← Chapters

အခန်း ၁၀၂၃

Vol. 69 Ch. 1023

အခန်း ၁၀၂၃

Vol. 69 Ch. 1023

1023 01

အခန်း ( ၁၀၂၃ ) တိုက်ရိုက် ထုတ်လွှင့်တင်ဆက်၍ ရီဗျူးပေးခြင်း။

ရှောင်ခိုင်က အွန်လိုင်းပလက်ဖောင်းတစ်ခုမှာ အလှအအနှင့် မိတ်ကပ်နယ်ပယ်ကို တင်ဆက်တဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်သူလေးတစ်ယောက် ဖြစ်သည်။ သူမရဲ့ ID နာမည်က ခိုင်ခိုင်ကျစ် ဖြစ်ပြီး အားလပ်ချိန်တိုင်း မိတ်ကပ်ပြင်နည်း အမျိုးမျိုးကို အွန်လိုင်းပေါ်မှာ မျှဝေပေးလေ့ရှိသည်။

သူမရဲ့ သိမ်မွေ့နုနယ်သော အသွင်အပြင်နှင့် ဟန်ဆောင်မှုကင်းမဲ့ကာ ရိုးစင်းပွင့်လင်းသော စိတ်နေစိတ်ထားကြောင့် ( ၂ ) နှစ် ၊ ( ၃ ) နှစ်အတွင်းမှာပဲ ပရိသတ်များစွာကို ဆွဲဆောင်နိုင်ခဲ့ကာ အလှအပနှင့် မိတ်ကပ်နယ်ပယ်မှာ လူသိများတဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်သူတစ်ယောက် ဖြစ်လာ၏။

ထိုအချိန်မှာပဲ အစားအသောက်နယ်ပယ်ရဲ့ အဆင့်တစ် တင်ဆက်သူဟာ ဘယ်ကမှန်းမသိ ရုတ်တရက် ထွက်ပေါ်လာပြီး တဟုန်ထိုး နာမည်ကြီးလာခဲ့သည်။ ထိုတင်ဆက်သူဟာ ဝက်ဘ်ဆိုဒ်ပေါ်က ထောက်ခံချက်စာရင်းတိုင်းမှာ ထိပ်ဆုံးက နေရာယူထားတာကြောင့် တခြားနယ်ပယ်က တင်ဆက်သူတွေဟာ သူမကို အားကျ မနာလိုကာ မုန်းတီးခဲ့ကြသည်။

ရှောင်ခိုင်ကတော့ အဲ့ဒီလို မခံစားရပေ။ ပထမအချက်က သူတို့နှစ်ယောက်ဟာ နယ်ပယ်မတူညီသော တင်ဆက်သူတွေ ဖြစ်ပြီး တိုက်ရိုက် ပဋိပက္ခတွေ သိပ်မရှိပါ။ ဒုတိယအချက်ကတော့ သူမကိုယ်တိုင်က အစားအသောက်တွေကို နှစ်သက်သော လူတစ်ယောက် ဖြစ်နေလို့ပါ။

သို့သော်လည်း သူတို့နှစ်ယောက်လုံးက တင်ဆက်သူတွေ ဖြစ်ပြီး စုယန်ယန်ရဲ့ သူမထက် အဆပေါင်းများစွာ နာမည်ကြီးတာမို့ “ နာမည်ကြီး အင်တာနက်ဆယ်လီတစ်ယောက်ရဲ့ ထုတ်ကုန်အသစ် ( အမာရွတ်ပျောက်လိမ်းဆေး ) က ရောင်းလည်း မရောင်းရဘူး ” ဆိုတဲ့ ဝေဖန်မှုတွေက မထူးဆန်းစွာ ထွက်ပေါ်လာခဲ့သည်။

ထို့ကြောင့် ရှောင်ခိုင်သည် အမည်မသိ အကောင့်တစ်ခုဖွင့်ပြီး စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို တိတ်တိတ်လေး ချောင်းမြောင်းကြည့်ရှုကာ စုယန်ယန်အား အမာခံပရိသတ်တစ်ယောက်ကဲ့သို့ ပန်းတွေ နေ့တိုင်း ပို့ပေးနေခဲ့သည်။

ထိုရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေသည် စုယန်ယန်ရဲ့ ဆိုင်ထဲမှာ အမာရွတ်ပျောက်လိမ်းဆေးကို စတင်ရောင်းချချိန်မှာတော့ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ရှောင်ခိုင်သည် ဆေးဖက်ဝင်ဟင်းလျာစားသောက်ဆိုင်နှင့် တရားဝင် ဝက်ဘ်ဆိုဒ်ကနေ အမာရွတ်ပျောက်လိမ်းဆေး အနည်းငယ် ဝယ်ယူပြီးနောက် ပစ္စည်းပြတ်သွားမည်စိုး၍ နောင်ထပ် ဘူးအနည်းငယ်ကိုပါ ထပ်မံဝယ်ယူခဲ့ကာ ထိုလိမ်းဆေးဘူးတွေ ရောက်လာသည်နှင့် တိုက်ရိုက် ထုတ်လွှင့်တင်ဆက်၍ ဖွင့်ဖောက်စမ်းသပ်ပြမည်ဖြစ်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့လေသည်။

နောက်ဆုံးမှာတော့ ရှောင်ခိုင်သည် ထိုနေ့ နေ့လယ်မှာပဲ ကုန်ပစ္စည်းကို ရရှိလိုက်ကာ ကတိပေးထားတဲ့အတိုင်း တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို စတင်ခဲ့သည်။

“ ဒီနေ့ ကျွန်မက ဆေးဖက်ဝင်ဟင်းလျာစားသောက်ဆိုင်ကနေ အသစ် ကြေညာထားတဲ့ အမာရွတ်ပျောက်လိမ်းဆေးနဲ့ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်မ ဒီလိမ်းဆေးကို မနက်တုန်းကမှ တရားဝင် ဝက်ဘ်ဆိုဒ်ကနေ ဝယ်ထားတာဖြစ်ပြီး နေ့ခင်းတုန်းက ရောက်လာတာပေါ့နော်။ ကျွန်မ အားလုံးအတွက် ပစ္စည်းကို ဖွင့်ဖောင့်စမ်းသပ်ပြီး ရီဗျူးလေး လုပ်ပေးသွားပါ့မယ်။ ”

ရှောင်ခိုင်ရဲ့ စကားဆုံးသည်နှင့် ဖန်သားပြင်ပေါ်မှာ စည်းဝါးမကျသော ကွန်းမန့်တွေ တက်လာခဲ့သည်။

[ ဆေးဖက်ဝင်ဟင်းလျာစားသောက်ဆိုင်တဲ့လား။ အဲ့ဒါက အလှကုန်အမှတ်တံဆိပ်အသစ်လား။ ငါ အဲ့တံဆိပ်ကို တစ်ခါမှ မကြားဖူးဘူး။ တင်ဆက်သူက အရည်အသွေးမကောင်းတဲ့ ပစ္စည်းတွေကို ကျပန်း ကြေညာပြီး ပိုက်ဆံရှာဖို့ ကြိုးစားနေတာလား။ အဲ့ပစ္စည်းကြောင့် မင်းမျက်နှာ ပျက်စီးမှာကို မကြောက်ဘူးလား။ ]

1023 02

[ လှည့်ပတ်စုံစမ်းပြီးတဲ့နောက် ဆေးဖက်ဝင်ဟင်းလျာစားသောက်ဆိုင် ဆိုတဲ့ စားသောက်ဆိုင်ကိုပဲ ငါ သိလာခဲ့တယ်။ စားသောက်ဆိုင်က အမာရွတ်ပျောက်စေတဲ့ အလှကုန်ပစ္စည်းတွေ ရောင်း‌တယ်တဲ့လား။ ဒါက ဒီနှစ်ထဲမှာ ငါကြားခဲ့သမျှ ဟာသတွေထဲမှာ အရယ်ရဆုံးပဲ။ ]

[ ဒီတင်ဆက်သူကို အလှအပနဲ့ မိတ်ကပ်နယ်ပယ်ထဲက တခြား တင်ဆက်သူတွေနဲ့ မတူဘူးလို့ ငါ ထင်ထားခဲ့တာ … နာမည်ကြီးလာတာနဲ့ပဲ ပိုက်ဆံတွေကို ဖြုန်းတီးမပစ်ဘူးလို့လေ။ ဒါပေမဲ့ ငါက ငတုံးဖြစ်ခဲ့တဲ့ပုံပဲ။ အရင်တုန်းက အလှကုန်ပစ္စည်းတွေကိုတော့ မေ့လိုက်တော့။ အနည်းဆုံးတော့ အဲ့ဒါတွေက လူသိများတဲ့ အမှတ်တံဆိပ်ဟောင်းတွေပဲ။ ဒီတစ်ခေါက်ကတော့ ဆိုးဝါးလွန်းတယ်။ သူက အရည်အသွေးအာမခံချက်မရှိတဲ့ အမှတ်တံဆိပ်ကို တိုက်ရိုက် ထုတ်လွှင့်တင်ဆက်ပြီး ဒီလို မကောင်းတဲ့ ပစ္စည်းအတွက် ပရိသတ်တွေ အကုန်ခံအောင်လို့ လိမ်ညာလှည့်ဖြားနေတာ။ ဒီလုပ်ရပ်က မင်းအပေါ် စိတ်ရင်းနဲ့ ယုံကြည်ခဲ့တဲ့ ပရိသတ်တွေကို စော်ကားလိုက်တာပဲ မဟုတ်လား။ မင်းက ပိုက်ဆံရဖို့အတွက်ဆို မင်းမျက်နှာကိုတောင် ဂရုမစိုက်တော့ဘူးပဲ။ ငါ မင်းကို ဆက်အားမပေးတော့ဘူး။ ]

ထိုကွန်းမန့်တွေကို မြင်ချိန်မှာ ရှောင်ခိုင်ရဲ့ မျက်နှာက မည်းမှောင်သွားသော်လည်း သူတို့ကြောင့် နောက်မဆုတ်ခဲ့ပေ။ သူမကို ဆက်အားမပေးတော့ဘူးလို့ ခြိမ်းခြောက်နေတဲ့ နာမည်ခံ ကြည့်ရှုသူတွေက ဆန့်ကျင်မုန်းတီးသူတွေသာ ဖြစ်ဖို့ များသည်။

တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ပထမဆုံးအကြိမ် စလုပ်တုန်းကတော့ ပျော့ညံ့တဲ့ စိတ်နှလုံးရှိခဲ့တာမို့ သူမဟာ အလွန် မှားယွင်းသော လုပ်ရပ်ကို လုပ်ပြီး သူမကို အားပေးသူတွေအား စိတ်ပျက်အောင် လုပ်မိပြီဟု ခံစားခဲ့ရသည်။

......

နောက်ပိုင်းမှာ ဒီလိုမျိုး အများကြီး ကြုံတွေ့လာပြီးတော့မှ ဒီကမ္ဘာပေါ်မှာ လူတချို့ဟာ ကိုယ့်ကို မုန်းတီးဖို့ အကြောင်းပြချက် မယ်မယ်ရရ မလိုအပ်မှန်း နားလည်သွားခဲ့သည်။ သူတို့က ကိုယ့်ကို မုန်းချင်လို့ကို မုန်းနေတာ ဖြစ်၏။

ကိုယ်က ဘယ်လောက်ပဲ ကောင်းကောင်း လုပ်ခဲ့ပါစေ ၊ ဘယ်လောက်ပဲ ပင်ပင်ပန်းပန်း ကြိုးစားခဲ့ပါစေ သူတို့က အကြောင်းပြချက် ( ၁၀၀၁ ) ခုကို ရှာပြီး ကိုယ့်ရဲ့ ကြိုးစားမှုနှင့် ထူးချွန်မှုကို ငြင်းဆန်လိမ့်မည်။

အဲ့ဒီလို လူတွေကို အကောင်းဆုံး ဖြေရှင်းနည်းက သူတို့ကို လျစ်လျူရှုထားပြီး တစ်ချက်ကလေးတောင် လှည့်မကြည့်ဖို့ပါပဲ။

ရှောင်ခိုင်က အသက်ပြင်းပြင်းတစ်ချက်ရှူကာ အပြုံးယဲ့ယဲ့ဖြင် ပြန်ပြောလိုက်သည်။ “ ကျွန်မ ပစ္စည်းတစ်ခုကို တိုက်ရိုက် ထုတ်လွှင့်တင်ဆက်ပြီး ရီဗျူးပေးဖူးတာ အခုမှ ပထမဆုံးအကြိမ်ပါ။ အဲ့ဒါကြောင့် အဆင်မပြေမှုတွေ ရှိရင်လည်း ကျေးဇူးပြုပြီး သည်းခံပေးကြပါ။ ကဲ … ဒါဆို ဝေ့ပတ်မနေတော့ဘဲ ပစ္စည်းကို ဖွင့်ဖောက်ကြည့်လိုက်ရအောင်။ ”

ရှောင်ခိုင်က ပြောရင်း ပစ္စည်းပုံးကို ဖွင့်ဖောက်လိုက်သည်။ ပုံးထဲမှာ စုစုပေါင်း အမာရွတ်ပျောက်လိမ်းဆေး ( ၃ ) ဘူး ရှိပြီး တစ်ဘူးကို ( ၁၀ ) ဂရမ်ဝန်းကျင် လေးသည်။

++++++

All Chapters