အခန်း ၁၀၁၉
Vol. 68 Ch. 1019
1019 01
အခန်း ( ၁၀၁၉ ) စိတ်ရူးပေါက်သွားတာလား။
လူတိုင်းက ဟောက်ချန်ဟွမ်းဆီ အာရုံရောက်သွားခဲ့ကြသည်။
“ သူ ရှင့်ကို ဘာပို့ခဲ့တာလဲ။ ဘာလို့ ကျွန်မက အဲ့အကြောင်းကို မသိရတာလဲ။ ”
ဟောက်ချန်ဟွမ်းက စုယန်ယန်ကို ကြည့်လိုက်သည်။ “ အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေမို့လို့ပါ။ မင်း ဖတ်ကြည့်လည်း ဒေါသထွက်ရုံသာ ရှိလိမ့်မယ်။ ”
စုယန်ယန်က သံသယဝင်နေပုံပေါ်သည်။ “ အဲ့ဒီတော့ သူက ဘာပြောထားတာမို့လို့လဲ။ ”
“ မင်း ကိုယ့်အပေါ် … ဖောက်ပြန်နေတယ်ထင်တယ်တဲ့။ ”
“ ဟမ် … ”
လူတိုင်းသည် ထိုစကားကို ကြားချိန်မှာ သရဲတစ္ဆေတစ်ကောက်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားပြီး ဟောက်ချန်ဟွမ်းကို အထိတ်တလန့် စိုက်ကြည့်လိုက်မိကြသည်။
“ သူက ကျွန်မ ရှင့်အပေါ် ဖောက်ပြန်တယ်လို့ ထင်နေတယ်လို့ ရှင် ပြောလိုက်တာလား။ ”
ဟောက်ချန်ဟွမ်းသည် စုယန်ယန်ရဲ့ ထိတ်လန့်ကာ ဇဝေဇဝါဖြစ်နေသော အမူအရာကြောင့် ရယ်ချင်သွားလေသည်။ သူမရဲ့ နှာခေါင်းထိပ်လေးကို သူ့လက်ဖျားလေးဖြင့် လှမ်းကုတ်ပြီး ခပ်ယဲ့ယဲ့ ပြုံးပြလိုက်သည်။ “ သူက မင်း ကိုယ့်အပေါ် ဖောက်ပြန်နေတယ်လို့ သံသယရှိရုံတင် မဟုတ်ဘူး ၊ ကိုယ်တို့ကလေးက မင်း ကိုယ့်အပေါ် ဖောက်ပြန်ထားတဲ့ သက်သေပဲလို့တောင် စွပ်စွဲနေတာ။ ”
“ ဘာရယ် … ” စုယန်ယန်ထံမှ တအံ့တဩ အာမေဋိတ်သံ ထွက်ပေါ်လာသည်။ “ သူ့ဦးနှောက်က တစ်ခုခု ချို့ယွင်းနေတာလား။ ”
“ ကိုယ်လည်း အဲ့လိုပဲ ထင်တယ်။ ”
စုယွီရွှမ်းကတော့ နောက်ဆုံးမှ သတိဝင်လာသည်။ “ ဒါဆို သူက သူ့မှာ ယန်ယန် မင်းအပေါ် ဖောက်ပြန်ထားတဲ့ သက်သေတွေ ရှိတယ်လို့ ထင်လို့ ဖောက်ပြန်ခံရတဲ့ ခင်ပွန်းဖြစ်တဲ့ မင်းကို သတင်းပို့ခဲ့တာပေါ့။ သူက မင်းကို ယန်ယန့်ကို ပြဿနာရှာစေချင်နေတာလား။ ”
“ ဟုတ်တယ်။ ”
ချန်ရှို့ချင်ရဲ့ မျက်နှာကလည်း မသာမယာဖြစ်နေသော်လည်း သူမက ငြင်းဆန်နေဆဲ ဖြစ်ပါသည်။ “ သူက ဘာလို့ ချန်ဟွမ်းကို ရုတ်တရက်ကြီး အဲ့ဒီအီးမေးလ် ပို့လိုက်တာလဲ။ အပြင်က ကောလဟာလတွေကို သူ ကြားထားတာလား။ ”
စုယန်ယန်လည်း အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်နေသည်။ “ သူ ရှင့်ကို အဲ့ဒီအီးမေးလ်ကို ဘယ်အချိန်တုန်းက ပို့ခဲ့တာလဲ။ ”
“ ဆန်ပြုတ်လေးရဲ့ တစ်လပြည့်မွေးနေ့ပွဲပြီးတော့ သိပ်မကြာဘူး။ ”
“ ဆန်ပြုတ်လေးရဲ့ တစ်လပြည့်မွေးနေ့ … ” စုယန်ယန်ရဲ့ မျက်လုံးတွေက အနည်းငယ် အေးစက်သွားသည်။ “ ဆန်ပြုတ်လေးရဲ့ တစ်လပြည့်မွေးနေ့ပွဲတုန်းက ချန်ဟွမ်းနဲ့ ကျွန်မ ပွဲထဲမှာ ချန်ဖန့်လန်နဲ့ တွေ့ခဲ့တယ်။ ”
အဘိုးချန်နှင့် ကျန်လူတွေက စုယန်ယန်ရဲ့ စကားကို ကြားသောအခါ မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။ “ နင် သူနဲ့ တွေ့ခဲ့တာလား။ သူ နင့်ကို တစ်ခုခု လုပ်သေးလား။ ”
“ သူ ဘာလုပ်နိုင်မှာမို့လို့လဲ။ ကျွန်မတို့ကို လာနှုတ်ဆက်ပြီး စကားနည်းနည်းပါးပါး ပြောပြီးတာနဲ့ ပြန်သွားတာပဲ။ ဪ … ဟုတ်သားပဲ။ ” စုယန်ယန်က ပြောနေရင်းမှ ဟောက်ချန်ဟွမ်းကို အပြုံးလေးဖြင့် လှည့်ကြည့်လိုက်သည်။ “ သူ ပြန်သွားတော့ သူ့မျက်နှာက နည်းနည်းလေး ဖြူဖတ်ဖြူရော် ဖြစ်နေတယ်။ ကျွန်မတို့ ကျွေးတဲ့ ခွေးစာတွေ အများကြီး စားလိုက်ရလို့ ဗိုက်အင့်ပြီး အစာမကြေဖြစ်သွားတာလား မသိဘူး။ ”
“ ဖရူး … ” စိတ်တည်ငြိမ်စေဖို့အတွက် ရေတစ်ငုံ သောက်နေသော စုယွီရွှမ်းသည် ထိုစကားကို ကြားသောအခါ ရေသီးသွားပြီး သူ့ပါးစပ်ထဲကနေ ရေတွေ ဖရူးခနဲ ပြန်ထွက်သွားလေသည်။
1019 02
သခင်ကြီးချန်က တစ်စုံတစ်ခုကို တွေးမိသွားပုံဖြင့် စုယန်ယန်ကို လေးနက်စွာ စိုက်ကြည့်နေပြီးမှ တွေးတွေးဆဆ ပြောလိုက်သည်။ “ နင် သိနေတာလား ယန်ယန် … သူက နင့်ကို … ”
“ သူက သမီးကို ကြိုက်နေတာမလား။ ”
စုယန်ယန်ရဲ့ စကားကို အလန့်တကြား တုံ့ပြန်သူကတော့ စုယွီရွှမ်းပဲ ဖြစ်သည်။ “ ဘာ။ သူက နင့်ကို ကြိုက်နေတာလား … ဟုတ်လား။ ချန်ဖန့်လန်က နင့်ကို ကြိုက်နေတာလား။ သူက အရူးလား။ နင်တို့နှစ်ယောက်က မောင်နှမဝမ်းကွဲတွေလေ ၊ သူက ဘယ်လိုလုပ် နင့်ကို ကြိုက်နိုင်ရတာလဲ။ သူက နှာဘူးလား။ ”
“ အမည်ခံ မောင်နှဝမ်းကွဲပါ။ သွေးသားတော်စပ် ပတ်သက်မှုတော့ မရှိပါဘူး။ ”
“ သွေးသားတော်စပ်မှု မရှိဘူး ဆိုရင်တောင် အပြင်လူတွေရဲ့ မျက်လုံးထဲမှာ နင်တို့နှစ်ယောက်က ဆွေမျိုးအရင်းအချာတွေ ဖြစ်နေတုန်းပဲလေ။ ”
“ အစ်ကို ဘာလို့ အဲ့လောက် ရိုးအနေတာလဲ။ ညီမက သူနဲ့ ဘယ်တော့မှ တွဲမှာ မဟုတ်ဘူး။ သူ့အတွေးတွေကလည်း ညီမနဲ့ ဘာမှ မဆိုင်ဘူး။ သူ့ဘာသာ တွေးချင်ရာတွေး အနေသာကြီးပဲ။ ”
စုယွီရွှမ်းတစ်ယောက် သူ့ညီမစကားကြောင့် လည်ချောင်းနင်သွားသော်လည်း ခံပြင်းဒေါသထွက်နေဆဲ ဖြစ်သည်။
“ နင်နဲ့ ပတ်သက်ပြီး သူ့မှာ အဲ့လို အတွေးမျိုးတွေ ရှိနေတာ အရမ်း အန္တရာယ်များတယ် ၊ အရမ်း စိတ်ပျက်စရာကောင်းတယ်လို့ ငါ ခံစားရလို့ပါ။ ”
စုယွီရွှမ်းက စုယန်ယန်ထက် သုံး ၊ လေးနှစ်လောက် ပိုအသက်ကြီးတာမို့ တစ်ချိန်တုန်းက ချန်ဖန့်လန်တို့မိသားစုကြောင့် ဖြစ်ပျက်ခဲ့တဲ့ စိတ်ပျက်ရွှံရှာစရာ ကိစ္စတွေအကြောင်း စုယန်ယန်ထက် ပိုသိသည်။ ဒါ့ကြောင့်ပဲ သူ ထိုမိသားစုကို အကောင်းမမြင်တာ ဖြစ်သည်။
လူကြီးတွေကတော့ ‘ အဖြစ်ဆိုးတွေဟာ ကလေးတွေအပေါ် မထိခိုက်စေသင့်ဘူး ၊ လူကြီးတွေရဲ့ လုပ်ရပ်တွေက ကလေးတွေနဲ့ မသက်ဆိုင်ဘူး ၊ ကလေးတွေဖြစ်တဲ့ သူတို့ဟာလည်း အမှန်တရားကို မစူးစမ်းဘဲ သက်တူရွယ်တူ ကလေးတွေအပေါ် မျက်စိစုံမှိတ် မုန်းတီးလို့ မရဘူး ’ စသည်ဖြင့် ပြောကြသည်။
သို့သော်လည်း စုယွီရွှမ်းအတွက်တော့ ထိုစကားတွေကို လက်မခံနိုင်ပါ။ အခု ချန်ဖန့်လန်မှာ သူ့ညီမပေါ် ယုတ်မာသော ရည်ရွယ်ချက်တွေ ကိန်းအောင်းနေမှန်း သိလိုက်ရသောအခါ ထိုမိသားစုနှင့် ပတ်သက်တဲ့ သဘောထားက ဟိုးအောက်ဆုံးကို ထိုးကျသွားခဲ့လေသည်။
++++++