← Chapters

အခန်း ၁၀၄၃

Vol. 70 Ch. 1043

အခန်း ၁၀၄၃

Vol. 70 Ch. 1043

1043 01

အခန်း ( ၁၀၄၃ ) အရာအားလုံး ပြေလည်သွားခြင်း။

အမျိုးသမီးလီက ထိုသို့ ပြောရင်း စကားတစ်ဝက်တစ်ပျက်နှင့် သမီးဖြစ်သူကို လှမ်းကြည့်သည်။ သူမရဲ့ မျက်လုံးတွေက အနည်းငယ် နီရဲနေသော်လည်း လျင်မြန်စွာပဲ စိတ်တည်ငြိမ်သွားကာ မျက်လုံးထဲမှာ ပျော်ရွှင်မှုတွေ သိသိသာသာ လျှံထွက်လာခဲ့သည်။

“ သူက အခုဆို အဒေါ်တို့နဲ့ စကားပြောလာပြီ ၊ ကုသမှုခံယူဖို့လည်း စိတ်ပါလာပြီ။ အရင်တုန်းက ဒီကိစ္စကို အဒေါ်တို့ တွေးတောင် မတွေးရဲဘူး။ ဒါတွေအားလုံးက မိန်းကလေးစုရဲ့ ကျေးဇူးကြောင့်ပါပဲ။ မိန်းကလေးစုက အဒေါ်တို့မိသားစုရဲ့ ကျေးဇူးရှင်ပါ။ ကျေးဇူးတင်ကြောင်း ဖော်ပြတဲ့ ဒီလက်ဆောင်လေးတွေကို မိန်းကလေးစု လက်ခံလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဒေါ်တို့ကို အနာဂတ်မှာလည်း ကူညီပေးပါဦး။ ”

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ပထမတုန်းက အဘိုးလီနှင့် အဘွားလီက လီအန်းနန်ကို စုယန်ယန်ဆီ ခေါ်သွားချင်သော်လည်း သူမတို့လင်မယားကတော့ ကန့်ကွက်ခဲ့သည်။

လွန်ခဲ့တဲ့ နှစ်တွေအတွင်း လီအန်းနန်အတွက် နာမည်ကြီး ဆရာဝန်များစွာကို သူတို့ လိုက်ရှာခဲ့သည်။ အသက် နှစ်ဆယ်စွန်းစွန်းပဲ ရှိသေးတဲ့ အမျိုးသမီးငယ်လေး တစ်ယောက်က သူတို့ရဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်လိမ့်မည်လို့ မထင်ခဲ့ပါ။

လီအန်းနန်ကို သူမဆီ ခေါ်သွားလို့ သူတို့တွေ ထပ်နာကျင်ရရင် ဘယ့်နှယ့် လုပ်မလဲ … ။

သို့သော် အံ့ဩဖွယ်ရာကောင်းစွာဖြင့် မူလတုန်းက သူတို့ ဘာမျှော်လင့်ချက်မှ မထားခဲ့တဲ့ ဒီအမျိုးသမီးငယ်လေးဟာ သူတို့သမီးအား အရေးပါသော ခြေလှမ်းကို လှမ်းစေခဲ့သည်။

“ အဒေါ်က ကျွန်မကို ချီးကျူးလွန်းနေပါပြီ။ ကျွန်မက တတ်နိုင်တဲ့ အရာကိုပဲ လုပ်ခဲ့ရုံပါ။ အဓိကကျတာက မိန်းကလေးလီပါပဲ။ သူသာ ဆန္ဒမရှိရင် ဘယ်သူကမှ ဖိအားမပေးနိုင်ပါဘူး။ ”

အဲ့ဒါလည်း မှန်ပေမဲ့ စုယန်ယန်ရဲ့ အမာရွတ်ပျောက်လိမ်းဆေးက လီအန်းနန်ကို ပြန်လည်သက်သာစေနိုင်မယ့် မျှော်လင့်ချက်ပေးခဲ့တာကြောင့်သာ မဟုတ်ရင် သူမက ဒီချောက်နက်ထဲကနေ တွယ်တက်ပြီး အသိစိတ်စုစည်းခဲ့မှာ မဟုတ်ပေ။

အမျိုးသမီးလီသည် စုယန်ယန်ကို အလွန် ကျေးဇူးတင်မိသော်လည်း စုယန်ယန်က ကျေးဇူးတင်ခံရတာကို မကြိုက်မှန်း သိသောကြောင့် သူမကို ဆက်မချီးကျူးတော့ဘဲ ကျေးဇူးတင်စိတ်ကို နှလုံးသားထဲမှာသာ ကွယ်ဝှက်ထားလိုက်တော့သည်။

စုယန်ယန်က အမျိုးသမီးလီနှင့် စကားနည်းနည်းပါးပါး ပြောပြီးတော့ စုန့်လင်ဟွာတို့ ဇနီးမောင်နှံဆီ အာရုံလှည့်လိုက်သည်။

“ အဒေါ်စုန့် … အဒေါ်က ဘာလို့ … ”

စုန့်လင်ဟွာနှင့် လော့ပေါင်ကမ်းက တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး အိုးတိုးအမ်းတမ်း ပြောလိုက်သည်။ “ နင် ဒီတစ်ခေါက် အရမ်း လန့်သွားမှာပဲ။ ဒါက နင် စိတ်တည်ငြိမ်အောင်လို့ ငါတို့ ပေးတဲ့ လက်ဆောင်လေးပါ။ ”

“ အဒေါ်တို့က ယဉ်ကျေးလွန်းနေပါပြီ။ ” စုယန်ယန်ရဲ့ မျက်လုံးတွေက အရောင်လက်သွားသည်။ သူတို့နှစ်ယောက် ရည်ညွှန်းပြောဆိုနေသော အရာကို နားလည်‌တာမို့ ထိုအကြောင်းကို ထုတ်ဖော်မနေဘဲ ပြုံး၍သာ မေးလိုက်သည်။ “ အဒေါ်တို့ အခုတလော နေကောင်းကျန်းမာရဲ့လား။ တစ်ခုခု ပြဿနာတက်နေတာတွေ ဘာတွေ ရှိလား။ ”

သေချာပေါက် ပြဿနာတက်နေပါသည်။ စုယန်ယန် ထင်ထားတဲ့အတိုင်း စုန့်ယွမ်ယွမ် ဖမ်းဆီးခံလိုက်ရသည့်အခါ သူမရဲ့ မိသားစုက စုန့်လင်ဟွာကို အကူအညီလာတောင်းခဲ့သည်။

စုန့်လင်ဟွာသည် ထိုလူတွေမှာ သူမကို ဟိုဟာလုပ်ပါ ၊ ဒီဟာလုပ်ပါလို့ အမိန့်ပေးနိုင်လောက်အောင် ဘယ်လို ရဲတင်းမှုမျိုး ရှိနေသလဲ မသိသော်လည်း သူမကတော့ သူတို့ အမိန့်ပေးတဲ့အတိုင်း မလုပ်ဘဲ ဒီကိစ္စမှာ သူမရော ၊ လော့ပေါင်ကမ်းရော ကူညီမပေးနိုင်ကြောင်း ခပ်ပြတ်ပြတ် ပြောခဲ့သည်။ ဒီကိစ္စတွေအားလုံးဟာ စုန့်ယွမ်ယွမ်ရဲ့ လက်ချက်မို့ ဒီရလဒ်နှင့် ထိုက်တန်သည် ဟူ၍လည်း ပြောခဲ့သည်။

1043 02

သူတို့သာ ဉာဏ်ကောင်းလျှင်တော့ အနာဂတ်မှာ သူတို့မှာ ဘယ်တုန်းကမှ သမီးမရှိခဲ့သလို ဟန်ဆောင်ကာ ဘဝကို ရိုးဖြောင့်စွာ ၊ တာဝန်ကျေပွန်စွာ ဖြတ်သန်းသွားလိမ့်မည်။ မကောင်းသော လုပ်ရပ်တွေအားလုံးကို ရှောင်ရှားကာ သူတို့ရဲ့ ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်ကို ကောင်းကောင်းမွန်မွန် နေထိုင်သွားလိမ့်မည်။ အဲ့လို မဟုတ်ရင်တော့ …

ထိုစကားတွေကို ပြောလိုက်သည်နှင့်တစ်ပြိုင်နက် အကျိုးဆက်တွေကို ခန့်မှန်းကြည့်လို့ ရပါသည်။

စုန့်ယွမ်ယွမ်ရဲ့ မိဘတွေက စုန့်လင်ဟွာကို ဖုန်းတစ်ဖက်ကနေ ညစ်ညမ်းစွာ ဆဲဆိုကြိမ်းမောင်းခဲ့သည်။ စုန့်လင်ဟွာကတော့ သူတို့နှင့် အချိန်ကုန်ခံဖို့ ပျင်းရိလွန်း၍ ချက်ချင်း ဖုန်းချပြီး သူတို့ကို ဘလော့ပစ်ကာ ဆဲဆိုမှုတွေကို စောစောစီးစီး ကိစ္စဖြတ်ပစ်ခဲ့သည်။

သို့သော်လည်း စုန့်ယွမ်ယွမ်လို သမီးမျိုးကို ပျိုးထောင်ထားတဲ့ သူမရဲ့ မိဘတွေကလည်း အလွယ်တကူ ကိုင်တွယ်လို့ ရတဲ့ လူစားမျိုးတွေ မဟုတ်ပါ။ စုန့်လင်ဟွာ သူတို့ကို ဘလော့ထားလည်း သူတို့မှာ သူမကို အနှောင့်အယှက်ပေးဖို့ နည်းလမ်းတွေ ရှိနေသေးသည်။

ကံကောင်းစွာဖြင့် ထိုအခြေအနေက သိပ်တော့ မကြာခဲ့ပါ။ ပြောရင် ပြောတဲ့အတိုင်း လုပ်တတ်တဲ့ ဟောက်ချန်ဟွမ်းက စုန့်ယွမ်ယွမ်အား အဖော်ပြုပေးဖို့အတွက် သူမရဲ့ မိသားစုဝင် တချို့ကို ထောင်ထဲ ထည့်ခဲ့သည်။

စုန့်မိသားစုမှာ သူတို့ကို ပြန်လည် တိုက်ခိုက်နိုင်တဲ့ အင်အား မရှိပါ။ စုန့်မိသားစုသည် မိသားစုဝင် တချို့ကို ဆုံးရှုံးပြီးနောက်မှာတော့ စုန့်လင်ဟွာရဲ့ သတိပေးချက်တွေကို လျှော့မတွက်သင့်ကြောင်း နားလည်သွားပြီး တစ်မိသားစုလုံး ထောင်ထဲ ရောက်မသွားခင် အညံ့ခံဖို့ ရွေးချယ်ခဲ့ကြသည်။

“ အဆင်ပြေပါပြီ။ အားလုံး ပြေလည်သွားပြီ။ ”

+++++

All Chapters