အခန်း ၁၀၄၇
Vol. 70 Ch. 1047
1047 01
အခန်း ( ၁၀၄၇ ) လွှမ်းမိုးအနိုင်ယူခြင်း။
အခုအချိန်မှာ သူမကို နှစ်သိမ့်ပေးနိုင်တဲ့ တစ်ခုတည်းသော အရာက ဒီတစ်ကြိမ် စကင်န်ဖတ်သည့် လုပ်ဆောင်ချက်က နှစ်လိုမှုရမှတ်တွေ အများကြီး အကုန်ခံရကျိုးနပ်မှာပါလို့ ပြောပေးခြင်းပါပဲ။
စနစ်က နှစ်လိုမှုရမှတ်တွေကို နှုတ်ယူပြီးသည်နှင့် ပုံရိပ်ယောင်ကင်မရာကို တာဝန်ကျေပွန်စွာ ဖွင့်ကာ ယင်ကျစ်ဟုန်ကို ခေါင်းစခြေဆုံး ထဲထဲဝင်ဝင် စကင်န်ဖတ်ခဲ့သည်။ အဲ့ဒီနောက် တစ်စုံတစ်ခုကို အမှန်တကယ်ပဲ ရှာတွေ့သွားပါသည်။
[ ဟမ် … ]
စုယန်ယန် မျက်ခုံးပင့်လိုက်မိသည်။ [ ဘာဖြစ်လို့လဲ။ နင် ဘာတွေ့လို့လဲ။ ]
ယင်ကျစ်ဟုန်ဆီမှာ စနစ်ရဲ့ အထောက်အပံ့တွေကို အသုံးပြုထားသော သဲလွန်စတွေကို တွေ့ရသည်။
[ စနစ်ရဲ့ အထောက်အပံ့တွေလား … ]
စုယန်ယန်က ခဏ စကားရပ်သွားပြီး သူမရဲ့ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားသည်။
[ သူ့ခန္ဓာကိုယ်ပေါ်မှာ စနစ်ရဲ့ အထောက်အပံ့တွေကို အသုံးပြုထားတဲ့ သဲလွန်စတွေ ရှိနေတယ်လို့ နင် ပြောချင်တာလား။ ဝမ်ကျင့်ဖျင် လုပ်တာလား။ ]
တကယ်ပဲ အဲ့လိုသာဆိုရင် အခုတော့ အရာအားလုံး နားလည်လွယ်သွားပြီ ဖြစ်သည်။ အရင်တုန်းက ဝမ်ကျင့်ဖျင်အပေါ် ယင်ကျစ်ဟုန်ရဲ့ သဘောထားက နွေးလည်း မနွေးထွေး ၊ အေးလည်း မအေးစက်ဘဲ အတော်လေး မနှစ်မြို့နိုင်အောင် ရှိခဲ့သည်။ သို့သော် သူမရဲ့ ကောလဟာလတွေ ပျံ့နှံ့သွားပြီးနောက်ပိုင်းမှာတော့ ယင်ကျစ်ဟုန်ရဲ့ သူမအပေါ် ဆက်ဆံပုံက ပိုဆိုးသွားရမည့်အစား သူမကို အုပ်မိုးကာကွယ်ပေးခဲ့သည်။
ထိုအပြုအမူက သံသယကင်းရှင်းစွာပင် သူ့စိတ်နေစိတ်ထားနှင့် ဆန့်ကျင်ဘက်ဖြစ်နေသော်လည်း စနစ်ရဲ့ အထောက်အပံ့တွေကို အသုံးပြုထားတာမို့ ယင်ကျစ်ဟုန်ကို နားလည်ပေးနိုင်သည်။
စုယန်ယန်လို အေးဆေးတည်ငြိမ်သော လူတစ်ယောက်ပင်လျှင် ထိုအကြောင်းကို သိလိုက်ရချိန်မှာ မျက်နှာပျက်သွားမိသည်။
......
[ ဒါဆို ဝမ်ကျင့်ဖျင်မှာလည်း နင့်လို စနစ် ရှိနေတာလား။ ]
[ တူညီတဲ့ ရှုထောင့်တစ်ခုကနေ ကြည့်ရင်တော့ မှန်ပါတယ်။ ဒါပေမဲ့ နည်းနည်းလေးတော့ ကွဲပြားခြားနားနိုင်ပါတယ်။ ]
[ ကွဲပြားခြားနားနိုင်တယ် … ။ ဘယ်လိုမျိုး ကွဲပြားခြားနားတာလဲ။ ]
[ သူ့မှာလည်း အဆင့်တက်ဖို့အတွက် လုပ်ရမယ့် တာဝန်လေးတွေ ရှိမှာပါ။ ကမ္ဘာ့အမျိုးသမီးဇာတ်လိုက်ရဲ့ လက်ထဲမှာ ရှိနေတဲ့ စနစ်က လူတွေရဲ့ နှလုံးသားကို ခြယ်လှယ်နိုင်မယ့် ပစ္စည်းကိရိယာတွေနဲ့ တိုက်ရိုက် လဲလှယ်နိုင်ပါတယ်။ စနစ်က Host ကို နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့ကို အတိုင်းအတာတစ်ခုထိပဲ ပေးနိုင်ပြီး ကျန်တာက Host ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိပါတယ်။ ]
တစ်နည်းအားဖြင့် ပြောရလျှင် ဝမ်ကျင့်ဖျင်ရဲ့ စနစ်ကလည်း စုယန်ယန်ရဲ့ စနစ်လိုပဲ တာဝန်တွေကို ပြီးမြောက်အောင် လုပ်ဆောင်ပြီး နှစ်လိုမှုရမှတ်တွေကို ရယူနိုင်သည်။
ထို့နောက် သူမက နှစ်လိုမှုရမှတ်တွေကို အသုံးပြု၍ လူတွေရဲ့ နှလုံးသားကို ခြယ်လှယ်နိုင်တဲ့ ပစ္စည်းကိရိယာတွေနှင့် လဲလှယ်ကာ သူမရဲ့ ပစ်မှတ်အား သူမအပေါ် အလေးပေး ဆက်ဆံပြီး သူမဆီမှာ အသုံးချခံရစေသည်။ ထိုမှတစ်ဆင့် တာဝန်တွေ ပြီးမြောက်အောင် ဆက်လက်ဆောင်ရွက်ရင်း နောက်ထပ် ပစ္စည်းကိရိယာတွေကို လဲလှယ်နိုင်လိမ့်မည်။
ကမ္ဘာ့အမျိုးသမီးဇာတ်လိုက်ပီပီ သူ့စနစ်ကလည်း တခြား စနစ်တွေနှင့် ကွဲပြားခြားနားသည်။ ကောင်းကောင်း အသုံးချနိုင်လျှင် ထိုစနစ်က အကျိုးအမြတ်တွေ အများကြီး ယူဆောင်လာပေးလိမ့်မည်။ သူမအနေဖြင့် ဘာမှ လုပ်စရာမလိုဘဲ အရည်အသွေးမြင့် အမျိုးသားလက်တွဲဖော်တွေ သူမရဲ့ အိမ်တံခါးဝကို ရောက်လာကာ သူမကို အခွင့်အလမ်းကောင်းတွေ ပေးမှာကို ထိုင်စောင့်နေရုံသာပင်။
ထိုအကြောင်းကို နားလည်သွားသော စုယန်ယန်သည် မနာလို အားကျမှုတွေ ၊ အမုန်းတရားတွေနှင့် ပြည့်နှက်သွားခဲ့သည်။ အခုလေးတင် သူမကို အရေခွံခွာချသွားတဲ့ သူမရဲ့ ကိုယ်ပိုင်စနစ်ရဲ့ လုပ်ရပ်ကိုတော့ ပိုလို့တောင် မကျေမချမ်း ဖြစ်မိသည်။
[ နင် ပြောသလိုဆို သူ့ခန္ဓာကိုယ်ပေါ်က စနစ်က နည်းနည်းလေး ပိုပြီး အထက်တန်းဆန်တဲ့ပုံပဲ။ ]
စနစ်က စက္ကန့်ပိုင်းလောက် တိတ်ဆိတ်သွားပြီးမှ လေသံယဲ့ယဲ့ဖြင့် တုံ့ပြန်သည်။
[ စနစ် 001 က တိုးတက်မှုအမြင့်ဆုံး စနစ်ပါ။ ကျေးဇူးပြုပြီး စနစ်ကို ပုဂ္ဂိုလ်ရေးအရ မတိုက်ခိုက်ပါနဲ့ Host ။ မဟုတ်ရင် စနစ်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ Host ရဲ့ အိမ်က လုံခြုံရေးစနစ်ရဲ့ နည်းပညာဆိုင်ရာ အထောက်အပံ့ တချို့ကို ဖြတ်တောက်ပစ်ရပါလိမ့်မယ်။ ]
1047 02
စုယန်ယန် ဆွံ့အသွားရသည်။ ဒါက ခြိမ်းခြောက်တာပဲ … ခြိမ်းခြောက်တာပဲ … ။
စနစ်ရဲ့ ရယ်စရာကောင်းသော စကားတွေကို ကြောက်နေလျှင် သူမက စုယန်ယန် မဟုတ်တော့ပါ။ စုယန်ယန်သည် စနစ်ရဲ့ မခံမရပ်နိုင်စွာ ခွန်းတုံ့ပြန်မှုကို နားထောင်ပြီး နှစ်လိုမှုရမှတ်မျ ားစွာ ဆုံးရှုံးသွားတဲ့အတွက် အနည်းငယ် ဒေါသပြေသွားကာ စနစ်ရဲ့ ဒေါသကို ဆက်ဆွဖို့ ဆုံးဖြတ်လိုက်သည်။
[ ဒါဆို နင်က နင့်ကိုယ်နင် ဝမ်ကျင့်ဖျင်ရဲ့ စနစ်ထက် ပိုတော်တယ်လို့ ထင်တယ်ပေါ့။ ]
[ ဒါပေါ့။ ]
[ ဒါဆို နင် သူ့ရဲ့ စနစ်ကို လွှမ်းမိုးအနိုင်ယူနိုင်မှာပဲနော်။ ဟုတ်တယ်မလား။ ]
စနစ်က လည်ချောင်းနင်သွားသည်။ ဝမ်ကျင့်ဖျင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရုတ်တရက် ပေါ်ပေါက်လာသော စနစ်နှင့် ပတ်သက်လို့ စုယန်ယန်မှာ အဲ့ဒီလို အတွေးတွေ ရှိနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့။
[ … အိုး။ နင် ခုနတုန်းက ဂုဏ်သရေရှိတဲ့ ဟန်ပန်ကြီးတစ်ခွဲသားနဲ့ ပြောတာကို ငါ ကြားလိုက်လို့ပါ။ အဲ့ဒီတော့ အဲ့ဒါက နင့်အတွက် မခက်ခဲလောက်ဘူးလို့ ငါ ထင်တယ်။ ]
စနစ်သည် ပြောစရာစကား ပျောက်ဆုံးသွား၏။ စုယန်ယန် သူ့ကို လှောင်ပြောင်သရော်နေတာကို သူ မသိဘူးလို့ ထင်ရင် အမှားကြီး မှားသွားလိမ့်မည်။
++++