အခန်း ၁၀၃၅
Vol. 69 Ch. 1035
အခန်း ( ၁၀၃၅ ) အဲ့ဒီတော့ ဘာဖြစ်လဲ။
ချန်ဖန့်လန်ရဲ့ မျက်နှာက စိမ်းတစ်လှည့် ၊ ဖြူတစ်လှည့် အရောင်ပြောင်းနေသည်။
စုယန်ယန်ကတော့ သူနှင့် စကားဆက်ပြောဖို့ ပျင်းရိလှသည်။ တကယ်လို့သာ ချန်ဖန့်လန်ကလည်း စုန့်ယွမ်ယွမ်လိုပဲ အော်ဟစ်ငိုယိုပြီး ပြဿနာရှာနေလျှင်တော့ စကားဆက်ပြောချင်သော်လည်း အခု သူက ဒီလို ပုံစံမျိုး ဖြစ်နေတာပါ။
သူ ကျူးလွန်းထားသော အပြစ်တွေ ဘူးပေါ်သလို ပေါ်သွားတာကို သိပေမဲ့ ဝန်ခံဖို့ ငြင်းဆန်နေဆဲ ၊ ဒီကိစ္စထဲက သူ့ကိုယ်သူ ဆွဲထုတ်ဖို့ အစွမ်းကုန် ကြိုးစားနေဆဲ။ သူက သူမတို့ကို အမှန်တကယ်ပဲ အရူးတွေလို သဘောထားနေတာ ဖြစ်သည်။
“ ရှင် ဒီစကားတွေကို ပြောဖို့အတွက်နဲ့ ကျွန်မနဲ့ တွေ့ခွင့်ရဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတာ ဆိုရင်တော့ ဒီမှာတင်ပဲ ဇာတ်လမ်းပြီးပြီ။ ကျွန်မ ရှင် ဆက်ပြောမယ့် စကားတွေကို နားမထောင်ချင်ဘူး။ ဒီလောက်ပဲပေါ့။ သွားကြမယ်။ ”
စုယန်ယန်က ပြောရင်း ဟောက်ချန်ဟွမ်းကို လက်ဆွဲ၍ ခေါ်သွားလိုက်လျှင် ထိုမြင်ကွင်းကို မြင်သော ချန်ဖန့်လန်က တခြား ဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။ “ နေပါဦး ယန်ယန်။ ”
“ ရှင့်မှာ ပြောစရာ ကျန်သေးလို့လား။ ”
ချန်ဖန့်လန်က စုယန်ယန်ကို အနည်းငယ် လှောင်ပြောင်ရိပ်စွက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ အံကြိတ်ကာ မဝံ့မရဲ ပြောလိုက်သည်။ “ မင်း အားလုံး သိနေတာလား။ ”
“ ဘာကို သိရမှာလဲ။ ” စုယန်ယန်က သူ့မျက်လုံးတွေထဲကို တည့်တည့်မတ်မတ် စိုက်ကြည့်ရင်း အပြုံးမဟုတ်သော အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။ “ ဒီကိစ္စတွေအားလုံးရဲ့ နောက်ကွယ်က လူက ရှင် ဆိုတာ ကျွန်မ သိတယ်လေ။ ရှင်က ဦးလေးရဲ့ ကုမ္ပဏီက ဝန်ထမ်းတွေကို လာဘ်ထိုးပြီး ဦးလေးနဲ့ အဘိုးကို မဟုတ်မမှန် စွပ်စွဲတိုင်ကြားခဲ့တာလည်း သိတယ် ၊ သူတို့ ပျက်စီးမှ ရှင် အမြင့်ကို တက်လှမ်းနိုင်မှာကိုး။ ဒါမှမဟုတ် ရှင် ကျွန်မကို သဘောကျလို့ ဒီလုပ်ရပ်တွေ အားလုံးကို လုပ်ခဲ့တယ်ဆိုတာ သိလားလို့ မေးတာလား။ ကျွန်မမှာ ရှင်က လွဲပြီး အားကိုးစရာလူ မရှိတော့အောင်လို့ ကျွန်မရဲ့ ဦးလေးနဲ့ အဘိုးကို အဲ့ဒီလို ထိုးနှက်ပြီး လက်စားချေချင်ခဲ့တာ။ ”
“ ထင်ထားတဲ့အတိုင်း နင် သိနေတာပဲ။ ” ချန်ဖန့်လန်သည် သူ့ရဲ့ နောက်ဆုံး သရုပ်မှန်အလွှာကို ဖုံးကွယ်မထားတော့ဘဲ သူ့ကို တားဆီးချုပ်နှောင်ထားတဲ့ အဟန့်အတား တချို့ကိုလည်း ဖျက်ဆီးလိုက်ပုံဖြင့် စုယန်ယန်က ပြင်းပြသော ဆန္ဒတို့ တောက်လောင်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ ငါ နင့်ကို သဘောကျတယ် ယန်ယန်။ ငါ နင့်ကို သဘောကျတာ အရမ်းကို ကြာခဲ့ပြီ။ ငါ နင့်ကို ဘယ်လောက် သဘောကျတယ် ၊ ဘယ်အချိန်ကတည်းက သဘောကျခဲ့တယ်ဆိုတာ နင် သိမှာ မဟုတ်ဘူး။ ငါတို့က သွေးသားလည်း မတော်စပ်ဘဲနဲ့ သူတို့က ငါ့ကို ဘာလို့ တားဆီးတာလဲ။ သူတို့က ငါ့ကို နင်နဲ့ ရံဖန်ရံခါ တွေ့ခွင့်လေးတောင် မပေးဘူး။ နင်နဲ့ ပတ်သက်တဲ့ ငါ့ခံစားချက်တွေကို သိသွားတာနဲ့ ငါ့ကို နိုင်ငံခြားကို ပို့ပြီး နင်နဲ့ ဘယ်တော့မှ နောက်တစ်ခေါက် ထပ်တွေ့ခွင့် မပေးခဲ့ဘူး။ ”
“ သူတို့အားလုံး သေဖို့ ထိုက်တန်တယ်။ ငါ့ကို နင်နဲ့ အတူမရှိနိုင်အောင် တားဆီးခဲ့တဲ့ လူတွေ အကုန်လုံး သေဖို့ ထိုက်တန်တယ်။ သူတို့ သေသွားရင် ဘယ်သူကမှ ငါတို့ကို တားဆီးနိုင်မှာ မဟုတ်တော့ဘူး။ သူတို့ သေသွားတာနဲ့ နင်က ငါနဲ့အတူ ရှိလာလိမ့်မယ် ၊ နင်က ငါတစ်ယောက်တည်းရဲ့ အပိုင် ဖြစ်လာလိမ့်မယ်။ ”
နောက်ဆုံးတော့ ချန်ဖန့်လန်ရဲ့ သူ့ရဲ့ အရူးသဖွယ် အစိတ်အပိုင်းကို ချပြခဲ့သည်။ စုယန်ယန်ကို သူ့ကို အလွှတ်ပေးမှာ မဟုတ်သလို ချန်မိသားစုကလည်း သူ့ကို အလွှတ်မပေးဘူးဆိုတာ သိသည်။ အဲ့လိုဆို ဒီနှစ်တွေ တစ်လျှောက်လုံး သူ ဖုံးကွယ်ခဲ့ရတဲ့ အတွေးတွေကို ဆက်ဖုံးကွယ်ထားစရာ မလိုတော့။
ဟောက်ချန်ဟွမ်းသည် အဲ့ဒီကောင့်ရဲ့ သူ့ဇနီးအပေါ် ပွင့်လင်းဗြောင်ကျသော ဝန်ခံချက်နှင့် ရူးသွပ်လုနီးပါး ပိုင်ဆိုင်လိုစိတ်ကို နားထောင်ကာ အိုးတစ်လုံး၏ အောက်ခြေကဲ့သို့ မျက်နှာမည်းမှောင်သွားခဲ့သည်။ သူ အကျဉ်းခန်းထဲက အဲ့ဒီကောင်ကို တစ်ခုခု လုပ်ဖို့ ပြင်နေတုန်းမှာပဲ စုယန်ယန်က သူ့ကို တားသည်။
“ အဲ့ဒီတော့ ဘာဖြစ်လဲ။ ”
“ ဘာ … ”
“ သူတို့ ရှင့်ကို တားဆီးတော့ရော ဘာဖြစ်လဲ။ ” စုယန်ယန်က သူ့ကို ရေခဲတမျှ အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ “ ရှင်က အစကတည်းက မှားယွင်းခဲ့တာပဲ။ ရှင် ကျွန်မကို သဘောမကျပေမဲ့ ကျွန်မမှ ရှင့်ကို သဘောမကျတာ။ ဒီကိစ္စက သွေးသားတော်စပ်တာ ၊ မတော်စပ်တာနဲ့ မဆိုင်ဘူး။ သူတို့ ရှင့်ကို နိုင်ငံခြားကို မပို့ခဲ့ရင်တောင် ကျွန်မက ရှင်နဲ့ အတူရှိနေမှာ မဟုတ်ဘူး။ ”
ချန်ဖန့်လန်ရဲ့ ခန္ဓာကိုယ်က တုန်ယင်သွားပြီး မူလတုန်းက တည်ငြိမ်အေးဆေးသော သူ့မျက်နှာက ဘီလူးသရဲသဖွယ် ရက်စက်ကြမ်းကြုတ်သွားခဲ့သည်။ “ ဒါဆို နင် သဘောကျတဲ့လူက ဘယ်သူလဲ။ သူလား။ ”
ချန်ဖန့်လန်က ဟောက်ချန်ဟွမ်းကို လက်ညိုးထိုးပြီး အံကြိတ်၍ ဒေါသတကြီး ပြောဆိုခဲ့သည်။ “ ငါက သူ့ထက် ဘယ်နေရာမှာ နိမ့်ကျနေလို့လဲ။ သူ နင့်ကို ပေးနိုင်တဲ့ ဘယ်အရာမဆို ငါလည်း ပေးနိုင်တယ်။ နင်သာ ငါ့ကို ပြန်ချစ်မယ်ဆိုရင် သူနဲ့ လက်ထက်ပြီး သူ့ကလေးကို မွေးထားလည်း ကိစ္စမရှိဘူး။ နင် လိုချင်တဲ့ အရာအားလုံးကို ငါ ပေးမယ်။ ”