← Chapters

အခန်း ၁၀၂၁

Vol. 69 Ch. 1021

အခန်း ၁၀၂၁

Vol. 69 Ch. 1021

1021 01

အခန်း ( ၁၀၂၁ ) ကုမ္ပဏီထဲမှာ သူလျှိုရှိနေတာလား။

“ ဘာမှ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ ကိုယ်က သူ ဖော်တဲ့ ဆေးကို သူ့ကို ပြန်သောက်ခိုင်းလိုက်တာပါ။ ” ဟောက်ချန်ဟွမ်းက ပြုံးလိုက်သည်။ “ သူက တခြားလူတွေကို ပုတ်ခတ်စော်ကားပြီး လင်မယားတွေကြား ရန်တိုက်ပေးရတာ သဘောကျတယ် မဟုတ်လား။ သူက အရွယ်ရောက်နေတဲ့ သားတစ်ယောက်ရှိတဲ့ အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်ကိုတောင် သူ့နှလုံးသားက စိတ်ကစားတတ်သေးတယ်။ ”

“ ဒါဆို … ”

“ ကိုယ် သူ့ကို ကူညီပေးလိုက်တယ်။ ”

တကယ်တော့ ဟောက်ချန်ဟွမ်းက ထိုအမျိုးသမီးကို ဘာမှ မလုပ်ချင်ပါ။ သူ လုပ်ခဲ့တာဆိုလို့ လူတချို့ကို သူမထံ ချဉ်းကပ်ခိုင်းကာ ထိုလူတွေနှင့် သူမရဲ့ ဓာတ်ပုံတွေကို သူမယောက်ျားဆီ ပို့ခဲ့တာပဲ ရှိသည်။

ချန်ဖန့်လန်ရဲ့ အဖေက အရည်အချင်းမရှိတဲ့ လူညံ့တစ်ယောက် ဖြစ်သော်လည်း ဒေါသကြီးကာ ယောက်ျားမာနရှိတဲ့ လူတစ်ယောက်မို့ သူ့မိန်းမ သူ့အပေါ် ဖောက်ပြန်တာကို လက်ခံနိုင်မှာ မဟုတ်။

ထို့ကြောင့် လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက သူတို့မိသားစုတစ်စုလုံး ပြဿနာတွေတက်ပြီး ပြိုကွဲလုနီးပါး ဖြစ်သွားခဲ့သည်။ ထိုမိသားစုတွင် သူ့နောက်ကွယ်မှာ ထပ်မကောင်းကြံနိုင်တဲ့ ခွန်အားမျိုး ကျန်လိမ့်ဦးမည်ဟု သူ မထင်ပါ။

ထိုအကြောင်းကို တွေးမိသောအခါ ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးထဲမှာ အေးစက်သော အလင်းရောင်တွေ ဖြတ်သန်းသွားသည်။ ဒီတစ်ခေါက် ပြဿနာက သူတို့နှင့် မဆိုင်လျှင် ဒီတိုင်း လွှတ်ပေးထားနိုင်သော်လည်း သူတို့ရဲ့ လက်ချက်သာ ဆိုလျှင်တော့ ထိုမိသားစုကို အမှန်တကယ် ပြိုကွဲအောင် လုပ်ဖို့ ဝန်မလေး။

စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ အမူအရာကို ကြည့်ရုံနှင့် သူ့အတွေးတွေကို တန်းသိသည်။ အရင်ဘဝတုန်းက အရာအားလုံးကို ဆုံးရှုံးခဲ့ရကာ သူမကို အန္တရာယ်ပေးခဲ့သူများအား လက်တုံ့ပြန်ဖို့ အစွမ်းကုန် ကြိုးစားနေတဲ့ ဟောက်ချန်ဟွမ်းရဲ့ ပုံရိပ်ကို သူမ ခပ်ရေးရေး မြင်နိုင်သည်။

သူမသည် ဟောက်ချန်ဟွမ်းရဲ့ လက်ကို ဆုပ်ကိုင်ကာ နူးညံ့စွာ ပြုံးလိုက်၏။ “ ရှင် ကျွန်မအတွက် ဒါတွေအားလုံး လုပ်ပေးခဲ့တာကို ကျေနပ်ပေမဲ့ နောက်တစ်ခေါက်ဆိုရင်တော့ ကျွန်မကို စောစောစီးစီး ပြောပြစေချင်တယ်။ ”

ဟောက်ချန်ဟွမ်းက သူ့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ကြောင့် စုယန်ယန် ဒေါသမထွက်တာကို မြင်သောအခါ သူ့မျက်လုံးထဲမှာ နွေးထွေးသော အပြုံးတစ်ပွင့် ဖြစ်ပေါ်လာပြီး “ အင်းပါ … ကိုယ် နားလည်ပါပြီ။ ” ဟု ခပ်တိုးတိုး ပြောလိုက်သည်။

လူငယ်စုံတွဲလေးဟာ ဆွေးနွေးမှုအဆုံးသတ်ကို ရောက်သွားတာမို့ တခြား ပြောစရာမရှိတော့ပေ။

“ ယန်ယန့်ရဲ့ ပြောစကားအရဆိုရင် ဒီတစ်ခေါက် ပြဿနာကလည်း အဲ့ဒီမိသားစုရဲ့ လက်ချက် ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျွင်းဟောက်က ယန်ယန့်စကားကို နားထောင်ပြီး ချန်ဖန့်လန်ကို ကုမ္ပဏီမှာ အလုပ်ခန့်မထားပါဘူး။ အဲ့ဒါနဲ့တောင် သူက ဘယ်လိုလုပ်ပြီး … ”

“ လူတစ်ယောက်က ယုတ်မာချင်ရင် ယုတ်မာနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိတယ်။ သူက ဦးလေးရဲ့ ကုမ္ပဏီမှာ အလုပ်,မလုပ်ပေမဲ့ ကုမ္ပဏီက ဝန်ထမ်းတွေနဲ့တော့ ဆက်သွယ်လို့ ရတယ်လေ … ”

......

“ ကုမ္ပဏီက ဝန်ထမ်းတွေထဲမှာ သူလျှိုရှိတယ်လို့ နင် သံသယဝင်နေတာလား။ ”

စုယွီရွှမ်းက ထိုစကားကို ကြားသည်နှင့် ချက်ချင်း ဖြတ်ပြောလိုက်သည်။ “ လက်ရှိ အခြေအနေတွေကို ကြည့်ရသလောက် ကုမ္ပဏီထဲမှာ သူလျှိုရှိနေနိုင်ချေ တော်တော် များတယ်လို့ ကျွန်တော် ထင်တယ်။ ဒီကိစ္စက ချန်ဖန့်လန်နှင့် ပတ်သက်သလား ၊ မပတ်သက်ဘူးလား ဆိုတာကတော့ ခိုင်မာတဲ့ သက်သေမရှိလို့ ပြောရခက်တယ်။ ဒါပေမဲ့ သူတို့မိသားစုက ကျွန်တော်တို့ကို အမြဲတမ်း မနာလိုခဲ့တာ ၊ ကျွန်တော်တို့ရဲ့ သားစဉ်မြေးဆက်တွေကို မျိုးဆက်ပြတ်ပြီး မိသားစုပိုင်ဆိုင်မှုတွေကို သူတို့ဆီ လွှဲပေးစေချင်တာ။ ဒီကိစ္စက သူတို့နဲ့ မပတ်သက်ရင်တောင် နောက်ကွယ်မှာ သူတို့ တစ်ခုခုတော့ လုပ်ထားမှာပဲ။ စုံစမ်းရလွယ်မှာပါ။ ”

“ ဟုတ်တယ်။ ” စုယွီရွှမ်းရဲ့ စကားကို အားလုံးက ဝိုင်းဝန်းထောက်ခံခဲ့ကြသည်။

သူတို့သည် စုံစမ်းစစ်ဆေးရေးရဲ့ ဦးတည်ချက်ကို အတည်ပြုပြီးနောက် ဒီခေါင်းစဉ်ကို ဆက်မပြောတော့ပေ။ အဘိုးချန် စိတ်မကြည်လင်တာကို သိတဲ့ စုယန်ယန်က ကလေးကို ချန်ရှို့ချင်အား ပေးလိုက်ကာ သူမနှင့် ချင်ရွှယ်ရူတို့ အဘိုးချန်ကို ကလေးနှစ်ယောက်နှင့်အတူ အဖော်ပြုပေးရင်း ပျော်ရွှင်အောင် လုပ်ပေးခိုင်းလိုက်သည်။

သူမကတော့ မီးဖိုချောင်လေးထဲကို သွားကာ အားလုံးအတွက် အစားအသောက်‌တွေအများကြီး ပြင်ဆင်ခဲ့သည်။ ထိတ်လန့်တုန်လှုပ်နေတဲ့ လူကြီးတွေအား အရသာရှိတဲ့ ဟင်းလျာတွေကို အသုံးပြု၍ နှစ်သိမ့်ပေးရမည်လေ။

သူမ စတင် မချက်ပြုတ်ခင်မှာ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ဖွင့်ဖို့ မမေ့လျော့ခဲ့ပါ။

1021 02

စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲက ကြည့်ရှုသူတွေက သူမရဲ့ မကြာခဏ စပရိုက်တိုက်ခြင်းတွေနှင့် ကျင့်သားရနေပြီးသားပင်။ စုယန်ယန်က ကြိုတင် အသိပေးမထားလျှင်တောင် သူမ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ဖွင့်လိုက်တဲ့အခါတိုင်း ဦးစားပေး သတိပေးချက်တွေကို ဖွင့်ထားတဲ့ မရေမတွက်နိုင်သော ကြည့်ရှုသူတွေက အမြန်ဆုံးနှုန်းဖြင့် ပြေးလာကြလေ့ရှိသည်။

အခုတစ်ခေါက်လည်း ထူးမခြားနားပါပဲ။

[ ငါ အတန်းပြီးချိန်မှာပဲ တင်ဆက်သူက တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု စတင်နေတာကို သိလိုက်ရတယ်။ ငါ ‌အပျော်လုံးဆို့နေပြီ။ ]

[ ငါ တင်ဆက်သူရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲကို ကြည့်ရှုသူ ၁၀၀၀၀ မကျော်ခင် ရောက်လာတာ ဒါ ပထမဆုံးပဲ။ အမှတ်တရဖြစ်သွားအောင် စခရင်ရှော့ရိုက်ထားလိုက်ဦးမယ်။ ဟားဟား … ။ ]

[ အယ် … ဒီနောက်ခံ အပြင်အဆင်နဲ့ဆိုရင် တင်ဆက်သူ ဆွေမျိုးအိမ်ကို ထပ်ရောက်နေတာလား။ ]

+++++

All Chapters