အခန်း ၁၀၄၄
Vol. 70 Ch. 1044
1044 01
အခန်း ( ၁၀၄၄ ) တိုက်ဆိုင်မှု လုံးဝ မဟုတ်။
စုယန်ယန်က ဘာရယ်မဟုတ် မေးလိုက်ခြင်းသာ ဖြစ်သည်။ စုန့်မိသားစုရဲ့ အရေးကိစ္စတွေကို သူမ သိပ်စိတ်မဝင်စားပါ။ ထို့နောက် လီအန်းနန်နှင့် ထူဆးန်းစွာ ရုပ်ချင်းဆင်သော အမျိုးသားငယ်လေးတစ်ယောက်ဆီ လျင်မြန်စွာ အာရုံပြောင်းလိုက်သည်။
လီအန်းနန်နှင့်အတူ အရင်တစ်ခေါက်တုန်းက လိုက်လာပါတဲ့ အဘိုးလီ ၊ အဘွားလီတို့အပြင် ဒီတစ်ခေါက် သူမရဲ့ မိဘတွေလည်း ပါလာသည်။ ထို့ပြင် မျက်နှာပေါ်မှာ နူးညံ့သော အမူအရာရှိသည့် ဒီလူငယ်လေး ပါလာ၏။ သူက သူမကို အချိန်နှင့်အမျှ ကြည့်နေသည်။
“ သူက … ”
အမျိုးသမီးလီက စုယန်ယန်ရဲ့ မေးခွန်းကို ကြားသောအခါ ထိုကောင်လေးကို သူမနှင့် ချက်ချင်း မိတ်ဆက်ပေးသည်။ “ ဒါက အဒေါ့်ရဲ့ တူလေးပါ ၊ အဒေါ့်အစ်မရဲ့ သားပေါ့။ သူက သူ့ညီမဝမ်းကွဲလေး အန်းနန်နဲ့ အတူတူ ကြီးပြင်းလာတော့ အရမ်း ရင်းနှီးတယ်။ ဒီနေ့ အဒေါ်တို့ ဒီကို လာမယ် ဆိုတဲ့ သတင်းကို ကြားတော့ သူလည်း လိုက်လာတာလေ။ ”
အမျိုးသမီးလီက ထိုသို့ ပြောနေရင်း လူငယ်လေးကို လက်ယပ်ခေါ်လိုက်သည်။ “ မိန်းကလေးစုကို လာနှုတ်ဆက်ဦးလေ ကျစ်ဟုန်။ ”
“ ကျစ်ဟုန် ….. ” စုယန်ယန် ဆွံ့အသွားသည်။ “ ယင်ကျစ်ဟုန်လား … ”
သူက ဝမ်ကျင့်ဖျင် အသစ်စက်စက် မြှူဆွယ်ထားတဲ့ ရုပ်ရှင်သရုပ်ဆောင်လေး မဟုတ်လား။ ဒါ တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ဘူး … ။
ယင်ကျစ်ဟုန်ကလည်း သူ့နာမည်ကို အပြည့်အစုံ ခေါ်လိုက်သည့် စုယန်ယန်ကို ကြည့်ပြီး အနည်းငယ် အံ့ဩသွားကာ မျက်မှောင်ကြုတ်လိုက်သည်။ “ ခင်ဗျား ကျွန်တော့်ကို သိနေတာလား။ ”
လီမိသားစုက စုယန်ယန်ရဲ့ အလုပ်အကိုင်ကို သိသည်။ သူမက ဟောက်ချန်ဟွမ်းရဲ့ ဇနီးတင် မဟုတ်ဘဲ သူမမိဘတွေရဲ့ လက်ဖွဲ့ပစ္စည်းဖြစ်သော အန်တာတိန်းမန့် ကုမ္ပဏီ တစ်ခုကို ဦးစီးနေ၏။ အနုပညာနယ်ပယ်ထဲမှာ သူမရဲ့ ကုမ္ပဏီနှင့် စာချုပ်,ချုပ်ထားတဲ့ နာမည်ကြီး အမျိုးသားသရုပ်ဆောင် ၊ အမျိုးသမီးသရုပ်ဆောင်တွေ များစွာ ရှိသည်။
စုန့်လင်ဟွာနှင့် လော့ပေါင်ကမ်းပင်လျှင် ဒီနယ်ပယ်မှာ စုယန်ယန် ၊ ဟောက်မိသားစုတို့နှင့် လက်တွဲ အလုပ်,လုပ်ခဲ့သေးသည်။
“ မိန်းကလေးစု မမေးရင် အဒေါ်လည်း မေ့နေမှာ။ နင် ‘ အော်ပရာမင်းသမီး ’ ဇာတ်လမ်းတွဲကို အမြဲတမ်း ချီးကျူးနေခဲ့တာ မဟုတ်လား ကျစ်ဟုန်။ အဲ့ဒီ ဇာတ်လမ်းတွဲကို မိန်းကလေးစုရဲ့ ကုမ္ပဏီက ရင်းနှီးမြုပ်နှံပြီး နင့်အဘိုးလော့ကိုယ်တိုင် ရိုက်ကူးပေးခဲ့တာလေ။ ”
ဟေးရီ အန်တာတိန်းမန့်ရဲ့ ဧကရီဇာတ်လမ်းတွဲက ဆိုးဝါးသော အဆင့်သတ်မှတ်ချက်တွေကို ရရှိခဲ့သော်လည်း တုန်ချမ်းရဲ့ အော်ပရာမင်းသမီး ဇာတ်လမ်းတွဲကတော့ သူတို့နှင့် မိုးနှင့်မြေဟု ပြောလို့ ရကာ အဆင့်သတ်မှတ်ချက်တွေ အလွန် ကောင်းခဲ့သည်။ နှောင်းပိုင်း ထုတ်လွှင့်မှုကို ရောက်လာတာတောင် ကြည့်ရှုနှုန်း ကျမသွားဘဲ ဆထက်တပိုး မြင့်တက်နေဆဲ ဖြစ်သည်။
ဒီနေ့ခေတ် တီဗီ ဇာတ်လမ်းတွဲတွေက ဇာတ်သိမ်းကောင်းလေ့မရှိပါ။ ဇာတ်လမ်းတွဲရဲ့ ပထမ ဆယ်ပိုင်းဝန်းကျင်လောက်က ကြည့်ရှုသူတွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ပေမဲ့ နောက်ဆက်တွဲ ဆယ်ပိုင်းကတော့ ကြည့်ရှုသူတွေကို စိတ်ပျက်စေကာ ဇာတ်ကောင် တစ်ကောင်ရဲ့ အဆုံးသတ်ကို ကြည့်ချင်သော ကြည့်ရှုသူ များစွာအား လည်ချောင်းထဲမှာ ငါးအရိုးစိုက်နေသလို ခံစားရစေသည်။
ဇာတ်လမ်းတွဲ တစ်ခုကို အစပိုင်းလောက် ကြည့်ရှုပြီး အကြိုက်မတွေ့၍ ဆက်မကြည့်ရုံနှင့်ပင် နှမြောစရာကောင်းနေပါပြီ။ ကြည့်ရှူသူတွေက သူတို့ရဲ့ မကျေနပ်ချက်ကို ခပ်နိမ့်နိမ့် အဆင့်သတ်မှတ်ချက်တွေ ပေးပြီး ဖြေဖျောက်လေ့ရှိသောကြောင့် ဇာတ်လမ်းတွဲတွေရဲ့ အဆင့်သတ်မှတ်ချက်တွေက ထိုးကျလေ့ရှိသည်။
အော်ပရာမင်းသမီး ဇာတ်လမ်းတွဲကတော့ အစအဆုံး အရည်အသွေးမြင့်သော ဇာတ်လမ်းဇာတ်ကွက် ၊ သရုပ်ဆောင်မှု ၊ ရိုက်ကူးမှုတွေကြောင့် ထုတ်လွှင့်မှု အလယ်ပိုင်းနှင့် နှောင်းပိုင်းကို ရောက်လာတာတာင် ကြည့်ရှုသူတွေရဲ့ တစ်ခဲနက် နှစ်သက်အားပေးခြင်းကို ရခဲ့ပြီး တစ်လ ၊ နှစ်လအတွင်းမှာပဲ ဒီနှစ်ရဲ့ နာမည်အကြီးဆုံး ဇာတ်လမ်းတွဲ ဖြစ်လာခဲ့လေသည်။
ဒီဇာတ်လမ်းတွဲရဲ့ အဓိက ရင်းနှီးမြုပ်နှံသူဖြစ်သော တုန်ချမ်း အန်တာတိန်းမန့်ကတော့ မထူးဆန်းစွာပဲ ဝက်ဝက်ကွဲ အောင်မြင်သည့် ဒီဇာတ်လမ်းတွဲရဲ့ အဓိက အောင်နိုင်သူ ဖြစ်သည်။ ဒီဇာတ်လမ်းတွဲ တစ်ခုတည်းနှင့်ပင် မနှစ်တုန်းက နှစ်ဝက်ကျော် ရင်းနှီးမြုပ်နှံမှုတွေကို ပြန်လည်ရရှိခဲ့သည်။
အဲ့ဒါက စုယန်ယန်ရဲ့ IP အစီအစဉ်အတွက် ခိုင်မာသော ပထမခြေလှမ်းကို စတင်ပေးခဲ့သည်။
1044 02
ယင်ကျစ်ဟုန်က ထိုဇာတ်လမ်းတွဲကို အမှန်တကယ်ပဲ ချီးကျူးခဲ့ပြီး သူ့ဆွေမျိုး ၊ အသိမိတ်ဆွေတွေကိုတောင် ညွန်းဆိုပေးခဲ့သည်။ တခြား အကြောင်းတွေကိုတော့ ပြောနေစရာပင် မလိုတော့ပါ။ ယင်ကျစ်ဟုန်က လီမိသားစု တော်တော်များများကိုပါ ထိုဇာတ်လမ်းတွဲအား အတင်းအကြပ် ကြည့်ခိုင်းခဲ့သည်။
သို့သော်လည်း သူ့ရိုက်ကူးရေးတွေ စတင်တဲ့ လ,က စလို့ သူ့မိသားစုက ထိုဇာတ်လမ်းတွဲကို ပျော်ရွှင်စွာ ဆက်ကြည့်နေသော်လည်း ထိုဇာတ်လမ်းတွဲကို မူလတုန်းက စိတ်လိုလက်ရ ညွှန်းဆိုမျှဝေခဲ့တဲ့ ယင်ကျစ်ဟုန်ကတော့ ဆန့်ကျင်ဘက်အနေဖြင့် ထိုဇာတ်လမ်းတွဲအကြောင်း သိပ်မပြောတော့ပေ။
ဘယ်သူကမှ အဲ့ဒါကို ရှည်ရှည်ဝေးဝေး မစဥ်းစားခဲ့ကြပါ။ သူတို့ကလည်း ယင်ကျစ်ဟုန်ဟာ ရိုက်ကူးရေးတွေနှင့် အလုပ်ရှုပ်နေသောကြောင့် ဇာတ်လမ်းတွဲကြည့်ဖို့ အချိန်မရတော့တာလို့ ထင်သောကြောင့် ဇာတ်လမ်းတွဲအကြောင်းကို သဘာဝကျစွာပင် သူနှင့် မဆွေးနွေးဖြစ်တော့။
ဒါပေမဲ့ အမှန်တရားကတော့ ကွဲပြားပုံပေါ်သည်။
+++++