အခန်း ၁၀၂၂
Vol. 69 Ch. 1022
1022 01
အခန်း ( ၁၀၂၂ ) အမာရွတ်ပျောက်လိမ်းဆေး။
စုယန်ယန်က ထိုကွန်းမန့်တွေကို မြင်သောအခါ ပြုံးမိသွားသည်။ “ ဟုတ်ပါတယ် … ကျွန်မတို့ နားရက် အနည်းငယ် ရထားလို့ ကလေးကို ခေါ်ပြီး လူကြီးတွေဆီ လာလည်တာပါ။ ”
သူမရဲ့ စကားကြောင့် ဖန်သားပြင်ပေါ်မှာ ကလေးကို လူလုံးပြပေးဖို့ တောင်းဆိုသော ကွန်းမန့်တွေ တက်လာခဲ့သည်။ စုယန်ယန်ကတော့ ထပ်ပြုံးလိုက်ပါသည်။ သူမမှာ ကလေးကို ဖန်သားပြင်ပေါ်မှာ ထုတ်ပြဖို့ ရည်ရွယ်ချက်မရှိပါ။
ကံကောင်းစွာဖြင့် မကြာခင်မှာပဲ နောက်ထပ် ကြည့်ရှူတွေ ထပ်ရောက်လာပြီး ထိုကွန်းမန့်တွေကို ကွန်းမန့်အသစ်တွေက ဖုံးအုပ်သွားခဲ့သည်။
အရင်တုန်းက တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲမှာ စုယန်ယန် ရောင်းချခဲ့တဲ့ ဆေးထုပ်တွေက အခုတလော အတော်လေး ရောင်းအားကောင်းသည်။ ရေပန်းစားမှုနောက်လိုက်ကာ ဆေးထုပ်တွေရဲ့ အသုံးပြုပုံကို သေချာ နားမလည်ဘဲ လျှောက်ဝယ်ပြီး ပြဿနာတက်ကုန်သူ တစ်ယောက် ၊ နှစ်ယောက်တော့ ရှိပါသည်။
စုယန်ယန်ကလည်း အဲ့ဒီလို ဖြစ်လိမ့်မယ်ဆိုတာ အစကတည်းက တွေးထားပြီးသား ဖြစ်သည်။ အရင်တုန်းက ရောင်းချခဲ့တဲ့ တရုတ်ရိုးရာဆေးပင်တွေလိုပဲ ဆေးထုပ်တွေပေါ်မှာလည်း သူ့ရဲ့ အဓိက အသုံးဝင်ပုံနှင့် ရှောင်ကြဉ်ရမည့် ကိစ္စရပ်များကို ထင်းထင်းရှင်းရှင်း ရေးသားထားသည်။
တစ်စုံတစ်ယောက်က ပြဿနာရှာဖို့ ကြိုးစားတိုင်း ဆေးစစ်ချက် အစီရင်ခံစာကို တောင်းလိုက်ဖို့သာ ရှိသည်။ ပြဿနာက ဆေးဝါးနှင့် ပတ်သက်နေလျှင်တော့ သူမတို့ဘက်က အပြည့်အဝ တာဝန်ယူကာ လျော်ကြေးပေးသည်။ မသောက်သုံးသင့်တဲ့ ဆေးမှန်း သိပါလျက်နှင့် သောက်သုံးခဲ့လျှင်တော့ သူတို့အမှားမို့ သူမတို့ဘက်က တာဝန်ယူပေးမှာ မဟုတ်ပါ။
လက်တွေ့ကျသော အမှန်တရားက စုယန်ယန်ဟာ အလွန် အမြော်အမြင်ရှိကြောင်း သက်သေပြပေးခဲ့သည်။ စားသောက်ဆိုင်မှာ ဆေးထုပ်တွေကို သူတို့သဘောနှင့်သူတို့ ဝယ်ယူသောက်သုံးပြီး ပြဿနာရှာခဲ့တဲ့ လူအနည်းငယ် ရှိသည်။ အဆုံးသတ်မှာတော့ အမှားလုပ်မိသူက သူတို့ပဲ ဖြစ်ပြီး သူတို့ရဲ့ ပိုက်ဆံနှင့် ပိုက်ဆံရှင်းခဲ့ရလေသည်။
ထိုအဖြစ်အပျက်က စားသောက်ဆိုင်ရဲ့ ဂုဏ်သတင်းကို မထိခိုက်စေရုံသာမက စားသောက်ဆိုင်နှင့် ဆေးထုပ်တွေအပေါ် လူတွေရဲ့ အာရုံစိုက်မှုကို ပိုတိုးလာစေခဲ့သည်။ ရောင်းအား ကျမသွားဘဲ ပိုလို့တောင် တက်လာခဲ့သည်။
ဆေးထုပ်တွေ နာမည်ကျော်ကြားလာတာ အချိန်တစ်ခု ကြာသွားချိန်မှာတော့ ထိုဆေးထုပ်တွေကို ဝယ်ယူချင်သူတွေက ဝယ်ယူပြီး အွန်လိုင်းပေါ်မှာ ရီဗျူးရေးချင်သူတွေကလည်း အသီးသီး ရေးသားညွှန်းဆိုပြီးခဲ့ကြပြီ ဖြစ်လေသည်။
ဒီနေ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲက ကြည့်ရှုသူတွေက ဆေးဖက်ဝင်ဟင်းလျာ စားသောက်ဆိုင်ထဲက စင်တွေပေါ်မှာ တင်ထားတဲ့ အမာရွတ်ပျောက်လိမ်းဆေးကို ပိုစိတ်ဝင်စားနေခဲ့ကြသည်။
[ တင်ဆက်သူ တင်ဆက်သူ တင်ဆက်သူ … မင်းရဲ့ စားသောက်ဆိုင်ထဲက စင်တွေပေါ်က အမာရွတ်ပျောက်လိမ်းဆေး ဆိုတဲ့ ဆေးဝါးအသစ်က အမာရွတ်တွေကို တကယ်ပဲ ဖယ်ရှားပေးနိုင်တာလား။ အဲ့လိမ်းဆေးကိုလည်း တင်ဆက်သူကိုယ်တိုင် တရုတ် တိုင်းရင်းဆေးပင်တွေနဲ့ ဖော်စပ်ထားတာလား။ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းက ငါ မတော်တဆ ချော်လဲရင်းနဲ့ မေးစေ့မှာ ဟက်တက်ကွဲဒဏ်ရာ အကြီးကြီး ဖြစ်သွားခဲ့တာ။ မျက်နှာပေါ်မှာ အမာရွတ်ရှိတာ ရုပ်ဆိုးလွန်းတယ်။ ]
[ တင်ဆက်သူ တင်ဆက်သူ … မင်းရဲ့ အမာရွတ်ပျောက်လိမ်းဆေးက မီးလောင်ဒဏ်ရာတွေကို ဖယ်ရှားပေးနိုင်လား။ ငါ့ညီမက ငယ်ငယ်တုန်းက ပေါင်နဲ့ ခြေသလုံးမှာ မတော်တဆ မီးလောင်ခဲ့တယ်။ အမာရွတ်အကြီးကြီးတစ်ခု ရသွားလို့ သူ ဒီအချိန်ထိ စကတ်တိုတိုလေးတွေ မဝတ်ရဲသေးဘူး။ ]
[ တင်ဆက်သူ တင်ဆက်သူ … ]
......
စုယန်ယန်က မေးခွန်းတွေနှင့် ပြည့်နှက်နေသော ဖန်သားပြင်ကို ကြည့်ကာ ခဏလောက် တွေးတောစဉ်းစားနေပြီးမှ တည်ငြိမ်စွာ အဖြေပေးလိုက်သည်။ “ စားသောက်ဆိုင်ထဲမှာ တင်ထားတဲ့ အမာရွတ်ပျောက်လိမ်းဆေးက ကျွန်မတို့စားသောက်ဆိုင်မှာပဲ ရောင်းချသွားမယ့် သီးသန့် ထုတ်ကုန်တစ်ခုပါ ၊ အဲ့ဒီလိမ်းဆေးက အမာရွတ်တွေကို အမှန်တကယ် ဖယ်ရှားပေးနိုင်ပါတယ်။ အမာရွတ်အကြီးကြီးတွေအတွက်ရော ၊ အမာရွတ်အသေးစားလေးတွေအတွက်ရော သင့်တော်ပါတယ်။ အမာရွတ် အသေးစားလေးတွေအတွက် ဆိုရင်တော့ ပိုမြန်မြန် အာနိသင်ပြမှာပေါ့လေ … ဒါပေမဲ့ တခြား ကုသမှုပုံစံတွေလည်း ရှိပါတယ်။ မီးလောင်ဒဏ်ရာလို အမာရွတ်အကြီးကြီးတွေကတော့ တခြား အမာရွတ်တွေနဲ့ ယှဉ်ရင် အာနိသင်ပြဖို့ အချိန်တစ်ခုယူရပါလိမ့်မယ်။
ဒါ့အပြင် ဖြစ်ထားတာ မကြာသေးတဲ့ အမာရွတ်အသစ်တွေအတွက်လည်း အာနိသင်ပြတာ မြန်ပါလိမ့်မယ် ၊ ဘာလို့ဆို အဲ့အချိန်မှာ အသားအရေက တုံ့ပြန်နိုင်စွမ်းအားကောင်းနေသေးလို့ပါ။ အမာရွတ်ကောင်းတွေ ဆိုရင်တော့ ပျောက်ကင်းဖို့ အချိန်ကြာပါလိမ့်မယ်။ အမာရွတ်နှစ်ခုက အရွယ်အစားတူတယ် ဆိုရင်တောင် သူများက လိမ်းဆေးတစ်ဘူးပဲ သုံးပြီး ကိုယ်က လိမ်းဆေးနှစ်ဘူး သုံးရတာမျိုး ရှိနိုင်ပါတယ်။ သူများက တစ်လပဲ သုံးပြီး ကိုယ်က နှစ်လလောက် သုံးရတာမျိုးလည်း ရှိနိုင်ပါတယ်။ အဲ့လို ကွာခြားမှုလေးတော့ ရှိမှာပါ။ ”
1022 02
သတိပေးချက်တွေကို ရရှိထားသော ကြည့်ရှုသူအားလုံး အလွန် စိတ်လှုပ်ရှားသွားကြသည်။ အမာရွတ်ပျောက်လိမ်းဆေးကို သူတို့ သံသယဝင်ရင်လည်း အံ့ဩစရာမဟုတ်ပါ။ စားသောက်ဆိုင်မှာ အရင်တုန်းက စုယန်ယန် ရောင်းချခဲ့တဲ့ ပစ္စည်းအများစုက အစားအသောက်နှင့် ပတ်သက်တာတွေ ဖြစ်သည်။
သူတို့က ဆေးထုပ်တွေကိုတောင် အိမ်ကို ဝယ်သွားပြီး တခြား ပါဝင်ပစ္စည်းတွေနှင့် နှပ်ချက်၍ စားသောက်ခဲ့ကြတာ ဖြစ်သည်။ ထိုအချိန်မှာ အမာရွယ်ပျောက်လိမ်းဆေး ဆိုတဲ့ ပစ္စည်းက ရုတ်တရက် ပေါ်ပေါက်လာတာမို့ လူများစွာက သူတို့ရဲ့ တင်ဆက်သူဟာ တခြား အင်တာနက်ဆယ်လီတွေလိုပဲ တခြားလူတွေရဲ့ ကုန်ပစ္စည်းတွေကို ရောင်းချပေးနေတာလား ဟူ၍ သံသယဝင်သွားခဲ့ကြသည်။
ထို့ပြင် အမာရွတ်ပျောက်စေသည့် အလှကုန်ပစ္စည်းတွေကို ရောင်းချသော စီးပွားပြိုင်ဖက်တွေနှင့် ဆန့်ကျင်မုန်းတီးသူတွေကလည်း လူတွေရဲ့ သံသယတွေကို ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ကာ ထိုလိမ်းဆေးရဲ့ အစွမ်းအာနိသင်ကို မေးခွန်းထုတ်ခဲ့တာကြောင့် လိမ်းဆေးဘူးတွေဟာ စင်ပေါ်မှာ နှစ်ရက်ကြာ သောင်တင်ပြီး ရောင်းအားလည်း သိပ်မကောင်းခဲ့ပေ။
အမာရွတ်ပျောက်လိမ်းဆေးက အရင်တုန်းက ဆေးထုပ်တွေလောက် နာမည်မကျော်ကြားပါ။
+++++