← Chapters

အခန်း ၁၀၂၇

Vol. 69 Ch. 1027

အခန်း ၁၀၂၇

Vol. 69 Ch. 1027

1027 01

အခန်း ( ၁၀၂၇ ) သတင်းကောင်းနှစ်ခု။

စုယန်ယန်က ချက်ချင်း နားလည်သွားသည်။ အမျိုးသမီးလီ ငိုချတော့မလို စိတ်လှုပ်ရှားလွန်းနေတာ အံ့ဩစရာမရှိပါ။ ဒီကောင်မလေးက အသိစိတ်ကပ်သွားပြီး ဆာဂျရီလုပ်ဖို့ ‌ဆုံးဖြတ်လိုက်လို့ပဲ ဖြစ်လိမ့်မည်။

“ နင် အသိစိတ်ကပ်သွားလို့ ဝမ်းသာပါတယ်။ ငါလည်း အကောင်းဆုံး ကြိုးစားပေးပါ့မယ်။ ”

လီအန်းနန်သည် အရင်တုန်းက စုယန်ယန် ထိုစကားတွေကို ပြောတိုင်း စုယန်ယန်ဟာ သူမကို ကုသမှုမအောင်မြင်တဲ့အခါ သူမရဲ့ မိသားစု တောင်းခံတဲ့ လျော်ကြေးငွေကို မပေးချင်သောကြောင့် ရည်ရွှယ်ချက်ရှိရှိ ရှောင်တိမ်း၍ ဝေ့လည်ကြောင်ပတ် ပြောဆိုနေသည်ဟု ခံစားခဲ့ရသည်။

သို့သော်လည်း လိမ်းဆေးရဲ့ အာနိသင်နှင့် သူမရဲ့ အမာရွတ်တွေ သိသိသာသာ မှိန်ဖျော့သွားတာကို မျက်မြင် တွေ့ပြီးတော့မှ အချိန်ကြာမြင့်စွာ တည်ငြိမ်နေသော လီအန်းနန်ရဲ့ နှလုံးသားထဲမှာ မျှော်လင့်ချက်ရောင်ခြည်လေးတွေ ယှက်သန်းလာခဲ့လေသည်။

သူမရဲ့ ပုံပန်းသဏ္ဍာန်ကို ပြောင်းလဲပြီး လူတိုင်းရှေ့မှာ စိတ်သစ် ၊ လူသစ်နှင့် မားမားမတ်မတ် ရပ်ကာ အိပ်မက်နောက်ကို ဆက်လိုက်ဖို့ အခွင့်အရေးရှိရင် ရှိနိုင်သည်။

စုယန်ယန်သည် လီအန်းနန်နှင့် စကားနည်းနည်းပါးပါး ပြောဆိုပြီး သူမတို့ နောက်တစ်ခေါက် ထပ်တွေ့မည့် အချိန်ကို အတည်ပြုပြီးနောက် ဖုန်းချလိုက်သည်။

ရွှေမှန်လျှင် မတောက်ပရိုး ထုံးစံမရှိပါ။ ရှောင်ခိုင်ရဲ့ ကြေညာပေးမှုကြောင့် ဆေးဖက်ဝင်ဟင်းလျာစားသောက်ဆိုင်ရှိ အမာရွတ်လိမ်းဆေးဟာ ကုန်ပစ္စည်းထပ်မဖြည့်ရသေးခင်မှာပဲ အချိန်ခဏအတွင်း ပစ္စည်းပြတ်သွားခဲ့သည်။

ဒီတစ်ခေါက်တော့ ပထမအသုတ်ကို ဝယ်ယူထားတဲ့ ကာစတန်မာတွေကလည်း သူတို့ရဲ့ သုံးသပ်ချက်တွေကို မျှဝေပေးခဲ့ကြသည်။

ရုတ်ချည်းဆိုသလိုပဲ ဆေးဖက်ဝင်ဟင်းလျာစားသောက်ဆိုင်အမည်ဟာ ရေပန်းစားမှုစာရင်းထဲမှာ ပြန်လည်ပါဝင်လာ၏။

စားသောက်ဆိုင်က သူ့ရဲ့ တရားဝင် ဆိုရှယ်မီဒီယာအကောင့်ကို စီမံခန့်ခွဲတဲ့နေရာမှာ ကောင်းကောင်း ကျွမ်းကျင်သည်။ ဟင်းလျာတွေကို မဲဖောက်ပေးချိန်အပြင် ဒီအမာရွတ်ပျောက်လိမ်းဆေးကို စိတ်အားထက်သန်စွာ ဝယ်ယူချင်နေသော ကာစတန်မာတွေရဲ့ မက်ဆေ့ခ်ျတွေက အကောင့်ထဲမှာ ပလူပျံနေခဲ့သည်။

အနုပညာနယ်ပယ်ထဲမှာ အလွန် နာမည်ကြီးသော သရုပ်ဆောင်တွေပင်လျှင် သူတို့ရဲ့ အဆက်အသွယ်တွေကို တိတ်တဆိတ် အသုံးချကာ တရားဝင် မရောင်းချရသေးတဲ့ လိမ်းဆေးဘူး နောက်အသုတ်ကို ကြိုတင်မှာယူထားကြသည်။

အထူးသဖြင့်‌ ရှေးခေတ် ဇာတ်လမ်းတွဲတွေကို ရိုက်ကူးသော သရုပ်ဆောင်တွေမှာ ခန္ဓာကိုယ်မှာ မကြာခဏ ထိခိုက်ဒဏ်ရာရလေ့ရှိသည်။ သိုင်းချတဲ့ ဇာတ်ဝင်ခန်းတွေကို ကိုယ်တိုင်ကိုယ်ကျ သရုပ်ဆောင်သော သိုင်းဇာတ်လမ်း သရုပ်ဆောင်တွေဆိုလျှင် အမြဲ ဒဏ်ရာရသည်။

အမာရွတ်တွေက မသိသာသော‌ နေရာမှာဆိုလျှင် ကိစ္စမရှိသော်လည်း သူတို့မျက်နှာပေါ်မှာ ဆိုလျှင်တော့ ပြဿနာအကြီးကြိး တက်ပါပြီ။

......

အခုတော့ အမာရွတ်တွေကို ဖယ်ရှားပေးနိုင်တဲ့ အံ့ဖွယ်ဆန်းကြယ်လိမ်းဆေး အဆင်သင့်ရှိနေပြီမို့ အမာရွတ်ရှိသူဖြစ်စေ ၊ အမာရွတ်မရှိသူဖြစ်စေ ထိုလိမ်းဆေးကို လိုရမယ်ရ ဘူးအနည်းငယ်လောက် ဆောင်ထားချင်နေကြသည်။ အမာရွတ်မရှိသူတွေက အမာရွတ်တွေကို ဖယ်ရှားနိုင်လိမ့်မည် ဖြစ်သလို အမာရွတ်မရှိသူတွေကတော့ သူတို့ကိုယ်သူတို့ အသားအရေပိုလှအောင် လုပ်နိုင်လိမ့်မည်။

1027 02

လက်ငင်း ဝယ်ယူမှုပဲဖြစ်ဖြစ် ၊ ကြိုတင်မှာယူမှုပဲဖြစ်ဖြစ် ထိုလူတွေအကုန်လုံးဟာ စုယန်ယန်ရဲ့ စားသောက်ဆိုင်ကို သူတို့အိမ်မှာ ရွှေတွင်းကြီး ရှိနေသကဲ့သို့ ပိုက်ဆံတွေနှင့် ပစ်ပေါက်နေခဲ့ကြသည်။

ချန်ကျွင်းဟောက်က ဆေးဖက်ဝင်ဟင်းလျာစားသောက်ဆိုင်မှာ ရှယ်ယာတချို့ ပါဝင်ထားပါသေးသည်။ စွပ်စွဲခံရမှုအပြီးမှာ သူ့နာမည်ကို ရှင်းလင်းပြီး သူ့ကုမ္ပဏီကိုလည်း အပြစ်ကင်းကြောင်း သက်သေပြပြီးပြီ ဖြစ်သော်လည်း အကျင့်ပျက် မီဒီယာတချို့က ကောလဟာလတွေကို ပိုက်ဆံလက်ခံပြီး ဖြန့်ဝေခဲ့ကြသည်။ ရလဒ်အနေဖြင့် မီဒီယာတွေရဲ့ လှည့်စားမှုကို ခံခဲ့ရသော လူတချို့ဟာ အမှန်တရား အတိအလင်း မထွက်ပေါ်သေးခင်မှာ စားသောက်ဆိုင်ကို စတင်သပိတ်မှောက်ခဲ့ကြသည်။

ထိုအဖြစ်အပျက်က ကုမ္ပဏီအတွက် ပြန်ဖာထေးဖို့ မလွယ်ကူတဲ့ ‌ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့သလို ချန်ကျွင်းဟောက်ကိုလည်း ကျဉ်းထဲကြပ်ထဲ ရောက်စေခဲ့သည်။ ချန်ကျွင်းဟောက်သည် သူ့မာနကို မျိုချပြီး ဆွေမျိုးတွေဆီက ပိုက်ဆံချေးကာ အခြေအနေကို ပြောင်းပြန်လှန်ပစ်ဖို့တောင် စဉ်းစားခဲ့သည်။

အခုတော့ ပိုက်ဆံတွေ ဝင်လာပြီမို့ အရာအားလုံး အဆင်ပြေ ချောမွေ့သွားပြီ ဖြစ်သည်။ ချန်ကျွင်းဟောက်သည် ပိုက်ဆံချေးရမလား ၊ မချေးရဘူးလားဆိုတာ စိတ်ပူနေစရာ မလိုတော့ပေ။ ဘယ်လောက်ပဲ ပိုက်ဆံလိုအပ်နေပါစေ ကုမ္ပဏီဟာ ပြန်လည်ဦးမော့လာနိုင်လိမ့်မည်။

ချန်ကျွင်းဟောက်ရဲ့ နှလုံးသားထဲမှာ စိတ်အေးသွားသည်။ သူ့တူမလေးကို သူ ကြည့်သော အကြည့်က ပိုလို့တောင် ကြင်နာလာကာ သူ့အိတ်ကပ်ထဲကို ခုန်ဝင်လာတော့မည့် ရွှေပုံကြီးကို ကြည့်သလို အကြည့်မျိုး ဖြစ်သည်။

စုယန်ယန် : “ … ” ကျွန်မကို အဲ့လိုမျိုး ကြောက်စရာကောင်းတဲ့ အကြည့်ကြီးနဲ့ မကြည့်နဲ့။

ချန်မိသားစုရှိ အရာအားလုံးဟာ ငြိမ်းချမ်းစွာ အခြေကျသွား၏။ တစ်ချိန်တည်းမှာပဲ သတင်းကောင်းနှစ်ခုလည်း ရှိသည်။

ပထမ သတင်းကောင်းက ယုကျစ်ယန်နှင့် ကျန်လူတွေအား သုတေသနဌာနနှင့် ပတ်သက်၍ ဟောက်ချန်ဟွမ်း ပေးပို့ထားတဲ့ သက်သေတွေကို ပြန်ရှာတွေ့သွားခြင်း ဖြစ်သည်။ ထိုသက်သေတွေနှင့်ဆိုလျှင် အဘိုးချန်နှင့် ပတ်သက်တဲ့ ကောလဟာလတွေကို ရှင်းလင်းနိုင်ရုံသာမက နောက်ကျောကို ဓားနှင့်ထိုးသူကိုလည်း ထောင်ထဲသို့ တန်းတန်းမတ်မတ် ပို့နိုင်လိမ့်မည်။

နောက်ထပ် သတင်းကောင်းတစ်ခုကတော့ ချန်ကျွင်းဟောက်နှင့် ကျန်လူတွေအား စုယန်ယန် စုံစမ်းခိုင်းထားတဲ့ ကိစ္စက အမှန်တရားထွက်ပေါ်လာခြင်းပဲ ဖြစ်လေသည်။

+++++

All Chapters