← Chapters

အခန်း ၁၀၂၄

Vol. 69 Ch. 1024

အခန်း ၁၀၂၄

Vol. 69 Ch. 1024

1024 01

အခန်း ( ၁၀၂၄ ) အမာရွတ်ဟောင်းနှင့် အမာရွတ်အသစ်များ။

အပြင်ပန်းမှာ လှပရိုးရှင်းသော ဘူးတစ်ဘူး ဖြစ်ပြီး အထဲမှာ လက်ရာအနုစိပ် လှပသော ဖန်ပုလင်း တစ်ပုလင်း ရှိသည်။ ဒီဇိုင်းက ရိုးရိုးရှင်းရှင်းပဲဖြစ်ကာ ဖန်ပုလင်းပေါ်မှာ ‘ ဆေးဖက်ဝင်ဟင်းလျာစားသောက်ဆိုင် ’ ဆိုတဲ့ စကားလုံးတွေကို ထွင်းထုထားတာ တွေ့ရသည်။

လိမ်းဆေးက စိတ်လန်းဆန်းစေသော အစိမ်းဖျော့ဖျော့ အရောင်ရှိကာ အထိအတွေ့က အေးမြပြီး သက်သောင့်သက်သာရှိသည်။

ရှောင်ခိုင်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမာရွတ်နှစ်ခု ရှိသည်။ တစ်ခုက သူမရဲ့ မျက်နှာပေါ်မှာ ဖြစ်ပြီး သူမ ငယ်ရွယ်စဉ်တုန်းက ဝက်ခြံပေါက်တာကို ကုတ်ဖဲ့မိခဲ့သော ဝက်ခြံအမာရွတ် ဖြစ်သည်။ လေး ၊ ငါးခုလောက် ရှိသော ဝက်ခြံအမာရွတ်တွေက သူမရဲ့ မျက်နှာအစိတ်အပိုင်းအနှံ့မှာ ပြန့်ကျဲနေပေမဲ့ အရမ်းကြီးတော့ မသိသာပါ။

အစပိုင်းတုန်းကတော့ အဆင်ပြေသည်။ အစပိုင်းမှာ ဇဝေဇဝါဖြစ်စရာကောင်းစွာဖြင့် ကြည့်ရှုသူတွေက ထိုအချက်တွေကို ဂရုမစိုက်ခဲ့ပေ။ ဘယ်သူကမှ သူမရဲ့ မျက်နှာပေါ်က ဝက်ခြံအမာရွတ်တွေအကြောင်း မပြောဘဲ သူမရဲ့ မိတ်ကပ်ပြင်ပုံနှင့် သူမ အသုံးပြုပြသော မိတ်ကပ်ပစ္စည်းတွေကိုသာ အာရုံစိုက်ခဲ့ကြသည်။

သူမ တဖြည်းဖြည်း နာမည်ကြီးလာတဲ့အခါ သူမရဲ့ ကျော်ကြားမှု တိုးမြင့်လာသည်နှင့်အမျှ ပရိသတ်တွေလည်း ပိုများလာခဲ့သည်။

တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုအခန်းထဲကို လူမျိုးစုံ တဖွဲဖွဲ ဝင်ရောက်လာကာ ထိုလူတွေက တဖြည်းဖြည်းနှင့် သူမရဲ့ မျက်နှာပေါ်က ဝက်ခြံအမာရွတ်တွေအကြောင်း စတင် ပြောဆိုခဲ့ကြသည်။ ဆန့်ကျင်မုန်းတီးသူ တချို့ဆိုလျှင် သူမအား ‘ မျက်နှာကျောက်ပေါက်မာတွေနဲ့ တင်ဆက်သူ ’ ဟူ၍ပင် တမင်သက်သက် ခေါ်ဝေါ်ခဲ့ကြသည်။

နောက်ထပ် အမာရွတ်တစ်ခုကတော့ သူမရဲ့ လက်မောင်းပေါ်မှာ ဖြစ်သည်။ လွန်ခဲ့တဲ့ လပိုင်းတုန်းက ဆွေမျိုးတစ်ယောက်ရဲ့ ကလေးဆိုးလေးကြောင့် ထိခိုက်ပြတ်ရှသွားတဲ့ ဒဏ်ရာဖြစ်သည်။ ဒဏ်ရာက နက်လည်းနက် ၊ ရှည်လည်းရှည်သောကြောင့် သွေးတွေ အများကြီး ထွက်ခဲ့ပြီး ရှောင်ခိုင်ရဲ့ မိဘနှစ်ပါးဟာ စိုးရိမ်ထိတ်လန့်မှုကြောင့် နေရာမှာပင် မူးမေ့လဲသွားတော့မလို ဖြစ်သွားခဲ့သည်။

သူတို့က သူမကို ဆေးရုံအမြန်ပို့ပေးခဲ့သော်လည်း အံ့ဩစရာမကောင်းစွာပဲ သူမရဲ့ လက်မောင်းပေါ်မှာ အကျည်းတန်သော အမာရွတ်ကြီး ကျန်ခဲ့ပါသည်။

အဲ့ဒီနောက် ထိုဆွေမျိုးက သစ်သီးခြင်း တစ်ခြင်းနှင့်အတူ ဆေးရုံကို ရောက်လာသည်။ သူ ပြောသွားတဲ့ စကားတွေကတော့ သူ့သားရဲ့ အပြုအမူကို အပြစ်ပေါ့လျော့အောင် ဖာထေးပြောဆိုသော စကားတွေသာ ဖြစ်သည်။ သူ့ကလေးမှာ အကျင့်ဆိုးရှိသော်လည်း လူကြီးတွေအနေဖြင့် ကလေးနှင့် လိုက်ပြီး တွက်ချက်မနေသင့်ဘူးဟု ပြောသည်။

သို့သော် ရှောင်ခိုင်နှင့် ရှောင်ခိုင်ရဲ့ မိဘတွေကတော့ ဒေါသပေါက်ကွဲသွားပြီး ထိုဆွေမျိုးနှင့် ချက်ချင်းပဲ စကားအချေအတင်ဖြစ်ကာ ဆွေခန်းမျိုးခန်းပြတ်သွားခဲ့လေသည်။

ဆိုးယုတ်သော ထိုခွေးကောင်လေးဟာ မကြာသေးခင်တုန်းကလည်း တခြား ဖြစ်ရပ်တစ်ခုမှာ ပါဝင်ပတ်သက်ခဲ့ပြီး ဒီတစ်ခေါက်တော့ တစ်ဖက်လူ သေဆုံးသွားခဲ့သည်ဟု သိရသည်။ ပြဿနာက သေးသေးမွှားမွှားလေး မဟုတ်ပါ။ နစ်နာသူမိသားစုက အာဏာရှိတာမို့ ထိုအမှုကို အဆုံးထိ တရားရင်ဆိုင်ခဲ့သည်။

ကံမကောင်းစွာဖြင့် ထိုဖြစ်ရပ် မဖြစ်ပွားခင် နှစ်ရက်အလိုမှာပဲ ထိုကောင်လေးက အသက်ပြည့်သွားခဲ့သည်။ အကောင်းဆုံး ရလဒ်ကတော့ ထောင်ဒဏ် ( ၁၀ ) နှစ်ကနေ အနှစ် ( ၂၀ ) ထိ ကျခံရမည် ဖြစ်ပြီး သူ့မိသားစုကလည်း လျော်ကြေးငွေ အများကြီး ပေးဆောင်ရလိမ့်မည်။

ထိုမိသားစုက မျိုးဆက် သုံးဆက်မှာ ကလေးတစ်ယောက်သာ ရှိတာပါ။ ထိုကလေး ပျက်စီးသွားတာကို ဘယ်လိုလုပ် ထိုင်ကြည့်နေနိုင်ရတာလဲ … ။ ထိုကလေးဟာ ဒီနှစ်ရက်အတွင်း နေရာတကာမှာ လှည့်ပတ်ပြေးလွှားကာ ပိုက်ဆံလိုက်ချေးနေသည်ဟု သတင်းကြားရသည်။

......

ရှောင်ခိုင်ကတော့ ထိုသတင်းကို ကြားချိန်မှာ ပျော်လည်း မပျော် ၊ ဝမ်းလည်း မနည်းဘဲ စိတ်သက်သာရာရမိသည်။ ကံကောင်းစွာဖြင့် ထိုမိသားစုနှင့် သူတို့က ဆွေခန်းမျိုးခန်း ပြတ်သွားတာ ကြာလှပြီမို့ ထိုမိသားစု သေသေ ၊ ရှင်ရှင် သူတို့နှင့် မဆိုင်တော့ပါ။

အဓိကခေါင်းစဉ်ကို ပြန်သွားရလျှင် ရှောင်ခိုင်ရဲ့ လက်မောင်းပေါ်က အမာရွတ်က တစ်နှစ်မပြည့်သေးပါ။ ပန်းဖျော့ရောင်ရှိသော ထိုအမာရွတ်နှင့် ယှဉ်လိုက်လျှင် သူမရဲ့ မျက်နှာပေါ်က ဝက်ခြံအမာရွတ်တွေက အညိုရောင်ဖြစ်ပြီး အနည်းငယ် ချိုင့်ဝင်နေသည်။

1024 02

“ အမာရွတ်ဟောင်းတွေကတော့ အမာရွတ်အသစ်တွေလောက် အာနိသင်ပြတာ မမြန်ဘူးလို့ ဘူးပေါ်မှာ ရေးထားတယ်။ ကျွန်မရဲ့ မျက်နှာနဲ့ လက်ပေါ်က အမာရွတ်တွေက သေးသေးလေးတွေရော ၊ အကြီးကြီးတွေရော ၊ အမာရွတ်ဟောင်းတွေရော ၊ အမာရွတ်အသစ်တွေရော ပါ,ပါတယ်။ ဒါ့ကြောင့် ကျွန်မ နောက်လဝက်အထိ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု လုပ်သွားပါ့မယ်။ ကျွန်မရဲ့ အမာရွတ်တွေရဲ့ ပြောင်းလဲမှုတွေကို ကျေးဇူးပြုပြီး စောင့်ကြည့်ပေးကြပါ။ ”

ရှောင်ခိုင်က ထိုသို့ ပြောရင်း အမာရွတ်ပျောက်လိမ်းဆေးကို သူမရဲ့ လက်မောင်းပေါ်မှာ ညီညီညာညာ လိမ်းလိုက်သည်။

“ လိမ်းဆေးကို အသားပေါ် တင်လိုက်တဲ့အခါ အရမ်း အေးပါတယ်။ ပြီးရင်တော့ ကျွန်မတို့ မိတ်ကပ်နည်းနည်းပါးပါး လိမ်းပြီး ဒီလိမ်းဆေးက အရေပြားပေါ်မှာ ဓာတ်မတည့်တဲ့ တုံ့ပြန်မှုတွေ ရှိမလား ဆိုတာ ကြည့်ရအောင်ပါ။ ”

ဒါက မိန်းကလေးအများစု မိတ်ကပ်လိမ်းတဲ့အခါ ၊ အထူးသဖြင့် Mask ကပ်တဲ့အခါ လုပ်နေကျ ပုံစံဖြစ်သည်။ သူတို့က လက်ပေါ်မှာ အရင်ဆုံး စမ်းလိမ်းကြည့်ပြီး ဓာတ်မတည့်တဲ့ တုံ့ပြန်မှု မရှိတာ သေချာတော့မှ မျက်နှာပေါ် တင်လေ့ရှိသည်။

ထိုအချိန်အတွင်း သူမရဲ့ မျက်နှာကို ရုပ်ဆိုးသည်ဟု ကျိန်ဆဲနေတဲ့ လူတချို့ရဲ့ ကွန်းမန့်တွေက ဖန်သားပြင်ပေါ်မှာ ရံဖန်ရံခါ တက်လာသော်လည်း ရှောင်ခိုင်ကတော့ ထိုကွန်းမန့်တွေကို ဂရုမစိုက်ပါ။

++++++

All Chapters