အခန်း ၁၀၄၆
Vol. 70 Ch. 1046
1046 01
အခန်း ( ၁၀၄၆ ) ငတုံး။
ယင်ကျစ်ဟုန်က အနည်းငယ် မျက်မှောင်ကြုတ်မိသွားသည်။ မိသားစုဝင်တွေရဲ့ စူးစမ်းသော အကြည့်အောက်မှာ သူ ဘာပြန်ပြောရမှန်း မသိတော့ပါ။
“ တကယ်တော့ ပြဿနာ ကြီးကြီးမားမားလည်း မဟုတ်လို့ပါ။ ဇာတ်လမ်းတွဲထဲမှာ လူတွေ အများကြီး ရှိတော့ စုန်းပြူး တစ်ယောက်စ ၊ နှစ်ယောက်စတော့ ပါတာတော့။ ကံကောင်းတာက အခုတော့ ပြဿနာတွေ အကုန် ပြီးသွားပါပြီ။ ”
လော့ပေါင်ကမ်းက ထိုစကားနောက်ကွယ်မှာ အချိုးအကွေ့တွေ များစွာ ရှိနေမှန်း သိသော်လည်း ဒီအကြောင်းအရာက ဇာတ်လမ်းတွဲထဲမှာ ပါဝင်ထားသူတွေရှေ့မှာ ဆွေးနွေးဖို့ မသင့်တော်သောကြောင့် စကားစဖြတ်ဖို့ ပါးစပ်ဟပြီး အဘိုးလီကို မျက်ရိပ်မျက်ကဲပြလိုက်သည်။
အဘိုးလီကလည်း ချက်ချင်း သဘောပေါက်သွားပြီး ဆက်တိုက် မေးနေတဲ့ သူ့ဇနီးကို ဆွဲခေါ်ကာ အပြုံးယဲ့ယဲ့ဖြင့် ပြောလိုက်သည်။ “ အဘိုးလော့ ပြောတာ မှန်တယ်။ ကိစ္စတွေက ဘယ်လိုလုပ် ချောချောမွေ့မွေ့ ဖြစ်နိုင်မှာလဲ။ အခု ဖြေရှင်းပြီးသွားတာနဲ့တင် တော်လှပါပြီ။ ဒီနေ့ ငါတို့ ဒီကို လာခဲ့တာ မိန်းကလေးစုကို ကျေးဇူးတင်စကားပြောဖို့နဲ့ နန်နန်ရဲ့ နောက်ဆက်တွဲ ကုသမှုတွေကို အတည်ပြုဖို့ပဲ။ အဲ့ဒါက ပိုအရေးကြီးတယ်။ ”
အဘိုးလီက ထိုသို့ ပြောနေပြီမို့ အဘွားလီကလည်း သဘာဝကျစွာပင် ဘာမှ ဆက်မပြောတော့ပါ။
ယင်ကျစ်ဟုန်က တစ်စုံတစ်ခုကို ဖုံးကွယ်ထားသော သဘောသဘာဝရှိသည့် လော့ပေါင်ကမ်းရဲ့ အဆီအငေါ်မတည့်သော စကားတွေကြောင့် ဝမ်ကျင့်ဖျင်ဘက်က ရပ်တည်ပြောဆိုပေးလိုက်ချင်သည်။ သို့သော် သူ့ပါးစပ်ထဲကို စကားလုံးတွေ ရောက်တော့မည့်ဆဲဆဲမှာပဲ မျှော်လင့်မထားစွာဖြင့် စုယန်ယန်ရဲ့ တစ်ဝက်တစ်ပျက် ပြုံးနေသော အကြည့်နှင့် ရင်ဆိုင်လိုက်ရလေသည်။
သူ့စိတ်ထဲမှာ နောက်ကျိရှုပ်ထွေးသွားပြန်ကာ ဘာ့ကြောင့်ရယ်မသိဘဲ သူ့ပါးစပ်ထဲက စကားလုံးတွေကို ထုတ်မပြောနိုင်တော့ပေ။
စုယန်ယန်သည် ယင်ကျစ်ဟုန်ရဲ့ ကွဲလွဲရှုပ်ထွေးသော အမူအရာကို ကြည့်ကာ ဒီကောင်လေး ပုံမှန်မဟုတ်ဘူးလို့ ခံစားရတဲ့ စိတ်က ပိုအားကောင်းလာခဲ့သည်။ ယင်ကျစ်ဟုန်ကို ကြည့်တဲ့ သူမရဲ့ အကြည့်ကလည်း ပိုလို့တောင် စူးစူးစမ်းစမ်း ဖြစ်လာခဲ့သည်။
[ ယင်ကျစ်ဟုန်ရဲ့ ဝမ်ကျင့်ဖျင်အပေါ် ပုံမှန်မဟုတ်တဲ့ စိတ်နေသဘောထားနောက်ကွယ်က အကြောင်းအရင်းကို ဖော်ထုတ်နိုင်မယ့် နည်းလမ်း ရှိလား စနစ်။ ဝမ်ကျင့်ဖျင်ရဲ့ အမျိုးသမီးဇာတ်လိုက် လင်းရောင်ခြည်က အရမ်း အားနည်းနေပြီ မဟုတ်ဘူးလား။ သူက ဘယ်လိုလုပ် လူတွေရဲ့ အသိဉာဏ်ကို လျော့ကျသွားအောင် လုပ်နိုင်သေးတာလဲ။ သူနဲ့ ပတ်သက်ပြီး နင်နဲ့ ငါ မသိသေးတာ တစ်ခုခု ရှိနေတာလား။ ]
[ Host က ဝမ်ကျင့်ဖျင် ယင်ကျစ်ဟုန်အပေါ် ဆိုးဝါးတဲ့ နည်းလမ်းတွေ အသုံးပြုထားတယ်လို့ သံသယဝင်နေတာလား။ ]
စုယန်ယန်က ခဏလောက် နှုတ်ဆိတ်သွားပြီးမှ မဝံ့မရဲ မေးလိုက်သည်။ [ နင် စုံစမ်းပေးလို့ ရလား။ ]
[ အတိတ် အတွေ့အကြုံတွေနဲ့ ခြိမ်းခြောက်မှုဖြစ်နိုင်ချေရှိတဲ့ မှတ်ဉာဏ်တွေကို စကင်န်ဖတ်ပြီး သူ အမျိုးသမီးဇာတ်လိုက် လင်းရောင်ခြည်အောင်မှာ မှိုင်းမိနေတာလား ဆိုတာ အတည်ပြုကြည့်လို့ ရပါတယ် Host ။ ]
စုယန်ယန် မျက်လုံးပြူးသွား၏။ စနစ်မှာ အမှန်တကယ်ပဲ ဒီလို လုပ်ဆောင်ချက် ရှိနေတာပဲ … ။ စနစ်ရဲ့ အရည်အချင်းအမှတ်တွေကို တရုတ်ရိုးရာ တိုင်းရင်းဆေးတွေမှာသာ ရှိသည်ဟု သူမက ထင်မှတ်ထားခဲ့တာ ဖြစ်သည်။
......
သူမ ပျော်ရွှင်လို့ မဆုံးသေးခင်မှာပဲ စနစ်ရဲ့ နောက်ဆက်တွဲ စကားသံကို ကြားလိုက်ရသည်။
[ Host ဘက်ကနေ တန်ဖိုးတူညီတဲ့ နှစ်လိုမှုရမှတ်တွေနဲ့ လဲလှယ်မယ် ဆိုရင်ပေါ့။ ]
“ … ” ဒီခွေးစနစ်က စကားပြောရဆိုရ လက်ပေါက်ကတ်တယ် ဆိုတာ သူမ သိသားပဲ။
[ ဘယ်နှမှတ်နဲ့ လဲရမှာလဲ။ ]
[ နှစ်လိုမှုတ်ရမှတ် တစ်သန်းနဲ့ပါ။ ]
1046 02
စုယန်ယန်သည် စက္ကန့်ပိုင်းလောက် ဆွံ့အသွားမိကာ တစ်ခုခု ပြန်ပြောဖို့ ပါးစပ်ဟလိုက်သော်လည်း ကြီးမားသော ကိန်ဂဏန်းကို မတုံ့ပြန်နိုင်သေးခင်မှာပဲ စနစ်က နောက်ထပ် စကားလုံးတွေကို ခပ်တိုးတိုး ပြောခဲ့သည်။
[ တစ်ကြိမ်ကို တစ်သန်းပါ။ ]
[ … နင် ဘယ်အချိန်တုန်းက ဈေးဆစ်တတ်သွားတာလဲ။ ]
[ စနစ်က ဈေးမဆစ်တတ်ပါဘူး ၊ ကျေးဇူးပါ။ ]
စုယန်ယန်တစ်ယောက် ပြောစရာစကားပင် မရှိလောက်အောင် ဒေါသထွက်သွားမိသည်။
[ တစ်ကြိမ်ကို နှစ်လိုမှုရမှတ် တစ်သန်းတဲ့လား။ နင် ငါ့ကို ဓားပြတိုက်ဖို့ ကြံစည်နေတာလား။ ]
အရင်တုန်းက ကံကောင်းမှုလင်းရောင်ခြည် တစ်ကြိမ်စာအတွက် လဲလှယ်တိုင်း နှစ်လိုမှုရမှတ် ( ၁၀၀၀ ) သာ အသုံးပြုခဲ့ရသည်။ အဆင့်တက်ခြင်းက နည်းနည်းလေး ဈေးကြီးပေမဲ့ စွမ်းရည်တွေကို ဖွင့်တာကတော့ အခြေခံအားဖြင့် နှစ်လိုမှုရမှတ် ထောင်ဂဏန်း ပေးရလေ့ရှိသည်။ ဘယ်လောက်ပဲ ဈေးကြီးပါစေ ၊ အလွန်ဆုံးမှ သောင်းဂဏန်းသာ ရှိခဲ့ပါသည်။
အခုတော့ သူမက တစ်ကြိမ်ပဲ စကင်န်ဖတ်မှာကို နှစ်လိုမှုရမှတ် တစ်သန်းတောင် ပေးရမယ်တဲ့လား … ။ စုယန်ယန်သည် သူမရဲ့ ခေါင်းပေါ်မှာ “ ငတုံး ” ဆိုတဲ့ စာတန်းလေး ပေါ်နေပြီး သူမဟာ အချိန်မရွေး လှည့်စားလို့ ရသည်ဟု ခံစားလိုက်ရသည်။
[ ငါကတော့ နင် ဈေးကို တမင်သက်သက် မြှင့်ပြီး ငွေကြေးဖောင်းပွအောင် လုပ်နေတာလို့ပဲ ထင်တယ်။ ငါ တိုင်ကြားချင်တယ်။ ]
[ စနစ်က တိုင်ကြားတဲ့ လုပ်ဆောင်ချက်ကိုတော့ မဖွင့်ရသေးပါဘူး။ ရွေးချယ်မှုက Host ရဲ့ လက်ထဲမှာပဲ ရှိပါတယ်။ Host ဒီဈေးနှုန်းကို လက်မခံနိုင်ရင် မလဲလှယ်ဖို့ ရွေးချယ်နိုင်ပါတယ်။ ]
သဘောကတော့ သူမ ကျေနပ်သည်ဖြစ်စေ ၊ မကျေနပ်သည်ဖြစ်စေ ဈေးလျှော့မပေးနိုင်ဘူးလို့ သွယ်ဝိုက် ပြောလိုက်တာပဲ ဖြစ်သည်။
စုယန်ယန်သည် စနစ်ရဲ့ ပြတ်သားသော အဖြေကို နားထောင်ကာ သူမရဲ့ နှစ်လိုမှုရမှတ်လေးတွေကို ကြည့်ပြီး အံကြိတ်၍ ဆုံးဖြတ်ချက်ချလိုက်သည်။
“ လဲလှယ်မယ်။ ”
စုယန်ယန်နှင့် လက်ရှိ အခြေအနေနှင့်တောင် နှစ်လိုမှုရမှတ် တစ်သန်းကို တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု နောက်တစ်ခေါက် ထပ်လုပ်မှသာ ရရှိနိုင်မှာပါ။
ဒါပေမဲ့ သူမရဲ့ နှစ်လိုမှုရမှတ်တွေကို နှုတ်ယူလိုက်သည့် စနစ်ရဲ့ အသံကို ကြားချိန်မှာတော့ အနည်းငယ် ရင်ဘတ်အောင့်သွားမိသည်။ သူမ မတရားခံရတယ်လို့ ဆက်တိုက် ခံစားနေရပါသည်။
+++++