← Chapters

အခန်း ၁၀၃၄

Vol. 69 Ch. 1034

အခန်း ၁၀၃၄

Vol. 69 Ch. 1034

အခန်း ( ၁၀၃၄ ) ကိုယ့်အတွက် အကျိုးမရှိဘဲ သူတစ်ပါးကို ထိခိုက်နာကျင်စေခြင်း။

“ ဆက်ပြီး ကျိန်ဆဲလိုက်ပါဦး။ မင်း ငါ့ဇနီးကို တစ်ကြိမ် ကျိန်ဆဲတိုင်း မင်းရဲ့ မိသားစုဝင်တစ်ယောက်ကို မင်းကို အဖော်ပြုခိုင်းဖို့ ပို့ပေးမယ်။ မင်း ငါ့ဇနီးကို လေးကြိမ်တိတိ ကျိန်ဆဲပြီးပြီ။ တစ်လအတွင်း မင်းရဲ့ မိသားစုလေးယောက်ကို မင်းကို အဖော်ပြုပေးဖို့ လွှတ်လိုက်မယ်။ စိတ်မပူနဲ့ ၊ ငါ မင်းကို စောင့်ခိုင်းရအောင် မလုပ်ဘူး။ ”

ဟောက်ချန်ဟွမ်းက နောက်ပြောင်သလို ပေါ့ပေါ့ပါးပါး ပြောနေတာ ဖြစ်သော်လည်း သူ့မျက်နှာအမူအရာနှင့် စုန့်ယွမ်ယွမ်ကို စိုက်ကြည့်နေသော အကြည့်ကို ကြည့်လျှင်တော့ ဘယ်သူကမှ သူ့ကို နောက်ပြောင်နေတယ်လို့ တွေးထင်မှာ မဟုတ်ပေ။

စုန့်ယွမ်ယွမ်က သူ့မျက်လုံးတွေကို ကြည့်ရင်း ကျောရိုးတစ်လျှောက် စိမ့်အေးသွားပြီး ခြေလက်တွေ မသယ်ချင်တော့လောက်အောင် အားလျော့ကာ တုန်လှုပ်သွားမိသည်။

“ ဟင့်အင်း … ရှင် အဲ့လို မလုပ်နိုင်ပါဘူး။ ”

ဟောက်ချန်ဟွမ်းသည် သူမအား သိမ်ဖျင်းသော ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်သလို အကြည့်မျိုးဖြင့် ကြည့်ကာ “ မှားတယ် … ငါ လုပ်နိုင်တယ်။ ” ဟု ပြောလိုက်လျှင် စုန့်ယွမ်ယွမ်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားလေသည်။

သူမ ဒီနိုင်ငံကို အစကတည်းက ပြန်မလာခဲ့သင့်ဘူးဆိုတာ အခုမှ သဘောပေါက်သွားသည်။ အောင်မြင်နိုင်ချေမရှိသော မျှော်လင့်ချက်ကို ဖက်တွယ်ပြီး ဒီအမျိုးသားဟာ စိတ်နှလုံးနူးညံ့လာကာ သူမအပေါ် စိတ်ပြောင်းသွားလိမ့်မည်လို့လည်း မထင်ခဲ့သင့်။

သူမ ကိုယ့်ကိုယ်ကိုယ် အများကြီး မျှော်လင့်ထားခဲ့မိတာပဲ … ။

စုယန်ယန်က စုန့်ယွမ်ယွမ်ရဲ့ အမူအရာပြောင်းလဲသွားတာကို မြင်သော်လည်း စိတ်ထဲမှာ နည်းနည်းလေးတောင် ကရုဏာမသက်မိပါ။ သူမရဲ့ ခင်ပွန်းကို သူမရှေ့မှာတောင် မျက်နှာပြောင်တိုက်စွာ ‌မြှူဆွယ်ရဲတဲ့ ဒီမိန်းမဟာ သူမနောက်ကွယ်မှာဆို ဘာတွေ တွေးနေမလဲ ဆိုတာ ဘယ်သူ သိမှာလဲ … ။

ထိုသို့ တွေးမိတိုင်း စုယန်ယန်ရဲ့ နှလုံးသားထဲမှာ ရွံရှာစက်ဆုပ်မှုတွေ လျှံတက်လာသည်။

တစ်ခါတရံမှာ ကိုယ့်ကို ပိုးပန်းသူတွေ အများကြီး ရှိတိုင်း ကောင်းတာ မဟုတ်ပါ။ အထူးသဖြင့် သူတို့ကိုယ်သူတို့ အရမ်း အထင်ကြီးကာ တစ်ဖက်လူကို သူတို့အပိုင်လို သဘောထား ဆက်ဆံသော်လည်း အနည်းငယ်မျှ လေးစားမှုမရှိတဲ့ ပိုးပန်းသူတွေ ရှိနေခြင်းက သာ၍ ဆိုးသည်။ သူတို့က အလွယ်တကူ ရှင်းထုတ်လို့ မရတဲ့ ပြဿနာတွေ ဖြစ်သည်။

ထိုအပိုင်းမှာတော့ ချန်ဖန့်လန်က သူမနှင့် အတော်လေး တူသည်။

......

စုယန်ယန်တစ်ယောက်တည်း အတွေးနွံထဲမှာ နစ်နေတုန်းမှာပဲ အဖြစ်အပျက်တွေအားလုံးကို ဘေးတစ်ဖက် အကျဉ်းခန်းထဲကနေ ‌တိတ်ဆိတ်စွာ ကြည့်နေသော ချန်ဖန့်လန်က သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပုံဖြင့် ဝမ်းနည်းကြေကွဲဖွယ် အမူအရာနှင့် “ ယန်ယန် ” ဟု အော်ခေါ်ခဲ့သည်။

“ ကျွန်မတို့က တစ်ယောက်နဲ့ တစ်ယောက် သိပ်မရင်းနှီးဘူးနော် လူကြီးမင်းချန်။ ”

ချန်ဖန့်လန်ရဲ့ မျက်နှာက ရုတ်တရက် အေးခဲသွားကာ ဘေးအကျဉ်းခန်းထဲရှိ စုန့်ယွမ်ယွမ်က ချန်ဖန့်လန်ရဲ့ ယုံကြည်မှုလွဲကွဲခြင်းကို လှောင်ရယ်သကဲ့သို့ ခပ်ဟက်ဟက် ရယ်လိုက်သည်။

သူမ အဆင်မပြေသလို သူလည်း အဆင်ပြေနေတာ မဟုတ်ပါ။ နှစ်ယောက်လုံးက တစ်လှေတည်း စီးနေသည့် လူချင်းအတူတူ အပြန်အလှန် စိတ်အနှောင့်အယှက်ပေးနေလို့ ဘာမှ မထူး။

ချန်ဖန့်လန်ရဲ့ အိုင်ကျူက စုန့်ယွမ်ယွမ်ထက်တော့ နည်းနည်းလေး ပိုမြင့်ပါသေးသည်။ သူ့မျက်နှာအမူအရာက စက္ကန့်ပိုင်းသာ အေးခဲသွားကာ အမြန် ပြန်သတိဝင်လာပြီး “ ငါတို့ကြားမှာ အထင်လွဲစရာတွေ ရှိနေတာလား။ ” ဟု မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

“ ဦးလေးရဲ့ ကုမ္ပဏီကို မဟုတ်မမှန် စွပ်စွဲခဲ့တဲ့ လူက ရှင် မဟုတ်ဘူးလား။ ”

“ ငါက ဘယ်လိုလုပ် … ”

စုယန်ယန်က သူ့ကို ရှင်းပြခွင့်မပေးဘဲ ဖြတ်ပြောလိုက်သည်။ “ အဘိုးကလည်း လာဘ်ပေးလာဘ်ယူလုပ်ပါတယ် ၊ သူများရဲ့ သုတေသနရလဒ်တွေကို နာမည်ကောင်းဝင်ယူပါတယ် ဆိုပြီး မဟုတ်မမှန် စွပ်စွဲခံထားရတာ။ အဲ့ကိစ္စက ရှင့်လက်ချက် မဟုတ်ပါဘူးလို့ ရှင် ပြောရဲလား။ ”

“ ငါ … ” ချန်ဖန့်လန်သည် စုယန်ယန်ရဲ့ မျက်လုံးတွေကို ကြည့်ရင်း နှလုံးသားထဲမှာ မသိမသာ တုန်လှုပ်ကာ သူ့မျက်လုံးထဲမှာ မလုံမလဲ အရိပ်အယောင်တွေ ဖြတ်ပြေးသွားလေသည်။

သို့သော်လည်း ထိုအမှုမှာ သူ ပါဝင်ပတ်သက်နေတယ် ဆိုတာကိုတော့ မဝန်ခံနိုင်ပါ။ အကြောင်းကတော့ သူ ဝန်ခံလိုက်သည်နှင့်တစ်ပြိုင်နက် သူ့ဘဝကြီး ပျက်ကိန်းဆိုက်သွားမှာကြောင့်ပဲ ဖြစ်သည်။

“ နင် ပြောနေတဲ့ စကားတွေကို ငါ နားမလည်ဘူး ယန်ယန်။ ဦးလေးနဲ့ သခင်ကြီးချန်ရဲ့ သတင်းတွေကို ငါ ကြားပါတယ်။ အဲ့ဒီသတင်းတွေကို မမှန်ပါစေနဲ့လို့ ငါလည်း ဆုတောင်းနေခဲ့တာ ၊ ဒါပေမဲ့ အခုတလော ငါ့မိဘတွေရဲ့ အိမ်ထောင်ရေးပြဿနာတွေနဲ့ လုံးပန်းနေရတော့ ငါ ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်နိုင်ခဲ့ဘူး။ အဲ့ဒါကြောင့် ငါ့မှာ ဦးလေးနဲ့ သခင်ကြီးကို ဂရုတစိုက် သတင်းမေးဖို့ အချိန်မရခဲ့တာပါ။ ငါ သတင်းမမေးတာကြောင့်နဲ့ပဲ ငါ့ကို ဒီအမှုထဲမှာ ပါဝင်ပတ်သက်နေတယ်လို့ ထင်လို့ မရဘူးလေ။ နင်က ငါ့ကို နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ လူလို့တောင် ထင်နေတယ်။ ဦးလေးနဲ့ သခင်ကြီးချန်တို့ ဒုက္ခရောက်တော့ ငါ ဘာအကျိုးအမြတ် ရသွားမှာမို့လို့လဲ။ ”

“ ဦးလေးနဲ့ အဘိုးချန်တို့ ဒုက္ခရောက်ရင် ရှင့်အတွက် တိုက်ရိုက် အကျိုးအမြတ်တော့ မရှိဘူးပေါ့။ ဒါပေမဲ့ ဒီကမ္ဘာပေါ်မှာ သူတစ်ပါးကို ထိခိုက်နာကျင်စေတာက ကိုယ့်အတွက် အကျိုးမရှိဘူး ဆိုရင်တောင် ပျော်ပျော်ကြီး ကျူးလွန်နေတဲ့ လူစားမျိုးတွေ ရှိတယ်။ အဲ့ဒါက သူတို့ရဲ့ နိမ့်ကျသိမ်ဖျင်းတဲ့ မာနကြောင့်ပဲ။ ”

“ ယန်ယန် … နင် … ” ချန်ဖန့်လန်က မျက်မှောင်ကြုတ်ပြီး ရှင်းပြဖို့ ပါးစပ်ပြင်လိုက်သော်လည်း စုယန်ယန်က သူ့ကို နောက်တစ်ခေါက် ဖြတ်ပြောခဲ့သည်။

“ ရှင် ဘာလို့ ဒီနေရာမှာ ရောက်နေတာလို့ ထင်လဲ။ ကျွန်မမှာ တိကျခိုင်လုံတဲ့ သက်သေမရှိဘဲ ရှင့်ကို ဒီလို စကားမျိုး ပြောလိမ့်မယ်လို့ ထင်နေတာလား။ ရဲတွေကရော ခိုင်လုံတဲ့ သက်သေမရှိဘဲ ရှင့်ကို ဖမ်းချင်တိုင်း ဖမ်းလို့ ရတယ်လို့ ထင်နေတာလား။ ”

All Chapters