အခန်း ၁၀၃၁
Vol. 69 Ch. 1031
အခန်း ( ၁၀၃၁ ) သူတို့ကို ဘာကြောက်စရာရှိလဲ။
စုန့်လင်ဟွာက ဒီအခြေအနေမှာ သူမရဲ့ ရပ်တည်ချက်ကို ပြတ်ပြတ်သားသား ဖော်ပြလိုက်တာပဲဟု ပြောလို့ ရသည်။
စုယန်ယန်က သက်ပြင်းရှည်ကြီး မှုတ်ထုတ်ပြီး အပြုံးယဲ့ယဲ့ဖြင့် ပြောလိုက်သည်။ “ ကျွန်မ အဲ့လို ကြားရတာ ဝမ်းသာပါတယ်။ ”
စုန့်လင်ဟွာသည် စက္ကန့်ပိုင်းလောက် တုံ့ဆိုင်းနေပြီးမှ “ ပြဿနာက ဒီအနေအထားထိ ရောက်နေပြီဆိုတော့ အဲ့ကောင်မလေး … ” ဟု စကားစကာ တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားလေသည်။
စုယန်ယန်က သူမ မေးချင်တဲ့ မေးခွန်းကို သိနေတာမို့ ပွင့်လင်းစွာပဲ ပြောလိုက်သည်။ “ ဒီပြဿနာက ကြီးလည်း မကြီး ၊ သေးလည်း မသေးဘူး။ ကျွန်မဦးလေးရဲ့ ကုမ္ပဏီကို အခွန်ရှောင်တယ်လို့ သက်သေအတုအယောင်တွေ ဖန်တီးပြီး စွပ်စွဲတာက ပြဿနာကြီး မဟုတ်ပေမဲ့ လျှို့ဝှက်ချက်တွေကို ခိုးယူထားတဲ့ လာဘ်ထိုးပြီး သခင်ကြီး ( အဘိုးချန် ) ကို မဟုတ်မမှန် စွပ်စွဲတာက အသေးအဖွဲ ပြဿနာ မဟုတ်ဘူး။ ”
ပွင့်ပွင့်လင်းလင်း ပြောရလျှင် တစ်စုံတစ်ယောက်က ဒီအမှုကို စုံစမ်းစစ်ဆေးဖို့ လိုသည်။ မဟုတ်ရင် မှားယွင်းစွာ တိုင်ကြားမှု ဖြစ်သွားလိမ့်မည်။ ဒါပေမဲ့ အမှန်တကယ် စုံစမ်းစစ်ဆေးလျှင်တော့ သက်သေထွက်လာပါလိမ့်မည်။ ပို၍ ပွင့်လင်းလေးနက်စွာ ပြောရလျှင်တော့ သူမတို့က စုန့်ယွမ်ယွမ်နှင့် ချန်ဖန့်လန်ကို နိုင်ငံခြားကနေ ရည်ရွယ်ချက်ရှိရှိ ပြန်လာတဲ့ သူလျှိုတွေလို့ပဲ သဘောထားသည်။ သူတို့က လူထုကို ဆူပုံအုံကြွအောင် လုပ်ချင်တဲ့ သူလျှိုတွေတောင် ဖြစ်ရင် ဖြစ်နေနိုင်သည်။
စုယန်ယန် အဒေါ့်ကို အထူးတလည် ဖုန်းဆက်၍ ကြိုတင် အသိပေးရတဲ့ အကြောင်းအရင်းက သူမဘက်က ဒီပြဿနာကို လွယ်လွယ်နှင့် ကျေအေးပေးလိုက်မှာ မဟုတ်လို့ ဖြစ်သည်။ စုန့်ယွမ်ယွမ် ဆက်လက်ရှင်သန်နိုင်လျှင်တောင် သူမရဲ့ ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံးကို ထောင်ထဲမှာပဲ အရိုးဆွေးသွားရလိမ့်မည်။
စုန့်လင်ဟွာသည် အချိန်အကြာကြီး နှုတ်ဆိတ်နေပြီးမှ သက်ပြင်းချလိုက်မိသည်။ “ သူတို့ကို စိတ်ထဲက ထုတ်လိုက်ပါကွယ်။ လူတချို့က သူတို့ရဲ့ မတော်လောဘတွေအတွက် နောက်ဆုံးမှာ ပြန်ပေးဆပ်ရမှာပဲ။ သူတို့က သူတို့လမ်းကြောင်းကို ရွေးပြီးသွားပြီဆိုတော့ အဒေါ်တို့က ကံကြမ္မာကိုပဲ တာဝန်ပေးရတော့မှာ။ ”
စုယန်ယန်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက ကော့တက်သွားပြီး စုန့်လင်ဟွာကို ကြင်နာစွာ သတိပေးလိုက်သည်။ “ အဒေါ်စုန့်က အရမ်းကို နားလည်မှုရှိပေမဲ့ တချို့လူတွေကတော့ ပြောမရဘူးလေ။ နောက်ပိုင်း စုန့်ယွမ်ယွမ်မှာ ကိစ္စတစ်ခုခု ဖြစ်သွားရင် သူ့မိသားစုက အဒေါ့်ကို လာပြဿနာရှာလောက်တယ်။ အဒေါ်နဲ့ ဒါရိုက်တာလော့တို့ စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားမှ ဖြစ်မယ်။ အရှက်မဲ့လွန်းတဲ့ တချို့လူတွေက ဆွေမျိုးလား ၊ ဘာလား ဆိုတာလည်း ဂရုမစိုက်တတ်ဘူး။ သူတို့က ရန်သူတွေထက်တောင် ပိုကြောက်ဖို့ကောင်းတယ်။ ”
စုယန်ယန်ရဲ့ စကားကို ကြားချိန်မှာ စုန့်လင်ဟွာရဲ့ မျက်နှာက မည်းမှောင်သွားသည်။ အတိတ်တုန်းက ထိုမိသားစု လုပ်ခဲ့တဲ့ ထူးဆန်းသော လုပ်ရပ်တွေကို သူမ ပြန်ပြီး သတိရသွားပါသည်။
“ သူတို့ လာတော့ရော ဘာဖြစ်လဲ။ သူတို့ကို ဘာကြောက်စရာရှိလဲ။ အဒေါ့်မှာ သူတို့နဲ့ ဖြေရှင်းစရာ အကြွေးဟောင်းတချို့ ရှိတာ ကောင်းတယ်။ အခွင့်အရေးရတုန်း အနာဂတ်မှာ သူတို့အားလုံး နိုင်ငံခြားမှာ မသေအောင်လို့ သေချာ စာရင်းရှင်းလိုက်မယ်။ ဒီပြဿနာတွေက နောက်ပိုင်းမှာ ငါ ကိုင်တွယ်ဖြေရှင်းရမယ့် အရှုပ်အထွေးတွေ ဖြစ်လာလိမ့်မယ်။ ”
“ အဒေါ် လုပ်ရမှာကို သိတာ ကောင်းတယ်။ ”
ချန်ကျွင်းဟောက်နှင့် ကျန်လူတွေက သွက်လက်စွာ လှုပ်ရှားခဲ့ကြပြီး စုန့်ယွမ်ယွမ်နှင့် ချန်ဖန့်လန်ကို မကြာခင်မှာ ထိန်းချုပ်နိုင်ခဲ့လေသည်။
သူတို့နှစ်ယောက်ကို ဖမ်းမိတုန်းက သူတို့ဟာ ချန်မိသားစုကို မကောင်းကြံပြီး စုယန်ယန်မှာ အားကိုးစရာ လူတစ်ယောက်မှ မရှိတော့အောင် လုပ်ဖို့ အကွက်ချနေတာ ဖြစ်သည်။
......
ယုတ်မာကောက်ကျစ်စွာ ပြုံးရယ်နေသော သူတို့နှစ်ယောက်ဟာ ရဲတွေ ပြေးဝင်လာတာကို မြင်တော့မှ မျက်နှာပျက်ယွင်းသွားကြသည်။
အခုတလော ကွာရှင်းပြတ်စဲဖို့ ကိစ္စတွေနှင့် အလုပ်ရှုပ်နေသည့် ချန်ဖန့်လန်ရဲ့ မိဘတွေကလည်း သူတို့သားဟာ ချန်မိသားစုကို အသရေဖျက်သည့်အတွက် အဖမ်းခံလိုက်ရပြီ ဟူသော သတင်းကို ကြားသည်နှင့် ချန်အိမ်တော်ကို အပြေးရောက်လာပြီး အော်ဟစ်ဆူပူခဲ့သည်။
ကံကောင်းစွာဖြင့် ချန်ကျွင်းဟောက်က ထိုအဖြစ်အပျက်အတွက် ကြိုတင် ပြင်ဆင်ပြီးသား ဖြစ်သည်။ ချန်ဖန့်လန်ရဲ့ မိဘတွေ ဘယ်လောက်ပဲ ငိုယိုနေပါစေ ၊ အော်ဟစ်ဆူပူနေပါစေ ၊ သူတို့ကိုယ်သူတို့ ကြိုးဆွဲချ သတ်သေမည်ဟု ခြိမ်းခြောက်ပါစေ အိမ်ထဲကို ဝင်ခွင့်မပေးခဲ့ပေ။
ထိုအဖြစ်အပျက်တွေ ဖြစ်ပြီးနောက် သိပ်မကြာလိုက်ဘဲ ချန်ဖန့်လန်ရဲ့ ပါးစပ်စည်းကမ်းမရှိသော အမေမှာ အသည်းကင်ဆာဖြစ်နေသည် ဟူသော သတင်းကို သူတို့ ကြားလိုက်ရသည်။ ချန်ဖန့်လန်ရဲ့ အဖေက သူမရဲ့ ဆေးကုသမှုအတွက် ပိုက်ဆံမတတ်နိုင်သလို ဆေးကုဖို့ ပိုက်ဆံလည်း မပေးချင်ပါ။
တစ်ယောက်နှင့် တစ်ယောက် အကြီးအကျယ် သဘောထားကွဲလွဲနေတဲ့ သူတို့ဟာ အစကတည်းက နေ့တိုင်း ရန်ဖြစ် စကားများနေတာ ကြခဲ့ပါပြီ။ သူတို့ကိုယ်သူတို့ မကာကွယ်နိုင်တော့သလို ထောင်ထဲက ဘယ်တော့မှ ပြန်ထွက်မလာနိုင်ဖို့ ကံကြမ္မာသတ်မှတ်ခံရပြီးပြီ ဖြစ်တဲ့ သားဖြစ်သူကို ဂရုစိုက်ပေးဖို့လည်း အင်အားမရှိတော့။
ချန်ဖန့်လန် ဖမ်းဆီးရပြီးနောက် သုံးရက်မြောက်နေ့မှာတော့ ရဲတွေက ချန်ဖန့်လန်ဟာ စုယန်ယန်အား နောက်ဆုံးအကြိမ် တွေ့ချင်နေသည်ဟု ရုတ်တရက် သတင်းပို့သည်။
တိုက်ဆိုင်ချင်တော့ တစ်ချိန်တည်းမှာပဲ စုန့်ယွမ်ယွမ်ကလည်း ဟောက်ချန်ဟွမ်းနှင့် တွေ့ချင်သည်ဟု မက်ဆေ့ခ်ျပို့လာခဲ့သည်။
စုယန်ယန်သည် ထိုသတင်းကို ကြားသောအခါ ဟိုတစ်နေ့တုန်းက သူမရဲ့ အစ်ကို ပြောခဲ့တဲ့ စကားကို ဖျတ်ခနဲ သတိရသွားပြီး ခပ်တိုးတိုး ရယ်လိုက်မိသည်။ “ တကယ့်ကို တူရာတူရာ စုနေတာပဲ။ သူတို့နှစ်ယောက်ရဲ့ ဦးနှောက် အလုပ်,လုပ်ပုံက တထေရာတည်းပဲ။ သူတို့ အတူတူ ဇာတ်သိမ်းသွားတာ အံ့ဩစရာမရှိဘူး။ ”