အခန်း ၁၀၁၆
Vol. 68 Ch. 1016
1016 01
အခန်း ( ၁၀၁၆ ) နှုတ်ဆက်ခြင်း။
ချန်ကျွင်းဟောက်သည် သူမရဲ့ စကားကြောင့် အလောတကြီး ကောက်ချက်မချဘဲ တွေးတွေးဆဆ ပြောလိုက်သည်။ “ နင် အရင်တုန်းကလည်း သူ့ကို တကယ် မလိုအပ်ဘဲနဲ့ ကုမ္ပဏီမှာ အလုပ်မခန့်ဖို့ ငါ့ကို သတိပေးဖူးတယ်နော်။ နင့်စိတ်ထဲမှာ သူ့ကို … ”
စုယန်ယန်က မျက်ခုံးပင့်ပြီး ဧည့်ခန်းထဲမှာ ရှိနေသူတိုင်းကို ကြည့်လိုက်သည်။ အခုက ချန်ဖန့်လန်တို့မိသားစုရဲ့ သရုပ်မှန်တွေကို သူမရဲ့ မိသားစုထဲက လူတိုင်းအား အသိပေးဖို့ အခွင့်အရေးပဲလို့ သူမ ခံစားရသည်။
“ တကယ်တော့ ချန်ဖန့်လန်ရဲ့ မိဘတွေ ဦးလေး ၊ ဒေါ်လေးနဲ့ ကျွန်မရဲ့ မိဘတွေအကြောင်း ပြောတာကို အမှတ်မထင် ကြားခဲ့တယ်။ ”
သခင်ကြီးချန်နှင့် ကျန်လူတွေက စုယန်ယန်ကို အမြဲတမ်း ချစ်ခဲ့တာမို့ သူမရဲ့ စကားတွေကို ဘယ်တော့မှ သံသယမဝင်ပါ။ ထိုစကားကို ကြားချိန်မှာ သူတို့ရဲ့ ပထမဆုံး တုံ့ပြန်မှုက ချန်ဖန့်လန်ရဲ့ မိဘနှစ်ပါးဟာ အလွန် ဆိုးဝါးသော စကားတစ်ခွန်းခွန်းကို ပြောလိုက်လို့ စုယန်ယန်က သူတို့ကို စိတ်ပျက်ရွံရှာကာ သတိထားနေတာပဲ ဖြစ်လိမ့်မည်ဟု အတွေးဝင်လာတာပဲ ဖြစ်သည်။
“ သူတို့က ငါတို့အကြောင်း ဘာပြောခဲ့လို့လဲ။ ”
စုယန်ယန်က စကားလုံးတွေကို အတတ်နိုင်ဆုံး ဂရုတစိုက် ရွေးချယ်လိုက်သည်။ “ ဦးလေးနဲ့ ဒေါ်လေးက အိမ်ထောင်သက် နှစ်ချီတဲ့ထိ ကလေးမရဘူးလို့ ပြောတယ်။ သူတို့က ဦးလေးတို့ ကလေးမရတာကို အားရဝမ်းသာနဲ့ လှောင်ပြောင်နေကြတာ။ ဦးလေးက မိသားစုပိုင်ဆိုင်မှုရဲ့ ဝေစုအများကြီးကို လက်ဝါးကြီးအုပ်ထားပေမဲ့ နောက်ဆုံးမှာတော့ အဲ့ဒီပိုင်ဆိုင်မှုတွေက ပြင်ပသူစိမ်းတွေရဲ့ လက်ထဲမှာပဲ အဆုံးသတ်သွားမှာတဲ့။ အဲ့ဒါက မိုးနတ်မင်းက ဦးလေးတို့ကို … ဒဏ်ခတ်တာပဲလို့တောင် ပြောခဲ့တယ်။ ”
လူတော်တော်များများက ငွေကြေးဆိုင်ရာ ဖိအားတွေ ၊ ရုပ်ပိုင်းဆိုင်ရာ အကြောင်းပြချက်တွေနှင့် တခြား အကြောင်းပြချက်တွေကြောင့် ကလေးမယူတာ ဖြစ်သော်လည်း “ ကလေးမရဘူး ” ဆိုတဲ့ စကားကတော့ အရူးအမူး ကလေးလိုချင်နေတဲ့ လူတချို့ရဲ့ စိတ်ကို အောင့်မျက်နာကျင်သွားစေပါသည်။
ချန်ကျွင်းဟောက်တို့ဇနီးမောင်နှံရဲ့ မျက်နှာက ရုတ်တရက် မည်းမှောင်သွားသည်။ ကံကောင်းစွာဖြင့် ချင်ရွှယ်ရူရဲ့ ရင်ခွင်ထဲက ကလေးလေးက အချိန်ကိုက်ပဲ သူ့ခြေထောက်တွေကို ကန်ကျောက်ခဲ့သည်။ ကြည့်ရတာ အမေဖြစ်သူရဲ့ ရင်ခွင်ထဲမှာ နည်းနည်းလေး အနေရခက်လာလို့ ရင်ခွင်ထဲက ထွက်ချင်နေပုံပေါ်သည်။
ချင်ရွှယ်ရူသည် အိပ်မက်ကနေ လန့်နိုးလာသလို ဖျတ်ခနဲ သတိပြန်ဝင်လာကာ ဆန်ပြုတ်လေးကို ကြမ်းပြင်ပေါ်သို့ အပြုံးယဲ့ယဲ့ဖြင့် ချပေးလိုက်လေသည်။
ဆန်ပြုတ်လေးက စုယန်ယန်တို့မိသားစုရဲ့ ကလေးထက် လပိုင်းလောက် အသက်ကြီးတာမို့ ကြမ်းပြင်ပေါ်မှာ လေးဘက်ထောက်ပြီး သူ့ဘာသာ လျှောက်သွားတတ်နေတာ ကြာပြီ ဖြစ်သည်။
ထို့ကြောင့် အိမ်ကြမ်းပြင်ကို နေ့တိုင်း အကြိမ်ပေါင်းများစွာ သန့်ရှင်းရေးလုပ်ထားကာ ဆန်ပြုတ်လေး နေရာတိုင်းကို ချောချောမွေ့မွေ့ လေးဘက်ထောက်သွားနိုင်ဖို့အတွက် နူးညံ့သော ကော်ဇောတစ်ချပ်ကိုလည်း ခင်းထားသည်။
ဆန်ပြုတ်လေးက လူကြီးတွေနားမှာ လေးဘက်ထောက်သွားနေရင်း ရုတ်တရက်ပဲ တစ်စုံတစ်ခုကို သတိပြုမိသွားပုံဖြင့် ခေါင်းလေးကို စောင်းငဲ့ကာ စုယန်ယန်နှင့် ကြယ်လေးဆီသို့ တွားသွားလာခဲ့လေသည်။
“ ယား ယား … ” ဆန်ပြုတ်လေးက စုယန်ယန်ရဲ့ ခြေရင်းသို့ တွားသွားလာကာ သူမရဲ့ ရင်ခွင်ထဲက ကလေးကို အပြစ်ကင်းစင်သော မျက်လုံးဝိုင်းကြီးများနှင့် မော့ကြည့်နေသည်။ ထို့နောက် စုယန်ယန်ရဲ့ ခြေသလုံးကို ဆုပ်ကိုင်၍ အချိန်မရွေး လဲကျသွားတော့မည့် ပုံစံမျိုးဖြင့် တုန်ယင်စွာ မတ်တပ်ရပ်ခဲ့သည်။
ချင်ရွှယ်ရူတစ်ယောက် ထိတ်လန့်သွားကာ ဆန်ပြုတ်လေးကို သွားပြီး ပွေ့ချီလိုက်ချင်သော်လည်း သူမရဲ့ ခင်ပွန်းက သူမကို တားဆီးခဲ့သည်။
“ ကလေး မတ်တပ်ရပ်နေပြီ။ ” ဟု ချန်ကျွင်းဟောက်က ချင်ရွှယ်ရူကို တိုးတိတ်စွာ ပြောလိုက်သည်။
ချင်ရွှယ်ရူသည် ကြောင်အမ်းအမ်းဖြစ်သွားကာ စုယန်ယန်ရဲ့ ခြေသလုံးကို ဆုပ်ကိုင်အားယူ၍ မတ်တပ်ရပ်နိုင်ရန် ကြိုးစားနေတဲ့ ကောင်ကလေးကို ကြည့်လိုက်မိသည်။ ဘာ့ကြောင့်မှန်းမသိဘဲ သူမရဲ့ မျက်လုံးထဲမှာ ရုတ်တရက် ချဉ်တူးသွားမိသည်။
ဖြစ်နိုင်တာကတော့ ဘယ်မိဘမဆို သူတို့သားသမီး တဖြည်းဖြည်း အရွယ်ရောက် ကြီးပြင်းလာတာကို သူတို့လက် ၊ သူတို့ခြေနှင့် သူတို့မျက်စိအောက်မှာ ကိုယ်တိုင် စောင့်ကြည့်ချင်လို့များလား … ။
ပက်လက်လှန်နိုင်တဲ့ အရွယ် ၊ တွားသွားနိုင်တဲ့ အရွယ်ကစလို့ လမ်းလျှောက်နိုင်တဲ့ အရွယ် ၊ ပြေးနိုင်တဲ့ အရွယ်ထိ အဆင့်တိုင်းမှာ သူတို့ကိုယ်တိုင် ပါဝင်ချင်သည်။ တစ်ဆင့်ချင်း တိုးတက်ကြီးပြင်းလာသော သူတို့ကလေးကို ကြည့်ရုံနှင့် ကျေနပ်ပီတိဖြစ်ရသည်။
1016 02
ထိုအချိန်မှာ ဆန်ပြုတ်လေးကတော့ စုယန်ယန်ရဲ့ ဘောင်းဘီစတွေကို တင်းကြပ်စွာ ဆုပ်ကိုင်၍ မတ်တပ်ရပ်ဖို့ ကြိုးစားနေခဲ့သည်။ သို့သော် သေချာ မတ်တပ်မရပ်နိုင်တာကြောင့် စုယန်ယန်ရဲ့ ပေါင်ပေါ်ကို ဘုတ်ခနဲ လဲကျသွား၏။ ဆန်ပြုတ်လေးသည် သူ့ကိုယ်သူ ဘာဖြစ်သွားတာလဲ ဆိုတာ မသိဘဲ ခဏလောက် ကြောင်အနေပြီးမှ တခစ်ခစ် ရယ်မောခဲ့သည်။
ဆန်ပြုတ်လေးက ပြုံးရယ်ချိန်မှာ သွားဖုံးတွေကိုသာ မြင်နိုင်တဲ့ ကြယ်လေးလို မဟုတ်ဘဲ တစ်နှစ်နီးပါး အရွယ်ရှိနေပြီမို့ သွားဖုံးနေရာအနှံ့မှာ ကောက်နှံပင်လေးတွေလို ထိုးထွက်နေတဲ့ ကလေးသွား သေးသေးလေးတွေ ရှိသည်။ သူ ပြုံးရယ်လိုက်သည့်အခါ ထိုသွားသေးသေးလေးတွေက လှစ်ခနဲ ပေါ်လာပြီး မြင်သူတကာရဲ့ နှလုံးသားကို နူးညံ့သွားစေသည်။
“ ယား ယား … ” ဆန်ပြုတ်လေးက ကြယ်လေးကို ပြုံးပြပြီး သူ့လက်သေးသေးလေးကို ကြယ်လေးဆီသို့ ကမ်းပေးနေ၏။ ထိုကဲ့သို့ လက်ကမ်းပေးနေရင်းလည်း သူ့တူလေးကို နှုတ်ဆက်သလိုမျိုး အသံပြုနေခဲ့ပါသည်။
+++++