← Chapters

အခန်း ၁၀၁၅

Vol. 68 Ch. 1015

အခန်း ၁၀၁၅

Vol. 68 Ch. 1015

1015 01

အခန်း ( ၁၀၁၅ ) သူလျှို။

ထိုစကားကို ကြားချိန်မှာ စုယန်ယန်ရဲ့ မျက်နှာက ပိုလို့တောင် မည်းမှောင်သွားသည်။ “ သူ တရားမဝင်ငွေကြေးတွေ ယူပြီး အပြင်လူတွေနဲ့ ပူးပေါင်းပြီး လျှို့ဝှက်ချက်တွေ ပေါက်ကြားအောင် လုပ်တာကို အဘိုးတို့ မိခဲ့တယ်နော်။ အဲ့ဒီတုန်းက သက်သေတွေ ဘာတွေရော ကျန်သေးလား။ ”

“ သက်သေတွေတော့ ရှိခဲ့ပါတယ် ၊ ဒါပေမဲ့ အရမ်း ကြာနေပြီဆိုတော့ အခုထိ ရှိပါ့ဦးမလား မသိဘူး။ ”

ထိုအဖြစ်အပျက် ဖြစ်ပွားခဲ့တုန်းက သခင်မကြီးချန် သက်ရှိထင်ရှားရှိနေရုံသာမက သူတို့နှစ်ယောက်လုံး သုတေသနဌာနမှာ အလုပ်,လုပ်နေသေးသည်။ ထိုအချိန်က လက်ရှိအချိန်နှင့် အနည်းဆုံး နှစ် ( ၂၀ ) ၊ ( ၃၀ ) လောက် ဝေးကွာသွားပြီမို့ သက်သေတွေ ရှိလျှင်တောင် ရှာဖွေရလွယ်မှာ မဟုတ်တော့ပါ။

“ ဒီကိစ္စကို ကိုယ့်တာဝန်ထားလိုက်ပါ။ ” ဟောက်ချန်ဟွမ်းက အရင်ဆုံး တာဝန်ယူလိုက်သည်။ “ ဒါပေမဲ့ အဘိုးက သုတေသနဌာနက လူတွေကို ကျွန်တော်နဲ့ ပူးပေါင်းကူညီခိုင်းဖို့တော့ လိုလိမ့်မယ်။ ”

အပွင့်လင်းဆုံး ပြောရလျှင် သုတေသနဌာနမှာ ဆောင်ရွက်ခဲ့တဲ့ သုတေသနတချို့ကို လူထုကြား ဖြန့်ဝေဖို့အတွက် မသင့်တော်ပါ။

ဟောက်ချန်ဟွမ်းသည် တစ်စုံတစ်ယောက်ကို အကူအညီတောင်းပြီး သုတေသနဌာနရဲ့ ဟိုးယခင် နှစ်ပေါင်းများစွာတုန်းက သက်ဆိုင်ရာ အချက်အလက် တချို့ကို ပြန်လည်စုဆောင်းနိုင်သော်လည်း သူ့ကို ဘယ်သူမှ မကူညီချင်လျှင် တခြားလူတွေက သက်သေတွေကို အလွယ်တကူ လုယူပြီး အခြေအနေတွေကို ပိုဆိုးဝါးသွားအောင် လုပ်ပစ်လိုက်လိမ့်မည်။

“ မခက်ပါဘူး။ ” အဘိုးချန်က ဟောက်ချန်ဟွမ်းတို့ဇနီးမောင်နှံကို လေးလေးနက်နက် ကြည့်လိုက်သည်။ သူ အငြိမ်းစားယူခဲ့တာ နှစ်ချီနေပြီ ဆိုပေမဲ့ လက်တွေ့ကျကျ ပြောရလျှင် လက်ရှိ သုတေသနဌာနက ရာထူးကြီးပုဂ္ဂိုလ်အများစုက သူ့ဂျူနီယာတွေ ဖြစ်သည်။

သို့သော်လည်း သုတေသနဌာနနှင့် မသက်ဆိုင်တော့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး စစ်မှန်တဲ့ အခွင့်အာဏာမရှိတော့တဲ့ စီနီယာတစ်ယောက်အဖို့ အပေါ်ယံ လေးလေးစားစား ဆက်ဆံခံရခြင်းကပင် ကံကောင်းလှပြီဟု ပြောရမည်။ စိတ်ထဲကတော့ တကယ် ပါချင်မှ ပါလိမ့်မည်။

သူ အခုအချိန်မှာ ထိုစကားကို ပြောနိုင်တဲ့ အကြောင်းအရင်းက သုတေသနဌနာကို စုယန်ယန် အရင်တုန်းက ပေးပို့ထားတဲ့ တရုတ်ဆေးပင်တစ်သုတ်နှင့် လက်ရှိမှာ စုယွီရွှမ်းနှင့် သုတေသနဌာနတို့ ပူးပေါင်းလုပ်ကိုင်နေတဲ့ ပရောဂျက် တစ်စိတ်တစ်ပိုင်းကြောင့်ပဲ ဖြစ်သည်။

နှစ်ဖက်လုံးမှာ အစကတည်းက အကျိုးအမြတ်အရ ပတ်သက်ဆက်ဆံမှုရှိနေတာမို့ သူ့နောက်ခံနှင့် ပေါင်းစပ်လိုက်လျှင် ထိုလူတွေ သူ့ကို မျက်နှာသာပေးလိမ့်မည်ဟု ယုံကြည်ချက်ရှိသည်။

စုယွီရွှမ်းကလည်း ထိုအရာကို ကောင်းစွာ သတိပြုမိကာ ပြောလိုက်ပါသည်။ “ ငါ ခဏနေရင် ဥက္ကဌကို ဖုန်းဆက်ပြီး အကူအညီတောင်းလိုက်မယ်။ အချိန်က ဘယ်နှရက်လောက် ကြာမှာလဲ။ ”

ဟောက်ချန်ဟွမ်းက ပြဿနာရဲ့ အတိမ်အနက်ကို အကြမ်းဖျင်း စဉ်းစားပြီးမှ တိကျသော အချိန်တစ်ခုကို ပြောလိုက်သည်။ “ နှစ်ရက်ပဲ။ ”

“ ဟုတ်ပြီ … ငါ သူ့ကို ခဏနေရင် ဖုန်းဆက်လိုက်မယ်။ ”

ဟောက်ချန်ဟွမ်းက ခေါင်းညိတ် သဘောတူပြီး တစ်ဖက်ကို ပြန်လှည့်ချိန်မှာ စိတ်ညစ်နေပုံပေါ်သော စုယန်ယန်ရဲ့ မျက်နှာကို မြင်လိုက်ရသောကြောင့် “ ဘာဖြစ်လို့လဲ။ မင်း စိတ်ပူနေတုန်းပဲလား။ ” ဟု ခပ်တိုးတိုး မေးလိုက်သည်။

“ အဲ့လူက အခု ဘာအလုပ် လုပ်နေတာလဲဆိုတာ စုံစမ်းကြည့်ပြီးပြီလား အဘိုး။ ”

“ ငါ စုံစမ်းပြီးသွားပြီ။ ” ဟု ချန်ကျွင်းဟောက်က ဖြတ်ပြောလိုက်သည်။ “ အဲ့လူက ကုမ္ပဏီလေးတစ်ခုရဲ့ သာမန် အမှုဆောင်ဝန်ထမ်းတစ်ယောက်ပဲ။ သားတစ်ယောက်‌ မွေးထားတယ် ၊ ဘဝမှာ သိပ်မအောင်မြင်ဘူးလို့ပဲ ဆိုပါတော့။ ”

“ ကုမ္ပဏီလေးတစ်ခုရဲ့ အမှုဆောင်ဝန်ထမ်းတဲ့လား။ ” စုယန်ယန်က မျက်မှောင်ကြုတ်လိုက်သည်။ “ ကုမ္ပဏီလေးတစ်ခုရဲ့ အမှုဆောင်ဝန်ထမ်းက ဘယ်လိုလုပ် ဒီလောက် ဆူပူအုံကြွအောင် လုပ်နိုင်ရတာလဲ။ သူက မီဒီယာအဖွဲ့အစည်းတွေကိုပါ သူ့ဘက်ပါအောင် စည်းရုံးသိမ်းသွင်းထားတာ။ ”

“ နင် ပြောချင်တဲ့ အဓိပ္ပာယ်က … ”

“ ဒီကိစ္စနောက်ကွယ်မှာ တခြား ကြိုးကိုင်သူတစ်ယောက် ရှိနေတာ သေချာတယ်။ ” စုယန်ယန်က အသက်ပြင်းပြင်းတစ်ချက်ရှူပြီး အေးစက်စွာ ပြောလိုက်သည်။ “ ဦးလေး ချန်ဖန့်လန်ရဲ့ မိသားစုကို စုံစမ်းစစ်ဆေးဖို့ရော ကြိုးစားကြည့်ပြီးပြီလား။ ”

စုယန်ယန်က ထိုသို့ ပြောလိုက်သောအခါ ချန်ကျွင်းဟောက်သာမက ကျန်လူကြီးတွေပါ အံ့သြသွားပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ “ နင် ဘာလို့ ရုတ်တရက်ကြီး သူ့မိသားစုအကြောင်း ပြောတာလဲ။ ”

1015 02

အရင်ဆုံး သတိဝင်လာသူက ချန်ကျွင်းဟောက်ပင်။ “ ဒီကိစ္စကို သူတို့နဲ့ ပတ်သက်နေတယ်လို့ နင် သံသယဝင်နေတာလား။ ”

“ အင်း။ ” ဒီကိစ္စနှင့် ပတ်သက်လို့ တစ်ခုခု ပုံမှန်မဟုတ်ဘူးလို့ စုယန်ယန် အမြဲတမ်း ခံစားခဲ့ရသည်။ ဒီဘဝမှာ ချန်ဖန့်လန်က ချန်ကျွင်းဟောက်ရဲ့ ကုမ္ပဏီမှာ အလုပ်မလုပ်တော့သော်လည်း ရုတ်တရက်ဆန်သော ထိုအဖြစ်အပျက်က ဒီအချိန်မှာ ဖြစ်ပေါ်လာကာ သူက မီဒီယာအဖွဲ့အစည်းတွေကို ကြိုတင်ဆက်သွယ်ထားခဲ့သည်။

ချန်ကျွင်းဟောက်ရဲ့ ကုမ္ပဏီထဲမှာ အတွင်းရေးပြဿနာတွေ တက်လိမ့်မယ်ဆိုတာ သူ ဟိုးအရင်ကတည်းက ကြိုခန့်မှန်းထားသလိုပါပဲ။

ကုမ္ပဏီရဲ့ အတွင်းသတင်းတွေကို ကုမ္ပဏီဝန်ထမ်းတွေကပဲ သိတာမို့ အလွယ်တကူ သတင်းပေါက်ကြားနိုင်စရာ အကြောင်းမရှိပါ။

ကုမ္ပဏီထဲမှာ သူလျှိုတစ်ယောက် ရှိနေသည်ဟု စုယန်ယန် ခံစားရသည်။ ဒီကိစ္စက ချန်ဖန့်လန်ရဲ့ လက်ချက် မဟုတ်လျှင်တောင် သူနှင့် တစ်နည်းနည်းနှင့်တော့ ပတ်သက်နေလိမ့်မည်။

++++

All Chapters