← Chapters

အခန်း ၁၀၄၉

Vol. 70 Ch. 1049

အခန်း ၁၀၄၉

Vol. 70 Ch. 1049

1049 01

အခန်း ( ၁၀၄၉ ) လှည့်စားခံရခြင်း။

ထိုမျှသာမကသေးဘဲ စုယန်ယန်က နောက်ပိုင်းမှာ လျှပ်စီးလို အလျင်ဖြင့် ဟောက်ရှောက်ဖုန်းရဲ့ ဦးလေးနှင့် လက်ထပ်ခဲ့သောကြောင့် ပွဲကြည့်သူ များစွာရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့သည်။

သူနှင့် တစ်ချိန်တုန်းက လက်ထပ်ဖို့ စေ့စပ်ထားတဲ့ အမျိုးသမီးက ရုတ်တရက်ပဲ သူ့အဒေါ် ဖြစ်သွား၏။ ထိုခံစားချက်က ဘယ်လောက်တောင် ချဉ်တူးနေမလဲ ဆိုတာကိုတော့ ကာယကံရှင်ကိုယ်တိုင်သာ အသိဆုံး ဖြစ်လိမ့်မည်။

အများစုက ထိုအကြောင်းကို လူရှေ့သူရှေ့မှာ ပွင့်လင်းစွာ ထုတ်မပြောသော်လည်း နောက်ကွယ်မှာတော့ သူငယ်ချင်းတွေကြားမှာ ဟာသတစ်ခုအဖြစ် မျှဝေလေ့ရှိသည်။

အဘွားလီက ထိုသတင်းကို သူမရဲ့ သူငယ်ချင်းတစ်ယောက်ဆီက ကြားထားတာ ဖြစ်ပြီး အမျိုးသမီးလီလည်း ထိုသတင်းကို သိသည်။ သူမက လော့ပေါင်ကမ်း ထိုအကြောင်းကို အဆက်အစပ်မရှိ ကောက်ခါငင်ခါ ပြောတာကို ကြားသောအခါ ဒိန်းခနဲ ရင်တုန်သွားသည်။

“ အဲ့ကိစ္စကို ဘာလို့ ရုတ်တရက်ကြီး ပြောတာလဲ ဦးလေးလော့။ ကျစ်ဟုန်ရဲ့ ထုတ်လုပ်ရေးအဖွဲ့ထဲက ပြဿနာက အဲ့ကိစ္စနဲ့ ပတ်သက်နေတာလား။ ”

ထိုစကားအဆုံးမှာ ကားထဲက လူတွေအားလုံးရဲ့ အကြည့်က လော့ပေါင်ကမ်းထံ စုပြုံသွားသည်။

“ ပတ်သက်နေတယ်လို့ပဲ ပြောရမှာပေါ့။ ကျစ်ဟုန် ရိုက်ကူးနေတဲ့ ဇာတ်လမ်းတွဲထဲမှာ မင်းသမီးတစ်ယောက် ရှိတယ်။ အဲ့ဒီမင်းသမီးက ဟောက်ရှောက်ဖုန်းရဲ့ …. ”

“ တိတ်တိတ်ပုန်း ချစ်သူလား … ”

“ … ဟုတ်တယ်။ ”

လီမိသားစုဝင်တွေရဲ့ မျက်နှာတွေက အနည်းငယ် ပြောင်းလဲသွားသည်။ “ ဘယ်လိုလုပ်ပြီး အဲ့ဒီလို တိုက်ဆိုင်မှုမျိုး ရှိနေရတာလဲ။ ”

“ တိုက်ဆိုင်လွန်းတယ် မဟုတ်လား။ အဲ့ဒီကောင်မလေး ရိုက်ကွင်းထဲကို ရောက်တာနဲ့ ပြဿနာတစ်ခုလည်း တက်ခဲ့တယ်။ ”

“ ဘာပြဿနာလဲ။ ”

“ ထုတ်လုပ်ရေးအဖွဲ့ထဲက အမျိုးသားသရုပ်ဆောင်တစ်ယောက်ရဲ့ အိမ်ထောင်ရေးကို နှောင့်ယှက်တာ။ ”

......

“ ဒါက … ” လီမိသားစုဝင်တွေက တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး တစ်ချိန်တည်းမှာ မျက်မှောင်ကြုတ်လိုက်ကြသည်။

လီမိသားစုဝင်တွေဟာ ဒီကိစ္စတွေကို သိချင်လျှင် အလွယ်တကူ စုံစမ်းနိုင်တာမို့ လော့ပေါင်ကမ်းက ထိုအကြောင်းကို ဆက်ပြောမနေတော့ဘဲ သူငယ်ချင်းတစ်ယောက်အနေဖြင့်သာ စေတနာသတိပေးလိုက်သည်။

“ အဲ့ကောင်မလေးက သူ့ကို အောင်မြင်အောင် ပံ့ပိုးပေးနိုင်မယ့် ချမ်းသာပြီး အာဏာရှိတဲ့ ယောက်ျားတွေနဲ့ ပတ်သက်ရတာကို ကြိုက်တယ်။ ကျစ်ဟုန်က သူနဲ့ ထုတ်လုပ်ရေးအဖွဲ့ တစ်ဖွဲ့ထဲမှာ ရှိနေတာကို နင်တို့ မသိခဲ့တာ ဘာမှ မဖြစ်ပါဘူး။ ဒါပေမဲ့ အခု သိသွားပြီဆိုတော့ ကျစ်ဟုန်ကို သတိထား စောင့်ကြည့်သင့်တယ်။ သူ လမ်းမှားရောက်သွားပြီး တခြားသူတွေဆီမှာ လှည့်စားခံရမှာမျိုး မဖြစ်စေနဲ့။ ”

လော့ပေါင်ကမ်းရဲ့ ဒီစကားတွေကပင် အလွန် တည့်တိုးဆန်လှပြီ ဖြစ်သည်။ ထိုမိန်းကလေးက နေရာတိုင်းက အလားအလာရှိတဲ့ ရင်းနှီးမြုပ်နှံသူတွေကို မြှူဆွယ်ရတာ ဝါသနာပါသူ ဖြစ်သည်။ ကျစ်ဟုန်က ဘယ်လောက်တောင် ထူးချွန်တဲ့ လူငယ်လေးလဲ ဆိုတာ ပြောနေစရာပင် မလိုပါ။ သူ ဟိုးအရင်ကတည်းက ပစ်မှတ်ထားခံနေရတာတောင် ဖြစ်နိုင်သည်။

လီမိသားစုရဲ့ လူကြီးမိဘတွေက ဉာဏ်ကောင်းတဲ့ လူတွေချည်းသာ။ ပြီးတော့ ယင်ကျစ်ဟုန်ရဲ့ မိသားစုနောက်ခံ ၊ ရုပ်ရည် ၊ အဆက်အသွယ်တွေကြောင့် ဒီလို ကိစ္စမျိုး ဖြစ်ပွားတာ ပထမဆုံးအကြိမ်လည်း မဟုတ်ပါ။

1049 02

ယင်ကျစ်ဟုန်က ‌အနုပညာနယ်ပယ်ထဲမှာသာမက လူချမ်းသာ အထက်တန်းလွှာတွေရဲ့ အသိုင်းအဝိုင်းမှာပါ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်သည်။ သူ ပွဲဦးထွက်ချိန်က စလို့ သူ့ကို သဘောကျသော မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေခဲ့ပြီး သူ့ဘက်ကတော့ ဘယ်သူ့ကိုမှ မျက်လုံးထဲ မထည့်ခဲ့ပေ။

ဒီကိစ္စကို တခြား သတင်းအရင်းအမြစ်တွေဆီက သိရလျှင်တောင် အဆင်ပြေဦးမည်။ ဘာပဲဖြစ်ဖြစ် လီမိသားစုကတော့ သူတို့လူငယ်မျိုးဆက်တွေရဲ့ ကိုယိ့ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းကို ယုံကြည်တာကြောင့် ယင်ကျစ်ဟုန်ဟာ အဲ့ဒီလို မိန်းကလေးတစ်ယောက်ဆီမှာ အရူးလုပ်ခံရလိမ့်မည်ဟု မထင်ပါ။

ဒါပေမဲ့ အခု သူတို့ကို သတိပေးသူက လော့ပေါင်ကမ်း ဖြစ်နေတဲ့အပြင် ဒီကိစ္စက လီအန်းနန်ကို ကူညီကုသပေးနေတဲ့ စုယန်ယန်လည်း ပါဝင်ပတ်သက်နေတာမို့ သူတို့မှာ ဒီကိစ္စကို လေးလေးနက်နက် သဘောထားရုံက လွဲလို့ တခြား ရွေးချယ်စရာ မရှိတော့။

ယင်ကျစ်ဟုန်ရဲ့ ရိုက်ကွင်းပေါ်က အခြေအနေကို စုံစမ်းရတာ တကယ့်ကို ရိုးရှင်းလွယ်ကူပါသည်။ ယင်ကျစ်ဟုန်မှာ ( ၂၄ ) နာရီလုံးလုံး သူ ဘယ်သွား,သွား သူ့နောက်ကို တကောက်ကောက် လိုက်နေတဲ့ လက်ထောက်တစ်ယောက် ရှိသည်။ ယင်ကျစ်ဟုန်ရဲ့ ရိုက်ကွင်းပေါ်က အရေးကိစ္စတွေကို သူ့လောက် ဘယ်သူမှ သေချာ မသိနိုင်လောက်ပါ။

သို့သော်လည်း လီမိသားစုနှင့် ယင်မိသားစုသည် ထိုလက်ထောက်နှင့် ဆက်သွယ်ပြီးနောက်မှာ ယင်ကျစ်ဟုန်နှင့် မန်နေဂျာဆီက သတင်းကို သွယ်ဝိုက်၍ အရင်ဆုံး ရခဲ့သည်။

တိုက်ဆိုင်ချင်တော့ အရင်တုန်းက ယင်ကျစ်ဟုန်ရဲ့ မန်နေဂျာက သူ့လက်အောက်က တခြား အနုပညာရှင် တစ်ယောက်နှင့် အလုပ်ရှုပ်နေခဲ့တာ ဖြစ်သည်။ ယင်မိသားစုရဲ့ အမွေဆက်ခံသူဖြစ်တဲ့ ယင်ကျစ်ဟုန်ကို ဘယ်သူကမှ လာမရှုပ်ရဲဘူး ဆိုတာ သိသလို သူကိုယ်တိုင်ကလည်း မလိုအပ်ဘဲ ပုံကြီးချဲ့ရတာ မကြိုက်၍ ယင်ကျစ်ဟုန်ကို ရိုက်ကွင်းကို ပို့ပေးပြီးနောက်ပိုင်း ဘာမှ မေးမေးမြန်းမြန်း သိပ်မလုပ်ခဲ့ပါ။ သူ ယင်ကျစ်ဟုန်ကို အလွန် စိတ်ချယုံကြည်သည်။

ဒါပေမဲ့ မကြာသေးမီ အချိန်က စလို့ ယင်ကျစ်ဟုန်ရဲ့ လက်ထောက်လေးသည် ယင်ကျစ်ဟုန်ရဲ့ အခြေအနေဟာ မူမမှန်ဘူးလို့ တဖြည်းဖြည်း ခံစားလာရသည်။ ထို့ကြောင့် သတ္တိစုစည်းကာ ယင်ကျစ်ဟုန်ရဲ့ အေးဂျင့်ကို ဖုန်းဆက်ပြီး ဒီအတောအတွင်း ယင်ကျစ်ဟုန်မှာ ဖြစ်ပျက်နေတဲ့ အရာအားလုံးကို ပြောပြခဲ့သည်။

++++

All Chapters