အခန်း ၁၀၃၆
Vol. 70 Ch. 1036
အခန်း ( ၁၀၃၆ ) မင်းက အရည်အချင်းမပြည့်မီဘူး။
ချန်ဖန့်လန်က စကားပြောရင်း စုယန်ယန်ကို လှမ်းဆွဲချင်နေပုံဖြင့် သူ့လက်ကိုတောင် ဆန့်တန်းထုတ်ခဲ့သည်။ “ မင်း သူ့ကို ဘာကြည့်ပြီး ချစ်တာလဲ။ ပိုက်ဆံကြောင့်လား။ မင်း သူ့ကို တကယ် ချစ်တာလို့တော့ လာမပြောနဲ့နော်။ မင်း သူနဲ့ လက်ထပ်တုန်းက သူက ဘယ်သူမှ မလိုချင်တဲ့ ဒုက္ခိတိ မသန်စွမ်းတစ်ယောက်ပဲ။ ”
စုယန်ယန်က ဟောက်ချန်ဟွမ်းအား မသန်စွမ်းဟု ပြောသူတွေကို အမုန်းဆုံး ဖြစ်သည်။ ချန်ဖန့်လန်ရဲ့ စကားက သူမရဲ့ အရှိုက်ကို တည့်တည့်ထိသွားသည်ဟု ပြောလို့ ရကာ သူမရဲ့ ခန္ဓာကိုယ်ထဲမှာ မီးတောက်တွေ ဟုန်းခနဲ ထတောက်လာခဲ့သည်။
“ ရှင် ကျွန်မကို မယုံဘူးလား။ ကျွန်မက သူ့ရဲ့ အရှိအတိုင်း ဖြစ်တည်မှုကိုပဲ သဘောကျတာ။ သူ လူကောင်းပဲဖြစ်ဖြစ် ၊ မသန်စွမ်းပဲဖြစ်ဖြစ် ကျွန်မ သူ့ကို သဘောကျတယ်။ အမှန်တရားက ရှင်ကတော့ ကျွန်မရဲ့ နှလုံးသားထဲမှာ မသန်စွမ်းလောက်တောင် အရေးမပါဘူး။ မဟုတ်ဘူး … ရှင်က သူ့ရဲ့ ဆံခြည်မျှင် တစ်မျှင်နဲ့တောင် ယှဉ်လို့ မရဘူး။ သူနဲ့ အယှဉ်ခံရဖို့တောင် မထိုက်တန်ဘူး။ ”
“ ပိုက်ဆံလား။ ရှင့်နဲ့ နံစော်နေတဲ့ ပိုက်ဆံတွေကို ကျွန်မက ဂရုစိုက်မယ်လို့ ထင်နေတာလား။ ကျွန်မ မင်္ဂလာဆောင်တုန်းက ကျွန်မရဲ့ မိဘတွေ ပေးခဲ့တဲ့ လက်ဖွဲ့ပစ္စည်းတွေ ၊ ကျွန်မရဲ့ ယောက်ျား ပေးထားတဲ့ စေ့စပ်ကြောင်းလမ်း ပစ္စည်းတွေနဲ့တင် ရှင် နှစ်ရာချီပြီး ပင်ပင်ပန်းပန်း ရှာထားတဲ့ ပိုက်ဆံတွေနဲ့ ညီမျှတယ်။ ရှင်က အရည်အချင်းမရှိဘူး ၊ သူများတွေလောက်လည်း ပိုက်ဆံမရှာနိုင်ဘူး။ အဲ့ဒါနဲ့တောင် ရှင်က သူ့ထက် မနိမ့်ကျဘူးလို့ ဘယ်နေရာက သတ္တိနဲ့ ကြွေးကြော်ရဲတာလဲ။ ရှင့်ဘေးခန်းက အကျဉ်းဖော်မိန်းမက ပြောတာလား။ ”
“ ခွီး … ” စုယန်ယန်ရဲ့ စကားကြောင့် ဟောက်ချန်ဟွမ်းထံမှ ရယ်သံထွက်လာသည်။ ဟောက်ချန်ဟွမ်းသည် အခုချက်ချင်းပဲ အသံထွက် ရယ်မောမိတော့မလိုရှိပြီး သူ့နှလုံးသားထဲက ဒေါသတွေ အကုန်အစင် ပျောက်ကွယ်သွားခဲ့သည်။
သူ့ဇနီးရှေ့မှာ ယောက်ျားဂုဏ်ရည်ကို မဖော်ပြနိုင်တဲ့အတွက် နောင်တရမိသော်လည်း သူ့ကို သူ့ဇနီး ကာကွယ်ပေးပုံက သူမအား အဆုံးတိုင် ချစ်မိစေပါသည်။
ချန်ဖန့်လန်သည် သူမရဲ့ စကားကြောင့် ဆွံ့အသွားကာ ခဏကြာတော့မှ သတိပြန်ဝင်လာခဲ့သည်။ “ ဒါက မင်း သူနဲ့ လက်ထပ်ခဲ့ရတဲ့ အကြောင်းပြချက်လား။ မင်းနဲ့ ပတ်သက်ပြီး ငါ ကောက်ချက်ချ မှားခဲ့တာပဲ။ ငါ့အမေ ပြောတာ မှန်တယ်။ မင်းလည်း အဲ့ဒီ အနှစ်သာရ မရှိတဲ့ မိန်းမတွေနဲ့ အတူတူပဲ။ ”
စုယန်ယန်သည် မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်ကာ ဒီဦးနှောက်မရှိတဲ့ လူတွေကို တရားပြလို့ ရမှာ မဟုတ်ဘူးလို့ ခံစားလိုက်ရသည်။
ဟောက်ချန်ဟွမ်းသည် တခြားလူတွေ စုယန်ယန်အကြောင်း မကောင်းပြောတာကို နားထောင်စွမ်းမရှိသောကြောင့် လှောင်ပြုံး ပြုံးလိုက်သည်။ “ ဟုတ်တယ်။ ငါက ငါ စုဆောင်းထားတဲ့ စည်းစိမ်ဥစ္စာတွေအားလုံးကို ပုံအောပြီး ယန်ယန့်ကို လက်ထပ်ယူခဲ့တာ။ ”
“ မင်း … ”
ချန်ဖန့်လန်ရဲ့ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး စုန့်ယွမ်ယွမ်ကလည်း သံတိုင်းကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူ့ရဲ့ မျက်လုံးထဲမှာ မနာလို ဝန်တိုမှုတွေ ၊ အမုန်းတရားတွေ အပြည့်အသိပ် ရှိနေ၏။
“ သူက အဲ့လိုမျိုး တန်ဖိုးထားခံရဖို့ ထိုက်တန်တယ် ၊ ငါကလည်း တန်ဖိုးထားပေးချင်တယ်။ ငါက အဲ့ဒီအရာတွေနဲ့ ငါ့ဘဝရဲ့ အလိုချင်ဆုံး အရာဖြစ်တဲ့ အသည်းအသက်လေးကို အရယူခဲ့တာ။ မင်း မယူနိုင်တာက မင်းက အသုံးမကျဘူး ၊ မင်းနဲ့ မထိုက်တန်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ ”
“ မင်း ယန်ယန့်ရဲ့ မိသားစုကို တိုက်ခိုက်ပြီး သူတို့ကို နာကျင်အောင် လုပ်ဖို့ ကြိုးစားကတည်းက မင်းမှာ ယန်ယန့်ကို သဘောကျပိုင်ခွင့် မရှိတော့ဘူး။ ” ဟောက်ချန်ဟွမ်းသည် ချန်ဖန့်လန်အား သေလူတစ်ယောက်ကို စိုက်ကြည့်နေသကဲ့သို့ အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။
“ မင်းက ယန်ယန့်ကို ငါနဲ့ လက်ထပ်ပြီး ငါ့ကလေးကို မွေးထားလည်း ကိစ္စမရှိဘူးလို့တောင် ပြောလိုက်သေးတယ်။ အဲ့ဒါကို ကြည့်ရုံနဲ့ မင်း သူ့ကို အထင်သေးတယ်ဆိုတာ သိသာတယ်။ မင်းက သူ့ကို ရုပ်ဝတ္ထုပစ္စည်းသက်သက်လို့ပဲ သဘောထားပြီး မင်းမှာ ပိုင်ဆိုင်ခွင့်ရှိတယ်လို့ ထင်နေတာ။ သူ့အပေါ် ဘယ်လို လေးစားမှုရှိရမလဲဆိုတာ နည်းနည်းလေးတောင် မသိဘူး။ မင်း သူ့ကို ပေးနိုင်တဲ့ အချစ်ဆိုတဲ့ အရာကလည်း ဟန်ပြသက်သက်ပဲ။ အဲ့ဒီလို သိမ်ဖျင်းလွန်းတဲ့ အရည်အချင်းနဲ့ မင်းကများ ယန်ယန့်ကို အနှစ်သာရမရှိဘူးလို့ ပြောရဲတယ်။ ”
“ သွားရအောင် … သူတို့နဲ့ အချိန်ကုန်ခံမနေနဲ့တော့။ ” စုယန်ယန်က ဘယ်လို တရားပြ,ပြ တရားပေါက်မည့်ပုံမပေါ်သော နှစ်ယောက်ကို ကြည့်ကာ သူမ ဒီနေ့ ဒီနေရာကို လာခဲ့မိတာ အမှားပဲလို့ ခံစားလိုက်ရသည်။ “ အချိန်ကုန်တာပဲ အဖတ်တင်တယ်။ ကျွန်မ ဒီနေရာကို လာခဲ့မိတာတောင် နောင်တရနေပြီ။ ”
ဟောက်ချန်ဟွမ်းကလည်း စုယန်ယန်ရဲ့ ဒီနေရာက ထွက်သွားဖို့ တောင်းဆိုချက်ကို သဘာဝကျစွာပင် ငြင်းဆန်စရာ အကြောင်းပြချက် မရှိပါ။ သူ ချက်ချင်းပဲ စုယန်ယန်ရဲ့ လက်ကို ဆွဲပြီး သူမကို ခေါ်ထုတ်လာခဲ့ကာ တစ်ယောက်ကို တစ်ယောက် စိုက်ကြ့ည့်၍ လှောင်ပြောင်နေတဲ့ အရှုံးသမား နှစ်ယောက်ကို ချန်ရစ်ထားခဲ့သည်။
“ အဲ့ဒီတော့ ဒါက ရှင် အသည်းအသန် မက်မောပိုင်ဆိုင်ချင်နေတဲ့ ရှင့်အိပ်မက်ထဲက ကောင်မလေးပေါ့လေ။ သူ ရှင့်ကို ဂရုစိုက်တယ်လို့ ထင်နေလား။ ရှင်က သက်သက်မဲ့ လူအလှောင်ခံရအောင် လုပ်နေတာပဲ။ ”