← Chapters

အခန်း ၁၀၃၂

Vol. 69 Ch. 1032

အခန်း ၁၀၃၂

Vol. 69 Ch. 1032

အခန်း ( ၁၀၃၂ ) မနာလို မကောင်းဆိုးဝါးများ။

ဟောက်ချန်ဟွမ်းရဲ့ မျက်နှာက မည်းမှောင်သွားသည်။ “ မင်း သွားချင်လို့လား။ မင်း မသွားချင်ရင် ကိုယ်တို့ သွားစရာ မလိုပါဘူး။ ”

ဒါက သူတို့ဘက်က အပြီးတိုင် မပြိုလဲ မကျရှုံးခင် နောက်ဆုံးအနေဖြင့် သွေးရူးသွေးတန်း ကြိုးစားမှုထက် မပိုပါ။ သူတို့နှင့် သွားတွေ့တွေ့ ၊ မတွေ့တွေ့ ဘာမှ ထူးခြားသွားမှာ မဟုတ်။

“ ဟင့်အင်း။ ကျွန်မ သွားချင်တယ်။ ”

စုယန်ယန်က ခင်ပွန်းဖြစ်သူရဲ့ ခွင့်မပြုချင်သော မျက်နှာအမူအရာကို ကြည့်ကာ ပြုံးလိုက်သည်။ “ အဲ့ဒီအမှိုက်နှစ်ကောင် ဘာပြောနိုင်မလဲ ဆိုတာ သွားနားထောင်ကြည့်ရအောင်။ ကျွန်မတို့လည်း သူတို့ကို မနာလိုစိတ်တွေနဲ့ မွန်းကြပ်ပူလောင်ပြီး သေသွားအောင် လုပ်လို့ ရပါတယ်။ ”

ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ အစီအစဉ်ကို ချက်ချင်း နားလည်သွားကာ သူ့မျက်လုံးထဲမှာ မတတ်သာ၍ အလျှော့ပေးလိုက်ရသော အရိပ်အယောင်တွေ ယှက်သန်းသွားပြီး “ ကောင်းပြီ။ ” ဟု တစ်ခွန်းတည်း ပြောလိုက်သည်။

‌

ဟောက်ချန်ဟွမ်းသည် တွေ့ဆုံမှုကို နေ့ခင်းဘက်မှာ ချိန်းဆိုထားပြီး အနာဂတ်မှာ ထိုနှစ်ယောက် တစ်နေရာတည်းမှာ ဖမ်းချုပ်ခံထားရနိုင်တဲ့ ဖြစ်နိုင်ချေကိုလည်း စဉ်းစားထားသည်။

ထို့ကြောင့် သူတို့နှစ်ယောက်ကို အကျဉ်းခန်း တစ်ခန်းထဲမှာ အတူ နေရခြင်းနှင့် အမြန်ဆုံး အသားကျပြီး အချိန်ကုန်သက်သာစေဖို့အတွက် ဟောက်ချန်ဟွမ်းက သူ့လူတွေကို စုန့်ယွမ်ယွမ်နှင့် ချန်ဖန့်လန်ကို ဘေးချင်းကပ်ရက် အခန်း နှစ်ခန်းထဲမှာ ဖမ်းချုပ်ခိုင်းထားသည်။

စုန့်ယွမ်ယွမ်နှင့် ချန်ဖန့်လန်သည် အကျဉ်းခန်း နှစ်ခန်းကို အလယ်ကနေ ကာရံထားသော မှန်ချပ်မှတစ်ဆင့် တစ်ယောက်ကို တစ်ယောက် မည်းမှောင်သော မျက်နှာဖြင့် ကြည့်နေခဲ့သည်။

သို့သော်လည်း သူတို့မှာ လွတ်လမ်းမရှိမှန်း သိပါသည်။ ဒီအကျဥ်းခန်းထဲမှာ အော်ဟစ်ဆူပူလျှင် သူတို့ တွေ့ချင်တဲ့လူကို နောက်ဆုံးအကြိမ် တွေ့နိုင်မယ့် အခွင့်အရေးလေးကိုတောင် လက်လွှတ်ဆုံးရှုံးလိုက်ရလိမ့်မည်။

စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းတို့ ဝင်လာချိန်မှာ သူတို့နှစ်ယောက်သည် ထူးဆန်းသော စကားတွေကို ပြောရင်း ငြင်းခုံရန်ဖြစ်နေကြဆဲ ရှိသေး၏။ ခြေသံတွေကို ကြားတော့ အကျဥ်းခန်းထဲမှာ ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။

ပထမဆုံး သတိဝင်လာသူက စုန့်ယွမ်ယွမ် ဖြစ်ပြီး သူမသည် ချက်ချင်း မတ်တပ်ရပ်၍ အရှေ့ကို ပြေးထွက်လာခဲ့သည်။ အဲ့ဒီနောက် အကျဉ်းခန်း သံတိုင်တွေကို ဆုပ်ကိုင်ကာ ဟောက်ချန်ဟွမ်းကို ပူပြင်းလောင်ကျွမ်းသော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့လေသည်။

“ ရှင် ရောက်လာပြီပဲ။ ”

ဟောက်ချန်ဟွမ်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်လုံးထဲမှာ စိတ်ပျက်ရွံရှာမှုတွေ ပြည့်နှက်သွားသည်။ သူ ထိုမိန်းမထံမှ အမြန် အကြည့်လွှဲပြီး စုယန်ယန်ကိုသာ အာရုံပြန်စိုက်ထားလိုက်ပါသည်။

......

သူ့မျက်ခုံးတွေကြားက စိတ်ပျက်မှုတွေ ၊ အေးစက်မှုတွေကို စုယန်ယန်ကို ကြည့်လိုက်သည်နှင့် ချက်ချင်း အရည်ပျော်ကျသွားကာ အားကောင်းသော နွေးထွေးမှုနှင့် အချစ်တို့သာ ကျန်ရစ်သည်။

ဟောက်ချန်ဟွမ်းရဲ့ သိသာထင်ရှားသော ဆန့်ကျင်ဘက် တုံ့ပြန်မှုက စုန့်ယွမ်ယွမ်ရဲ့ မျက်လုံးထဲမှာတော့ ထက်မြည့်သော ဓားတစ်လက်လိုပဲ သူမရဲ့ နှလုံးသားထဲကို ထိုးစိုက်သွားပြီး ကိုယ့်ကိုယ်ကိုယ် မှန်ကန်သည်ဟု တစ်ဖက်သတ် ယူဆထားသော မာန်မာနတွေကိုလည်း ထိုးဖောက်သွားခဲ့သည်။

“ နင် အရှက်မရှိတဲ့ ကောင်မ … သူခိုးမ။ ” စုန့်ယွမ်ယွမ်ရဲ့ မျက်နှာပေါ်မှာ ရက်စက်ယုတ်မာမှုအရိပ်တွေ ထင်ဟပ်နေပြီး သူမရဲ့ မျက်လုံးတွေက သွေးမျက်ရည်တွေ လျှံကျလာတော့မလို ရှိသည်။ သူမပုံစံက စုယန်ယန်ကို အရှင်လတ်လတ် မျိုချပြီး တစ်စစီ ဆုတ်ဖြဲပစ်ချင်နေပုံပေါ်သည်။

“ သူခိုး … ဟုတ်လား။ ” စုယန်ယန်က မျက်ခုံးပင့်လိုက်ပြီး ရယ်ချင်သွားသည်။ “ နင့်မှာ ငါ့ကို သူခိုးလို့ ခေါ်နိုင်လောက်တဲ့ အခွင့်အရေး ရှိလို့လား။ ငါက ဘာကို ခိုးလို့လဲ။ ငါ့ယောက်ျားရဲ့ နှလုံးသားကို ခိုးမိတာလား။ ”

‌စုယန်ယန်က ပြောရင်း ဟောက်ချန်ဟွမ်းရဲ့ ရင်ဘတ်ကို ပွတ်သပ်လိုက်သည်။ “ အဲ့လိုဆိုရင်တော့ တကယ် စိတ်မကောင်းပါဘူးဟယ်။ ငါ့ယောက်ျားရဲ့ နှလုံးသားက အမြဲတမ်း ငါ့အပိုင်ပဲ ဖြစ်ခဲ့တာ။ ငါတစ်ယောက်တည်းရဲ့ ပိုင်ဆိုင်မှုလေးပဲ။ သူများရဲ့ ပိုင်ဆိုင်မှုကို လိုချင်ပြီး ဘယ်တော့မှ မရနိုင်တဲ့ သနားစရာ မိန်းမတွေကပဲ အဲ့အကြောင်းကို နေ့တိုင်း တွေးပြီး နောက်ဆုံးမှာ လက်ဗလာနဲ့ အဆုံးသတ်ရလိမ့်မယ်။ သူတို့နဲ့ ထိုက်တန်တဲ့ အဆုံးသတ်ပေါ့။ ”

“ နင် … အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောနေတဲ့ ကောင်မ။ ” သူတို့နှစ်ယောက်ကြားက နွေးထွေးနီးစပ်သော ဆက်ဆံရေးကို ကြည့်ကာ အစကတည်းက ဒေါသထွက်နေခဲ့သော စုန့်ယွမ်ယွမ်သည် စုယန်ယန်ရဲ့ စကားတွေကို ကြားလျှင် ပိုလို့တောင် ဒေါသပေါက်ကွဲသွားခဲ့သည်။ “ သူက ငါ့ကို ကြိုက်တာ ၊ ငါ့ကိုပဲ ကြိုက်တာ။ ”

စုယန်ယန်က ပြက်လုံးကောင်းတစ်ပုဒ်ကို ကြားလိုက်ရသလို ဟက်ဟက်ပက်ပက် ရယ်ချလိုက်ပြီး သူမရဲ့ မျက်လုံးထဲမှာ လှောင်ပြောင်မှုအရိပ်တွေ ဖုံးလွှမ်းနေသည်။ “ နင်က သူ့ဗိုက်ထဲက သန်ကောင်လား။ သူ နင့်ကို ကြိုက်တယ် ၊ မကြိုက်ဘူးဆိုတာ နင် ဘယ်လိုလုပ် သိတာလဲ။ ဒါမှမဟုတ် သူက နင့်ကို အဲ့လိုမျိုး နားလည်မှုလွဲအောင် တစ်ခုခု လုပ်ခဲ့လို့လား။ အဲ့လိုဆိုလည်း အခု ငါတို့ ဒီမှာ ရှိနေတုန်း နင့်ရဲ့ အခြေအမြစ်မရှိတဲ့ ဇာတ်လမ်းဟောင်းတွေကို ပြန်တူးဖော်ပြီး ပြောပြလို့ ရတယ်။ ငါ့ကို ပြော … သူက နင့်ကို ဘာလို့ ကြိုက်ရမှာလဲ။ ”

စုန့်ယွမ်ယွမ်ရဲ့ အမူအရာက ရုတ်တရက် အေးခဲသွားသည်။ သူမမှာ ယုံကြည်ချက်ရှိတာ မှန်သော်လည်း တကယ့်တကယ်မှာတော့ ဘာစကားမှ မပြောနိုင်ပေ။

သူမ ဒီနိုင်ငံကို ပျော်ရွှင်စွာ ပြန်လာခဲ့ပြီး နောက်ဆုံးမှာ စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းတို့ လင်မယားကြား လျှို့ဝှက်စွာ သပ်လျှိုသွင်းနိုင်မယ့် အခွင့်အရေးကို ရှာတွေ့ခဲ့သော အရင်တစ်ခေါက်အကြောင်း ပြန်တွေးမိသည်။

All Chapters