← Chapters

အခန်း ၁၀၄၅

Vol. 70 Ch. 1045

အခန်း ၁၀၄၅

Vol. 70 Ch. 1045

1045 01

အခန်း ( ၁၀၄၅ ) အဲ့ဒီတော့ မင်းက အမျိုးသားဇာတ်လိုက်ပေါ့။

ယင်ကျစ်ဟုန်က အော်ပရာမင်းသမီး ဇာတ်လမ်းတွဲအကြောင်း သူ့အဒေါ် ပြောတာကို ကြားချိန်တွင် ဦးနှောက်ထဲမှာ ခဏလောက် ဗလာနိတ္ထိဖြစ်သွားခဲ့သည်။ သူ့မျက်နှာပေါ်က အမူအရာကအစ ဗလာသက်သက် ဖြစ်သွားသည်။

အမျိုးသမီးလီကတော့ သူ့ပုံစံကို ကြည့်ပြီး ထွေထွေထူးထူး မတွေးခဲ့ပေ။ သူ နှစ်သက်သော ဇာတ်လမ်းတွဲကို သူ သိတဲ့ တစ်စုံတစ်ယောက်က ရေးသားထားတာကို ရုတ်တရက် သိလိုက်ရသောကြောင့် ထိတ်လန့်ကာ ဘယ်လို တုံ့ပြန်ရမှန်းမသိ ဖြစ်သွားတာလို့သာ တွေးခဲ့သည်။

အခြားတစ်ဖက်၌ စုယန်ယန်ကတော့ သူမရှေ့က လူငယ်လေးက ယင်ကျစ်ဟုန်မှန်း သိလိုက်ရချိန်မှာ သူ့ကို ပိုလို့တောင် အာရုံစိုက်လိုက်မိသည်။ သူ့ကို ကြည့်ရင်း ရှားကျွင်းရှန့် သူမကို ပြောခဲ့တဲ့ စကားကိုလည်း ဖျတ်ခနဲ သတိရသွားသည်။

ယုကျစ်ဟုန်က စည်းကမ်းတင်းကြပ်သော လူကြီးမိဘတွေလက်အောက်မှာ ကြီးပြင်းလာခဲ့တာမို့ လူယုတ်မာတွေကို ရှောင်ရှားသော မြင့်မြတ်သည့် စရိုက်သဘာဝ ရှိသည်။ ဒါ့ကြောင့်ပဲ ပထမတုန်းက ဝမ်ကျင့်ဖျင်အပေါ် နွေးထွေးသော စိတ်သဘောထား မရှိခဲ့တာ ဖြစ်သည်။

ယုကျစ်ဟုန်သည် နောက်ပိုင်း ဝမ်ကျင့်ဖျင်နှင့် တင်းကြွယ်စစ်ရဲ့ ကောလဟာလတွေ ထွက်ပေါ်လာချိန်မှာ ဝမ်ကျင့်ဖျင်နှင့် ခပ်တန်းတန်း ဖြစ်သွားရမည့်အစား ရုတ်တရက် အလွန် နီးစပ်ရင်းနှီးသွားကာ ပူးကပ်ခံလိုက်ရသကဲ့သို့ သူမကို အများကြီး ကာကွယ်ပေးခဲ့သည်။

ပူးကပ်ခံရတယ်တဲ့လား … ။ စုယန်ယန်ရဲ့ မျက်လုံးတွေက အေးစက်သွားသည်။

တင်းကြွယ်စစ်နှင့် အရှုပ်အထွေးတွေ ပေါ်ပေါက်လာကတည်းက သူမရဲ့ ရွှေလက်ချောင်းလုယူမှု လုပ်ငန်းစဉ်ဟာ ( ၇၅ ) ရာခိုင်နှုန်းကနေ တစ်စက်ကလေးမှ မတက်ဘဲ ရပ်တန့်နေခဲ့သည်။ ကျန်တဲ့ ( ၂၅ ) ရာခိုင်နှုန်းက သူမရှေ့က လူကြောင့်လား ၊ ဒါမှမဟုတ် … သို့ထျန်းယီကြောင့်လား … ။

စုယန်ယန်ရဲ့ စိတ်ထဲမှာ မရေမတွက်နိုင်တဲ့ အတွေးတွေ ဖြတ်သန်းသွားသော်လည်း သူမရဲ့ မျက်နှာပေါ်မှာ တစ်ခုမှ မပေါ်စေဘဲ အပြုံးလေးဖြင့် ပြောလိုက်သည်။ “ ဒါဆို နင် အော်ပရာမင်းသမီး ဇာတ်လမ်းတွဲကို ကြည့်ပြီးသွားပြီပေါ့။ နင် မကြာသေးခင်တုန်းက ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲက ပြဿနာတချို့ ကြုံနေရတယ်လို့ ကြားတယ်။ အခု ပြေလည်သွားပြီလား။ ”

စုယန်ယန်ရဲ့ စကားကြောင့် လူတိုင်းရဲ့ အကြည့်က ယင်ကျစ်ဟုန်ထံ ကျရောက်သွားသည်။

“ နင့်ထုတ်လုပ်ရေးမှာ ပြဿနာ တစ်ခုခု ဖြစ်ထားတာလား ကျစ်ဟုန်။ နင် ဘာလို့ အဲ့အကြောင်းကို ပြောမပြတာလဲ။ ပြဿနာက အရမ်း ကြီး‌တာလား။ နင် အကူအညီလိုလား။ ”

ယင်ကျစ်ဟုန်က ခဏလောက် နှုတ်ဆိတ်သွားပြီးမှ တည်ငြိမ်သော အမူအရာဖြင့် “ ကြီးကြီးမားမား ပြဿနာ မဟုတ်ပါဘူး။ အခု အကုန်လုံး ပြေလည်သွားပါပြီ။ ” ဟု ပြန်ပြောလိုက်သည်။

......

သူက ထိုသို့ ပြောပြီးသည်နှင့် စကားလမ်းကြောင်းကို ချက်ချင်း ပြောင်းလိုက်သည်။ “ အစ်မကို ကြည့်ရတာ ကျွန်တော်တို့ရဲ့ ထုတ်လုပ်ရေးကိစ္စတွေကို အရမ်း စိတ်ဝင်စားနေတဲ့ပုံပဲ။ ”

သူ့ရဲ့ စူးစမ်းမှုကို သတိထားမိသော စုယန်ယန်က ပြုံးလိုက်သည်။ “ စိတ်မဝင်စားပါဘူး။ ငါက အတင်းအဖျင်းတွေနဲ့ ပွဲကြည့်ရတာကို ပိုကြိုက်တယ်။ များသောအားဖြင့် ငါက အင်တာနက်ပေါ်မှာ ရေပန်းစားနေတဲ့ စကားဝိုင်းတွေကို လျှောက်ဖတ်တယ် ၊ မီဒီယာတွေက တင်ထားတဲ့ နောက်ဆုံးရ သတင်းတွေကို လိုက်ဖတ်တယ်။ အဲ့ဒီလို ဝေဖန်ခံနေရတဲ့ ဇာတ်လမ်းတွဲက ငါ့အကြိုက်ပဲလေ။ ငါ ဘယ်လိုလုပ် မသိဘဲ နေမလဲ။ ”

ယင်ကျစ်ဟုန်သည် စုယန်ယန် ထိုစကားမျိုး ပြောလိမ့်မည်ဟု မမျှော်လင့်ထားတာမို့ သူ့ခန္ဓာကိုယ်က ထိန်းချုပ်မှုကင်းမဲ့စွာ တောင့်တင်းသွားလေသည်။

1045 02

ဧည့်ခန်းထဲမှာ ရှိနေသူတိုင်းကလည်း ဉာဏ်မနည်းပါ။ ဒီအခြေအနေမှာ စုယန်ယန်နှင့် ယင်ကျစ်ဟုန်တို့ကြားက စစ်အေးတိုက်ပွဲကို သူတို့ သတိမထားမိစရာ အကြောင်းမရှိ။

အမျိုးသမီးလီနှင့် ကျန်လူတွေက သူတို့နှစ်ယောက်မှာ ဘယ်လို ဆက်ဆံရေးမျိုး ၊ ဇာတ်လမ်းဟောင်းမျိုး ရှိခဲ့တာလဲဆိုတာ မသေချာသော အကြည့်ဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

လော့ပေါင်ကမ်းနှင့် သူ့ဇနီးကလည်း ဇဝေဇဝါဖြစ်သွားသည်။ ဒါပေမဲ့ ဘာပဲပြောပြော သူတို့က အနုပညာနယ်ပယ်ထဲကမို့ လီမိသားစုထက် နည်းနည်းလေး သတင်းပိုစုံသည်။

လော့ပေါင်ကမ်းသည် စုယန်ယန် အခု ပြောသွားတဲ့ စကားတွေကို ခန့်မှန်းကြည့်ရုံဖြင့် သူ့နှလုံးသားထဲမှာ ခန့်မှန်းချက်တစ်ခုကို ခန့်မှန်းပြီးသား ဖြစ်သည်။

“ ကျစ်ဟုန်က အခုတလော ရိုက်ကူးရေးနဲ့ အလုပ်ရှုပ်နေတာ ဆိုတော့ မင်းက ဘယ်ထုတ်လုပ်ရေးမှာ ဝင်ထားတာလဲ ကျစ်ဟုန်။ ”

လော့ပေါင်ကမ်းက အနုပညာနယ်ပယ်မှာ ဝါရင့် စီနီယာတစ်ယောက် ဖြစ်သောကြောင့် သူ မေးခွန်းမေးတဲ့အခါ မဖြစ်မနေ ပြန်ဖြေရပါသည်။ ယင်ကျစ်ဟုန်က သူ ရိုက်ကူးနေတဲ့ ဇာတ်လမ်းတွဲနာမည်ကို မသဲမကွဲ ရွတ်ပြသည်။

လော့ပေါင်ကမ်းက ဇာတ်လမ်းတွဲနာမည်ကို ကြားသည်နှင့် မျက်မှောင်ကြုတ်လိုက်ကာ သူ့ခန့်မှန်းချက် မှန်ကန်ကြောင်း သိလိုက်သည်။

“ ဒါဆို အဲ့ဒီ ဇာတ်လမ်းတွဲပေါ့။ အခုတလော အဲ့ဇာတ်လမ်တွဲက တော်တော်လေး နာမည်ကြီးနေပါတယ်။ အမျိုးသားဇာတ်လိုက်က မင်း ဖြစ်နေလိမ့်မယ်လို့တော့ ငါ ထင်မထားဘူး။ နှမြောစရာကောင်းလိုက်တာ။ ”

လော့ပေါင်ကမ်းက ပဟေဋိဝှက်နေသည့်သဖွယ် တီးတိုးပြောနေခဲ့သည်။ သူ့စကားက လီမိသားစုရဲ့ စိတ်ရှုပ်ထွေးမှုကို မဖြေရှင်းနိုင်ရုံသာမက စူးစမ်းချင်စိတ်ကိုပါ ပို၍ နှိုးဆွလိုက်ပါသည်။

“ အဲ့ဒီ ဇာတ်လမ်းတွဲက ဘာဖြစ်နေလို့လဲ။ ဒါရိုက်တာက အမှားအယွင်း တစ်ခုခု လုပ်ထားလို့လား ၊ ဒါမှမဟုတ် သရုပ်ဆောင်တွေက ပြဿနာရှာထားတာလား။ ” အမျိုးသမီးလီက ချက်ချင်းပဲ ယင်ကျစ်ဟုန်ထံ အကြည့်ပြောင်းလိုက်သည်။ “ နင် ငါတို့ မသိအောင် တစ်ခုခု ဖုံးကွယ်ထားတာလား ကျစ်ဟုန်။ ”

++++++

All Chapters