အခန်း ၁၀၃၃
Vol. 69 Ch. 1033
အခန်း ( ၁၀၃၃ ) နင် ခေါင်းတလားကို မြင်တဲ့အချိန်ထိ မျက်ရည်ကျမှာ မဟုတ်ဘူး။
သို့သော် သူမ စတင်လှုပ်ရှားရုံပဲရှိသေးချိန်မှာ ဟောက်ချန်ဟွမ်းက လူတွေ လွှတ်ပြီး သူမကို ဖမ်းဆီးချုပ်နှောင်၍ လေယာဉ်ပေါ် တင်ကာ သူမ လာရာလမ်းအတိုင်း ပြန်ပို့ခဲ့သည်။
ဒီနိုင်ငံကို ပြန်အလာတုန်းက ယုံကြည်ချက်အပြည့် ရှိနေခဲ့သော စုန့်ယွမ်ယွမ်သည် နိုင်ငံခြားကို ပြန်ပို့ခံလိုက်ရသော အဖြစ်အပျက်ကြောင့် အရှက်ခွဲခံရသည်ဟု ခံစားရသည်။ ဟောက်ချန်ဟွမ်းက သူမကို အဲ့ဒီလို ဆက်ဆံလိမ့်မယ်လို့ မယုံကြည်ပါ။ ဒီမိန်းမ … ဒီမိန်းမက အမှန်တရားကို သိသွားပြီး သူ့နောက်ကွယ်မှာ သူမကို တိတ်တဆိတ် မောင်းထုတ်လိုက်တာပဲ ဖြစ်လိမ့်မည်။
ဟုတ်တယ် … အဲ့လိုပဲ ဖြစ်ရမယ် … ။
စုန့်ယွမ်ယွမ်သည် စုယန်ယန်ကို ရက်စက်အေးခဲသော အကြည့်ဖြင့် ကြည့်လိုက်သည်။ “ အဲ့မိန်းမဆီမှာ အရူးလုပ်မခံနဲ့ ချန်ဟွမ်း။ သူက အရှက်မရှိတဲ့ ခွေးမပဲ။ ရှင့်နောက်ကွယ်မှာ သူ ကျွန်မကို ပြန်ပေးဆွဲပြီး နိုင်ငံခြားကို အတင်းအကြပ် ပြန်လွှတ်ခဲ့တာ ရှင် သိလား။ သူက ကျွန်မ ရှင့်ဆီကို နောက်တစ်ခေါက် ပြန်လာရင် ကျွန်မနဲ့ ကျွန်မမိသားစုကို သတ်ပစ်မယ်လို့တောင် ခြိမ်းခြောက်ခဲ့တယ်။ သူ ရှင့်ရှေ့မှာ ဟန်ဆောင်ထားတဲ့ နူးညံ့သိမ်မွေ့တဲ့ ပုံစံလေးကို ကြည့်ပြီး အထင်မမှားနဲ့ ချန်ဟွမ်း။ တကယ်တော့ သူက အရမ်း ရက်စက်တဲ့ မိန်းမပဲ။ ”
“ မင်း သူ့ကို ကျိန်ဆဲလို့ ဝပြီလား။ ”
“ ဘာရယ် … ” စုန့်ယွမ်ယွမ်သည် သူမကို ရေခဲတမျှ အေးစက်သော မျက်လုံးများဖြင့် ထိုးဖောက်သွားတော့မလို စိုက်ကြည့်နေသည့် ဟောက်ချန်ဟွမ်းကို ကြည့်ကာ ကျောချမ်းသွားပြီး မကောင်းသော ခံစားချက်တစ်မျိုးကို ရုတ်တရက် ခံစားလိုက်ရလေသည်။
“ ကြည့်ရတာ အရင်တစ်ခေါက် အဖြစ်အပျက်ကနေ မင်း သင်ခန်းစာမယူခဲ့တဲ့ပုံပဲ။ ငါ ကျစ်ယန်ကို မင်းကို သတိပေးခိုင်းလိုက်တဲ့ စကားတွေကို မင်းက နည်းနည်းလေးတောင် ဂရုမစိုက်ဘူးပဲ။ ”
“ ရှင် … ” ဟောက်ချန်ဟွမ်းရဲ့စကားတွေက အရင်တုန်းက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးဟာ သူ့လက်ချက်ပါလို့ ဝန်ခံခြင်းနှင့် ညီမျှသည်။ သူကိုယ်တိုင် အမိန့်မပေးခဲ့လျှင်တောင် ခွင့်ပြုချက်တော့ ပေးခဲ့မှာပါပဲ။
အတော်လေး ပြင်းထန်သော ထိုးနှက်ချက်ကြောင့် စုန့်ယွမ်ယွမ်ရဲ့ မျက်လုံးတွေ ကျဉ်းမြောင်းသွား၏။ အရင်တုန်းက ဟောက်ချန်ဟွမ်းက သူမကို မရေမတွက်နိုင်အောင် ငြင်းပယ်ခဲ့သော်လည်း သူမကတော့ သူ့နောက်ကို ခေါင်းမာစွာ တကောက်ကောက် လိုက်လံနှောင့်ယှက်ခဲ့သလိုမျိုးပဲ အခုလည်း သူ့မှာ သူမအပေါ် ဘာခံစားချက်မှ မရှိဘူး ဆိုတဲ့ အဖြစ်မှန်ကို မယုံကြည် လက်မခံနိုင်ပါ။
ဟောက်ချန်ဟွမ်း ဒုက္ခရောက်နေချိန်မှာ သူမက လူတိုင်းထက် အရင်ဆုံး ထွက်ပြေးသွားခဲ့ပြီး သူ့ခြေထောက်တွေ ပြန်ကောင်းသွားတာကို သိလိုက်ရတော့မှ တစ်ချိန်တုန်းက ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းကို ဖာထေးကာ ဒီနိုင်ငံကို ပြန်လာခဲ့တာ မှန်သော်လည်း ဟောက်ချန်ဟွမ်းမှာ သူမအပေါ် ခံစားချက်တွေ ရှိနေလိမ့်မည်ဟု ယုံကြည်သည်။ သူမ ထွက်သွားပြီး သူ့နှလုံးသားကို နာကျင်စေခဲ့လို့သာ သူက ဒုတိယအကောင်းဆုံး ရွေးချယ်မှုကို ရွေးချယ်ခဲ့တာ ဖြစ်သည်။ ရှင်းရှင်းပြောရလျှင် တခြား မိန်းမတစ်ယောက်က သူ့ကို သူမ မရှိတုန်း လုယူသွားတာ ဖြစ်သည်။
......
သူမ ပြန်ရောက်လာပြီး ဟောက်ချန်ဟွမ်းရဲ့ သူမအပေါ် ထားတဲ့ အချစ်ကို လှုပ်နှိုးလိုက်လျှင် နိမ့်ကျသော အစားထိုးမိန်းမကို အနှေးနှင့်အမြန် စွန့်ပစ်လိုက်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။ ထိုအချိန် ရောက်လာလျှင် ဟောက်ချန်ဟွမ်းက သူ့မိန်းမနှင့် သေချာပေါက် ကွာရှင်းပြီး သူမကို လက်ထပ်လိမ့်မည် ၊ သူမကလည်း ရသင့်ရထိုက်တဲ့ အမျိုးသမီးဟောက် ရာထူးကို ရလိမ့်မည်။
“ နင့်ကြောင့်ပဲ … ဒါတွေအားလုံး နင့်လက်ချက်ပဲ မဟုတ်လား။ ချန်ဟွမ်း ငါ့အပေါ် အထင်လွဲသွားအောင်လို့ နင် သူ့ရှေ့မှာ ငါ့မကောင်းကြောင်းတွေကို ရည်ရွယ်ချက်ရှိရှိ ပြောခဲ့တာ။ နင်က အရှက်မရှိတဲ့ ခွေးမ … ခွေးမ။ ”
“ နင်က ခေါင်းတလားကို မြင်တဲ့အချိန်ထိ မျက်ရည်ကျမယ့်လူမျိုး မဟုတ်ဘူး။ ” စုယန်ယန်သည် ဒီအမျိုးသမီးဟာ အမှန်တကယ်ပဲ ရူးသွပ်နေသည်ဟု ခံစားရသည်။ “ နင်က အမြင့်ရောက်နေတဲ့ လူတွေကို ကိုးကွယ်ပြီး နိမ့်ကျတဲ့ လူတွေကို နင်းချေတဲ့ အပေါ်ယံဆန်ဆန် လူတစ်ယောက်ထက် မပိုဘူး။ ပြဿနာကြုံတိုင်း ထွက်ပြေးတယ် ၊ နင့်အတွက် အကျိုးအမြတ်ရှိနိုင်မယ်လို့ သိတာနဲ့ နည်းလမ်းပေါင်းစုံနဲ့ တွယ်ကပ်ဖို့ ကြိုးစားတယ်။ လူတွေရဲ့ အမြင်မှာ နင့်ပုံရိပ်က မြင့်မြတ်စင်ကြယ်တယ်လို့ ဘယ်လို ယုံကြည်ချက်နဲ့ ကိုယ့်ကိုယ်ကိုယ် ထင်ရဲတာလဲ။ ”
ဒေါသကြောင့် စုန့်ယွမ်ယွမ်ရဲ့ မျက်နှာက ခဲပြာရောင်သမ်းသွားသည်။ သူမက ခွန်းတုံ့ပြန်ဖို့ ပါးစပ်ပြင်နေသော်လည်း စုယန်ယန်က သူမကို လုံးဝ စကားပြောခွင့်မပေးပါ။ “ နင့်ကို ဒီလို ဖြစ်အောင် လုပ်တဲ့ ကာယကံရှင်က ဒီမှာပဲ။ သူ့ကို နင့်အပေါ် သံယောဇဉ် အနည်းအကျဉ်းတောင် ရှိရဲ့လားလို့ နင် မေးချင်သေးလား။ ”
“ မရှိဘူး။ ” စုယန်ယန်ရဲ့ စကားဆုံးသည်နှင့် ဟောက်ချန်ဟွမ်းက မဆိုင်းမတွ ငြင်းဆန်လိုက်သည်။ “ အတိတ်တုန်းကရော ၊ ပစ္စုပ္ပန်မှာရော ၊ အနာဂတ်မှာရော ကိုယ် မင်းကိုပဲ ချစ်တယ်။ ကိုယ့်နှလုံးသားထဲမှာ မင်းတစ်ယောက်တည်းပဲ ရှိတယ်။ ”
ဟောက်ချန်ဟွမ်းရဲ့ အကြင်နာတရားကင်းမဲ့သော စကားလုံးများက ဟန်ချက်မညီသော လေထုကို ပိုလို့တောင် မွန်းကြပ်သိပ်သည်းသွားစေခဲ့သည်။
အရင်ဆုံး သတိဝင်လာသူက စုယန်ယန် ဖြစ်ပြီး စုန့်ယွမ်ယွမ်ရဲ့ ဖြူဖတ်ဖြူရော်ဖြစ်နေသော မျက်နှာကို ကြည့်ကာ စိတ်သက်သာရာရမှုကို စကားနှင့် မဖော်ပြနိုင်အောင် ခံစားလိုက်ရသည်။
“ နင် အခု နားလည်ပြီလား။ ”
စုန့်ယွမ်ယွမ်က အမြီးတက်နင်းခံလိုက်ရသော ကြောင်နာတစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် စုယန်ယန်ကို ကျိန်ဆဲဖို့ ပါးစပ်ပြင်နေတုန်းမှာပဲ ဟောက်ချန်ဟွမ်းက သူမကို တားဆီးလိုက်သည်။