အရင်ဆုံး ‌လုပ်လေ့ရှိသည်။

ကောလဟာလတွေ ၊ သတင်းတွေအားလုံးဟာ မမှန်ကန်ကြောင်း သူတို့ဘက်က ရှင်းပြလိုက်လျှင်တောင် ထိုသွားပုပ်လေလွင့်ပြောဆိုသူတွေက သူတို့ကို လျစ်လျူရှုပြီး ဆွံ့အနားမကြားချင်ယောင်ဆောင်၏။ ရာထူးကြီးပုဂ္ဂိုလ်တွေဟာ အခွင့်ထူးခံဝန်ထမ်းတွေကို ကာကွယ်ပေးပြီး သာမန်လူတွေကို အနိုင်ကျင့်နေသည်ဟု သူတို့စိတ်ထဲမှာ တစ်ဖက်သတ် တွေးထင်ကြသည်။

“ အရင်တုန်းက ဘယ်လို အဖြစ်အပျက်မျိုး ဖြစ်ခဲ့လို့ အဘိုးက သူ့ကို သုတေသနဌာနကနေ အလုပ်ထုတ်လိုက်တာလဲ။ ”

1014 02

စုယန်ယန်ကတော့ သူမရဲ့ အဘိုးအား ကိုယ်ရေးကိုယ်တာနှင့် အလုပ်ကိစ္စကို မခွဲခြားနိုင်တဲ့ လူမျိုးလို့ မထင်ပါ။ အဲ့ဒီလူက အဘိုးရဲ့ သည်းခံနိုင်စွမ်းကို ကုန်ခမ်းသွားစေတဲ့ထိ စည်းကျော်သော လုပ်ရပ်ကို လုပ်ခဲ့လို့ အဘိုးက သူ့ကို အလုပ်ထုတ်ပစ်လိုက်တာ ဖြစ်လိမ့်မည်။

အလုပ်ထဲက စီနီယာကိုယ်တိုင် မောင်းထုတ်လိုက်တဲ့ လက်ထောက်မျိုးကို ဘယ်သူကများ တခြား သိပ္ပံစမ်းသပ်ခန်းတွေမှာ အလုပ်ခန့်ရဲမှာလဲ … ။

“ သူ … ” ထိုအကြောင်းကို ပြောချိန်မှာ သခင်ကြီးချန်ရဲ့ မျက်နှာက အနည်းငယ် မည်းမှောင်သွားသည်။ “ သူက သုတေသနဌာနက သူ့ရာထူးကို အသုံးပြုပြီး ပစ္စည်းကိရိယာထောက်ပံ့မှုအတွက် တရားမဝင် ငွေကြေးတွေ ရယူခဲ့တယ်။ အဲ့အချိန်တုန်းက အဘိုးတို့ သုတေသနလုပ်ပြီး ခွဲခြမ်းစိပ်ဖြာနေတဲ့ အရာတွေလည်း သူ့ကြောင့် သတင်းပေါက်ကြားလုနီးပါး ဖြစ်သွားခဲ့တယ်။ ”

စုယန်ယန် ထိတ်လန့်သွားမိသည်။ အဲ့ဒါက လုပ်ငန်းဆိုင်ရာ လျှို့ဝှက်အချက်အလက်တွေကို ပေါက်ကြားစေတာလို့ သတ်မှတ်လို့ ရတယ်မဟုတ်လား … ။ ပြီးတော့ သူ့ကို ရဲလက်အပ်လိုက်လျှင် သုတေသနဌာနရဲ့ ထူးခြားသော လုပ်ငန်းသဘာဝအရ သူ့ပြစ်မှုဟာ ရိုးရိုးသာမန် လုပ်ငန်းလျှို့ဝှက်ချက်တွေကို ပေါက်ကြားစေတာထက်တောင် ပိုဆိုးလိမ့်မည်။

ဒါက ပညာရပ်နှင့် သက်ဆိုင်တဲ့ လျှို့ဝှက်ချက်ကို ပေါက်ကြားစေတာမို့ သူ့ကို တင်းတင်းကြပ်ကြပ် စစ်ဆေးလိုက်လို့ သုံး ၊ လေးနှစ်လောက် ထောင်ကျလျှင်တောင် ပြစ်ဒဏ်ပေါ့လျှော့သည်ဟု သတ်မှတ်လို့ ရသည်။ ဘယ်သူမှ မသိတဲ့ ပိုပြင်းထန်ဆိုးဝါးသော ရာဇဝတ်မှုကြီး တချို့မှာတောင် သူ ပါဝင်ပတ်သက်နေနိုင်ချေရှိသည်လေ။

“ အဲ့ဒီအမှုကို ရဲစခန်းမှာ ပြစ်မှုမှတ်တမ်းတင်ထားလား။ ပြစ်မှုမှတ်တမ်းတင်ထားတယ်ဆိုရင် သူက ဘယ်လိုလုပ်ပြီး ဒီလောက် အတင့်ရဲနေတာလဲ။ ”

“ သူ့လုပ်ရပ်တွေ ပေါ်သွားတော့ သူက နင့်အဘွားနဲ့ ငါ့ရှေ့မှာ ဒူးထောက်ပြီး သူ့အမှားကို ဝန်ခံခဲ့တယ်။ သူ့အမှားကို ပြန်သုံးသပ်ဆင်ခြင်နိုင်ဖို့အတွက် အခွင့်အရေးပေးပါတဲ့။ နင့်အဘွားက ကြင်နာတတ်တော့ သူ ခဏတာ လမ်းမှားလိုက်မိတာပါလို့ပဲ တွေးခဲ့တယ်။ သူက ဒီကိစ္စကြောင့် လူငယ်တစ်ယောက်ရဲ့ ဘဝပျက်စီးသွားမှာမျိုး မဖြစ်စေချင်ဘူး။ အဲ့ဒါကြောင့် သူ့ကို သုတေသနဌာနကနေပဲ အလုပ်ထုတ်ပစ်ခဲ့တာ။ ”

သို့သော်လည်း လက်တွေ့ကျသော အမှန်တရားက လူတချို့ဟာ ပင်ကိုဗီဇအရကိုက ယုတ်မာကောက်ကျစ်တာ ဖြစ်ကြောင်း သက်သေပြပေးခဲ့သည်။ သူတို့ကို အခွင့်အရေး ( ၁၀၀၁ ) ကြိမ် ပေးလျှင်တောင် သူတို့က ဘယ်တော့မှ နောင်တရမှာ မဟုတ်ပေ။

ခွင့်လွှတ်ပေးဖို့ ယာယီ အသနားခံခြင်းက အနာရတ်မှာ လက်တုံ့ပြန်နိုင်မယ့် အခွင့်အရေးကို ရှာဖို့အတွက်သာ ဖြစ်သည်။ အဓိပ္ပာယ်မရှိသော ကြင်နာမှုဟာ ကျေးဇူးကန်းသူတစ်ယောက်ရဲ့ နောက်ကျောဓားနှင့်ထိုးခြင်းကိုသာ အလဲအလှယ်အနေဖြင့် ရရှိနိုင်ပါသည်။

++++

All Chapters