← Chapters

အခန်း ၁၀၂၀

Vol. 68 Ch. 1020

အခန်း ၁၀၂၀

Vol. 68 Ch. 1020

1020 01

အခန်း ( ၁၀၂၀ ) အဆိပ်ခတ်ခြင်း။

“ ဆန်ပြုတ်လေးရဲ့ မွေးနေ့ပွဲမှာ ယန်ယန်နဲ့ ဖန့်လန် တွေ့ပြီး သိပ်မကြာဘူး … ဖန့်လန်ရဲ့ အမေက ချန်ဟွမ်းကို အဲ့ဒီအီးမေးလ်ပို့လိုက်တာဆိုတော့ … ” ဟု ချင်ရွှယ်ရူက တီးတိုးပြောလိုက်သည်။ “ သူ နင်တို့နှစ်ယောက်ကြောင့် ဒေါသထွက်သွားပြီး အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ရည်ရွယ်ချက်ရှိရှိ လျှောက်ပြောခဲ့တာများလား ၊ အဲ့ဒါကြောင့် သူ့အမေကလည်း နင် … ”

“ အဲ့လို တစ်ထစ်ချကြီးတော့ မဟုတ်နိုင်ဘူး။ ” စုယွီရွှမ်းက မေးစေ့ပွတ်ရင်း ဟောက်ချန်ဟွမ်းကို ကြည့်လိုက်သည်။ “ အရင်တုန်းက ချန်ဟွမ်း … ”

စုယွီရွှမ်းက ခဏ စကားရပ်လိုက်သည်။ သူ့ညီမက ဟောက်ချန်ဟွမ်းအား မသန်စွမ်းဟု သူများတွေ ပြောတာကို သဘောမကျမှန်း သိတာမို့ တခြား စကားလုံးတစ်ခုကို ရွေးချယ်သုံးနှုန်းလိုက်သည်။

“ သူ့ခြေထောက်တွေက အရင်တုန်းက သိပ်ကျန်းမာရေးမကောင်းခဲ့ပေမဲ့ အခုတော့ ကောင်းသွားပြီလေ။ ယန်ယန် ပြောတဲ့ စကားတွေအရဆို အဲ့ဒီမိသားစု ၊ အထူးသဖြင့် ချန်ဖန့်လန်ရဲ့ အမေက သူများတွေ သူတို့ထက် ပိုပြည့်စုံတဲ့ ဘဝမှာ နေထိုင်နေတာကို မရှုစိမ့်နိုင်တာပဲ။ သူက အစကတည်းက ချန်ဟွမ်းရဲ့ ခြေထောက်အကြောင်း အတင်းအဖျင်းတွေ ပြောနေရာကနေ ချန်ဖန့်လန် ပြန်ပြောပြတဲ့ စကားတွေကို ကြားသွားတာ ဖြစ်လိမ့်မယ်။ ချန်ဟွမ်းရဲ့ ခြေထောက်တွေ ပြန်ကောင်းသွားပြီ ဆိုတဲ့ သတင်းကို ကြားတာနဲ့ သူ့စိတ်ထဲမှာ အဲ့သတင်းကို ချဲ့ကားတွေးခဲ့မှာပေါ့။ ”

ချန်ရှို့ချင်သည် ထိုမိသားစုဟာ တကယ့်ကို အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တွေကို လုပ်နေတာပဲဟု ခံစားလိုက်ရသည်။ “ သူတို့က အရူးတွေလား။ တကယ်လို့သာ ယန်ယန်က ချန်ဟွမ်းအပေါ် ဖောက်ပြန်နေတယ်ဆိုရင် ဆန်ပြုတ်လေးရဲ့ မွေးနေ့ပွဲကို လူသိရှင်ကြား နေရာမျိုးကို ချန်ဟွမ်းကို ခေါ်လာပြီး ကြွားမလား။ သူတို့က အဲ့ဒါလေးတောင် မတွေးတတ်ဘူးလား။ လူတိုင်းကို သူတို့လို အရှက်မရှိဘူးလို့ ထင်နေတာလား။ ”

“ ဘယ်သူ သိမှာလဲ။ အဲ့အရူးတွေရဲ့ တွေးခေါ်ပုံက ကျွန်တော်တို့ရဲ့ တွေးခေါ်ပုံနဲ့ မတူဘူး။ သူတို့မှာ ဦးနှောက်မရှိတဲ့ အတွေးအခေါ်တွေပဲ ရှိတယ်။ ”

စုယန်ယန်သည် အစ်ကိုကြီးရဲ့ စိစစ်လေ့လာချက်ကို နားထောင်ပြီးသောအခါ အဲ့ဒါက အလွန် ဖြစ်နိုင်ချေရှိသည်ဟု ခံစားလိုက်ရသည်။ ချန်ဖန့်လန်ရဲ့ အမေက သူများတွေ ကောင်းကောင်း နေထိုင်နေတာကို မရှုစိမ့်နိုင်တဲ့ ၊ သူများတွေရဲ့ ဘဝကို အဆိုးယုတ်ဆုံး အတွေးတွေနှင့်သာ တွေးခေါ်ဝေဖန်တတ်တဲဘ လူစားမျိုး မဟုတ်လား။

သူမတို့မိသားစုရဲ့ အတောမသတ်နိုင်သော လောဘတွေက သူမရဲ့ ဘဝကို တစ်နေ့တခြား ဆိုးဝါးလာစေခဲ့တာ ဖြစ်သော်လည်း သူမအမြင်မှာတော့ တခြားလူတွေက သူမအပေါ် ကျေးဇူးကြွေးတင်နေတာ ဖြစ်သည်။

သူမမှာ သူတစ်ပါးကို မနာလို၍ ပျက်စီးစေချင်တဲ့ တစ်ဖက်သတ် မုန်းတီးစိတ်ရှိရုံသာမက ထိုလူတွေဟာ အဆင်မပြေသော ဘဝမှာသာ နေထိုင်သင့်သည်ဟု အမြဲ တွေးနေခဲ့သည်။ သူတို့ရဲ့ ဘဝတွေ အဆင်မပြေသရွေ့ သူမ ပျော်သည်။

အဲ့ဒီလို လူစားမျိုးက ချန်ဖန့်လန်ဆီက စကားအနည်းငယ် ကြားရုံနှင့် သူမကို ခင်ပွန်းဖြစ်သူအပေါ် ဖောက်ပြန်နေသည်ဟု တွေးထင်သွားတာ ထူးတော့မထူးဆန်းပါ။

“ သူက အဲ့ဒီအီးမေးလ်တွေကို ရှင့်ဆီ ဘယ်လို အတွေးအခေါ်မျိုးနဲ့ ပို့လိုက်တာပါလိမ့်။ သူ့နာမည်အစစ်နဲ့ အီးမေးလ်ပို့ရတဲ့ထိ ဦးနှောက်မရှိတာလား။ ”

“ အဲ့လို မဟုတ်ဘူး။ ” ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးထဲမှာ အေးစက်သော အလင်းရောင်တွေ ယှက်သန်းသွားပြီး ခပ်တိုးတိုး ရယ်လိုက်သည်။ “ သူက အမည်ဝှက်နဲ့ အီးမေးလ်‌ပို့ခဲ့တာ။ ဒါပေမဲ့ သူ ကိုယ့်ကို ပို့တာတွေက အရမ်း များတော့ နောက်ကွယ်က လူကို ကိုယ် သိဖို့ လိုလာပြီလေ။ ”

“ ဒါဆို ရှင် တစ်ယောက်ယောက်ကို စုံစမ်းခိုင်းခဲ့တာလား။ နောက်ကွယ်က လူက သူဆိုတာကို ရှင် သိသွားတော့ … ”

1020 02

“ ကိုယ်တို့ နောက်ကွယ်ကလူကို သိသွားပြီဆိုမှတော့ အဲ့ဒီလူ ဘယ်အနေချောင်တော့မလဲ။ ”

စုယန်ယန်ရဲ့ နှလုံးသားထဲမှာ တုန်လှုပ်သွားသော်လည်း အနည်းငယ် နားလည်သွားသည်။ “ ရှင် ဘာလုပ်လိုက်တာလဲ။ ”

“ သူက အတင်းပြောရတာ ကြိုက်တယ်မလား။ နောက်ဆို သူ အတင်းမပြောနိုင်တော့အောင် တစ်ယောက်ယောက်ကို လှည့်ကွက်လေးတွေ သုံးပြီး သူ့ကို အဆိပ်ခတ်ခိုင်းလိုက်တာ။ ”

ဟောက်ချန်ဟွမ်းရဲ့ စကားကြောင့် လူတိုင်း မျက်လုံးပြူးသွားပါသည်။ စုယန်ယန်ပင်လျှင် အနည်းငယ် အံ့အားသင့်ရသည်။ ဟောက်ချန်ဟွမ်းက ကြိုးကိုင်သူကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်မှန်း သိသော်လည်း အဲ့ဒီလောက် ရက်စက်လိမ့်မည်ဟု မထင်မိခဲ့ပါ။

“ ပြီးတော့ … ”

“ ထပ်ရှိသေးတာလား။ ”

“ သူက အတင်းပြောရုံတင် မဟုတ်ဘူး ၊ မင်းကိုလည်း အသရေဖျက်ခဲ့တာလေ။ သူ့ကို အဆိပ်ခတ်ပြီး အပြစ်ပေးတာက တော်တော်လေး ပြစ်ဒဏ်ပေါ့လျော့တယ်လို့ ပြောလို့ ရတယ်။ ”

ချန်ရှို့ချင်နှင့် တခြားလူတွေက ထိုစကားဟာ အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။ အခြေအနေနှင့် ကွက်တိကျသော စကားလုံးကို သုံးနှုန်းရလျှင် တချို့ လူတွေဟာ သူတစ်ပါး ကောင်းစားနေတာကို မနာလို မရှုစိမ့်ကြသည်။ သူတို့က လင်မယားကြား သပ်လျှိုသွင်းဖို့အတွက် လူတွေရဲ့ နောက်ကွယ်မှာ ရည်ရွယ်ချက်ရှိရှိ အတင်းအဖျင်းတွေ ပြောခဲ့သည်။

စုယန်ယန်ကို နာမည်ဖျက်ပြီး သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ပြိုကွဲအောင် လုပ်ဖို့ ကောလဟာလတွေ ဖြန့်ဝေခဲ့တာဟု သတ်မှတ်လို့ ရသော်လည်း ကံကောင်းထောက်မစွာဖြင့် ဟောက်ချန်ဟွမ်းဟာ ထိုနေ့တုန်းက စုယန်ယန်ဘက်မှာ ရပ်တည်ခဲ့သည်။

ဟောက်ချန်ဟွမ်းနေရာမှာ တခြားသူတွေသာ ဆိုလျှင်တော့ သူများပါးစပ်ထဲမှာ လုပ်ကြံဖန်တီးထားသော အတင်းအဖျင်း ၊ ကောလဟာလတွေကြောင့် လင်မယားနှစ်ယောက် ရန်ဖြစ်နေလောက်ပါပြီ။

ထိုသို့ တွေးမိသည်နှင့် သူတို့စိတ်ထဲမှာ ဟောက်ချန်ဟွမ်းကို ရက်စက်လွန်းသည်ဟု မခံစားရတော့ဘဲ ပိုလို့တောင် ရက်စက်ခဲ့သင့်သည်ဟု ခံစားလိုက်လေသည်။

သို့သော်လည်း စုယန်ယန်ကတော့ ‌ဟောက်ချန်ဟွမ်းက သူမကို အဆိပ်ခတ်တာထက် ပိုဆိုးဝါးသော တစ်စုံတစ်ခုကို လုပ်ခဲ့ပြီးပြီလို့ ခံစားနေရသည်။ “ ရှင် ဘာလုပ်ခဲ့တာလဲ။ ”

+++++

All Chapters