အခန်း ၁၀၅၀
Vol. 70 Ch. 1050
1050 01
အခန်း ( ၁၀၅၀ ) Host ရှိနေလို့ပါ။
ယင်ကျစ်ဟုန်ရဲ့ အေးဂျင့်က ဇာတ်လမ်းရဲ့ နောက်ပိုင်းတစ်ဝက်ကို မကြားခင် အချိန်ထိ သိပ်မတွေးခဲ့ပါ။ ဝမ်ကျင့်ဖျင်ရဲ့ တင်းကြွယ်စစ်ကြားက ကောလဟာလတွေ ထွက်ပေါ်လာပြီးနောက်မှာ ယင်ကျစ်ဟုန်က သူမနှင့် တဖြည်းဖြည်း နီးစပ်သွားရုံသာမက သူမကို ကြားလူအနေဖြင့် တခြား ဒါရိုက်တာတွေနှင့် ချိတ်ဆက်ပေးဖို့တောင် ကူညီနေသည်တဲ့လား။
ယင်မိသားစုက ဒီအေးဂျင့်ကို သွက်လက်ထက်မြတ်လို့ ရွေးချယ်ခဲ့တာမို့ သူက အခြေအနေကို အကဲခတ်တတ်သည်။
လက်ထောက်ရဲ့ စကားကို ကြားသည်နှင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး ချွေးစေးတွေ ပြန်လာခဲ့လေသည်။ ယင်ကျစ်ဟုန်က အမှန်တကယ် ပူးကပ်ခံရနေတာလား ဘာလား ဆိုတာ ခဏ ထားလိုက်ဦး ၊ ဒီပြဿနာက သူနှင့် သေချာပေါက် ပတ်သက်နေပါသည်။
ယင်မိသားစုက စည်းကမ်းတင်းကြပ်သည်ဟု လူသိများသည်။ သူတို့ သင်ကြားခဲ့တဲ့ ကလေးတွေကလည်း ဖြောင့်မတ်မှန်ကန်ပြီး အကျင့်စာရိတ္တမကောင်းသူတွေကို နည်းနည်းလေးတောင် သည်းမခံနိုင်ပါ။
ယင်ကျစ်ဟုန်က ပူးကပ်ခံလိုက်ရတာ မဟုတ်ဘဲ တစ်စုံတစ်ယောက်ကို တစ်ဖက်သတ် ချစ်မိသွားတာ ဖြစ်သည်။ မန်နေဂျာတစ်ယောက်အနေဖြင့် အဲ့ဒါကို ဒီအချိန်ထိ သတိမထားမိခဲ့တဲ့ သူကလည်း တာဝန်ပေါ့လျော့ ပျက်ကွက်တာပဲ ဖြစ်သည်။
အဲ့ဒီလို မိန်းကလေးတစ်ယောက်ဆီမှာ ယင်ကျစ်ဟုန် လှည့်စားနေခံရတာကို လုံးဝ မသိဘဲ ကာကွယ်မပေးနိုင်ခဲ့ခြင်းကလည်း တာဝန်ပေါ့လျော့ ပျက်ကွက်တာပဲ ဖြစ်သည်။
မန်နေဂျာသည် ဒီပြဿနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမှန်း မသိဘဲ ခေါင်းကိုက်နေတုန်းမှာပဲ ယင်မိသားစုက သူ့ကို ဖုန်းလှမ်းဆက်လာခဲ့သည်။
“ လူ … လူကြီးမင်းယင် … ” မန်နေဂျာက အပြစ်မကင်းစိတ်ဖြင့် ဖုန်းကိုင်လိုက်သည်။ သူ့မှာ လုံလောက်တဲ့ ယုံကြည်ချက်မရှိတာ အမှန်ပါ။
ယင်မိသားစုက အချိန်ဆွဲမနေဘဲ သူတို့ ဖုန်းဆက်လိုက်ရတဲ့ ရည်ရွယ်ချက်ကို ချက်ချင်း ရှင်းပြလျှင် မန်နေဂျာရဲ့ နှလုံးသားထဲမှာ တုန်ယင်သွားလေသည်။ ဖုန်းကို ချက်ချင်း လွှင့်ပစ်မိလောက်အောင်ပင် ကြောက်လန့်တကြားဖြစ်သွားသည်။
စက္ကန့်ပိုင်းအကြာမှာ ဒီကိစ္စကို ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ဘူးဆိုတာ နားလည်သွားသောအခါမှာတော့ မန်နေဂျာသည် သူ့လက်ထောက် သတင်းပို့ထားတဲ့ အရာအားလုံးကို ယင်မိသားစုအား အံကြိတ်၍ ရှင်းပြလိုက်သည်။
ယင်မိသားစုသည် သူတို့ရဲ့ အငယ်ဆုံးသားဟာ မိန်းမလည်တစ်ယောက်နှင့် နီးစပ်နေပြီး ထိုမိန်းမလည်ထံမှာ ကျရှုံးသွားရုံသာမက မိသားစုအဆက်အသွယ်တွေကို အသုံးပြုပြီး သူမအတွက် အခွင့်အလမ်းတွေ ရှာပေးချင်နေကြောင်း သိလိုက်ရချိန်မှာ မျက်လုံးပြူးသွားလေသည်။
ပြဿနာအကြီးကြီး တက်ပြီ … ။
......
ယင်မိသားစုရဲ့ အိမ်ထောင်ဦးစီးဖြစ်သော ယင်ကျစ်ဟုန်ရဲ့ အဖေ ယင်ဟွားဖန့်သည် မန်နေဂျာကို အရင်ဆုံး ကြိမ်းမောင်းပြီး ထုတ်လုပ်ရေးအဖွဲ့ထဲက ဝမ်ကျင့်ဖျင်ရဲ့ အခြေအနေကို အသေးစိပ် မေးမြန်းခဲ့သည်။
သူမဟာ အရံ သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး သူမနှင့် ပတ်သက်သော ဇာတ်ဝင်ခန်းတွေကလည်း ရိုက်ကူးပြီးသွားတာ ကြာလှပြီဖြစ်တဲ့အပြင် ထုတ်လုပ်ရေးအဖွဲ့ထဲက အမျိုးသားသရုပ်ဆောင်တွေနှင့် ကောလဟာလတွေ ထွက်ထားတာမို့ ကျိုးကြောင်းဆီလျော်စွာ ပြောရလျှင် သူမ ထုတ်လုပ်ရေးအဖွဲ့ထဲကနေ ဟိုးအရင်ကတည်းက အလုပ်ထုတ်ခံရသင့်တာပါ။
သို့သော်လည်း လက်တွေ့မှာတော့ ဝမ်ကျင့်ဖျင်က ပညာယူချင်လို့ပါ ဟူသော အကြောင်းပြချက်ဖြင့် ရိုက်ကွင်းမှာ မျက်နှာပြောင်တိုက်စွာ ဆက်နေခဲ့ပြီး သူမ ထိုသို့ နေနိုင်ခြင်းက ယင်ကျစ်ဟုန်ရဲ့ အကူအညီကြောင့်လည်း ပါသည်။
လူကြီးမင်းယင်သည် ထိုအကြောင်းကို သိလိုက်ရချိန်မှာ ဒေါသထွက်လွန်း၍ ထခုန်မိတော့မလိုတောင် ဖြစ်သွားသည်။
မန်နေဂျာနှင့် ဖုန်းပြောပြီးသည်နှင့် ယင်ကျစ်ဟုန်ရဲ့ ရိုက်ကွင်းကို ပြေးသွားကာ သူ့ရဲ့ အသုံးမကျသော သားကို အိမ်ပြန်ခေါ်လာခဲ့သည်။ ထို့နောက် ပြင်းပြင်းထန်ထန် သတိပေးပြီး ဝမ်ကျင့်ဖျင်နှင့် ချက်ချင်း အဆက်အသွယ်ဖြတ်ကာ ထပ်မတွေ့ဖို့ တစ်ချက်လွှတ် အမိန့်ပေးလိုက်သည်။
1050 02
ဒါက လူကြီးမင်း သူ့သားကို ဆူပူကြိမ်းမောင်းဖူးတာ ပထမဆုံးအကြိမ် ဖြစ်သလို ယင်ကျစ်ဟုန် အကြိမ်းမောင်းခံရတာလည်း ပထမဆုံးအကြိမ် ဖြစ်သည်။
လူကြီးမင်းယင်သည် သူ့ရဲ့ ဆူပူကြိမ်းမောင်းမှုက သားဖြစ်သူကို အသိစိတ်ကပ်စေလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ပုံမှန်ဆို လိမ္မာရေးခြားရှိသော သူ့သားသည် သူ့ဆီက စကားလုံး အနည်းငယ်ကို ကြားရုံနှင့် တစ်ခွန်းမကျန် ခွန်းတုံ့ပြန် ပြောဆိုတာမို့ သားအဖနှစ်ယောက် အကြီးအကျယ် ရန်ပွဲဖြစ်ခဲ့ရလေသည်။
ထိုသတင်းတွေကို စုယန်ယန် ကြားချိန်မှာတော့ ယင်ကျစ်ဟုန်ကို ယင်မိသားစုက အိမ်ထဲက အိမ်ပြင် ပေးမထွက်ဘဲ ပိတ်လှောင်ထားခဲ့ပါပြီ။
ယင်မိသားစုဟာ သားဖြစ်သူကို အပနှင်ဖို့အတွက် နတ်ဆရာတွေကို တိတ်တဆိတ် လိုက်ရှာနေသည် ဟူ၍တောင် သတင်းကြားသည်။ သူတို့သားဟာ မိန်းမလည်တစ်ယောက်ရဲ့ ဖြားယောင်းသွေးဆောင်မှုအောက်မှာ ကျရှုံးသွားပြီး ပူးကပ်ခံနေရသည်ဟု သူတို့က ထင်နေကြသည်။
စုယန်ယန်က လူတစ်ယောက်အား ဖြစ်စဉ် အစအဆုံးကို စုံစမ်းခိုင်းခဲ့ပြီး ရှက်လည်းရှက် ၊ နားမလည်နိုင်အောင်လည်း ဖြစ်မိသည်။
ယင်ကျစ်ဟုန်က အိမ်မှာ အဲ့ဒီလောက်တောင် သောင်းကျန်းနေတာလား … ။ သူမတို့ အရင်တစ်ခေါက် တွေ့ဆုံချိန်ကတည်းက တစ်ဖက်လူက သူမအပေါ် အေးတိအေးစက်နှင့် ရံဖန်ရံခါ စိတ်နှင့်ကိုယ်မကပ်တာကို ခံစားခဲ့ရသည်။
သို့သော်လည်း သူတို့နှစ်ယောက်ကြားမှာ ပဋိပက္ခတွေ သိပ်မရှိခဲ့တာမို့ ယင်ကျစ်ဟုန်ကို စိတ်ရှည်တည်ငြိမ်သော လူတစ်ယောက် ဖြစ်လိမ့်မည်ဟုသာ အစတုန်းက ထင်ထားခဲ့တာ ဖြစ်သည်။ ဒါပေမဲ့ ဘယ်သူက ထင်ခဲ့မှာလဲ …
စနစ်က စုယန်ယန်ရဲ့ စိတ်ကို ဖတ်နိုင်သကဲ့သို့ သူမရဲ့ စိုးရိမ်ပူပန်မှုတွေ ၊ သံသယတွေကို ကူညီဖြေရှင်းပေးဖို့အတွက် ချက်ချင်းပဲ အွန်လိုင်းတက်လာခဲ့သည်။
[ အရင်တုန်းက Host က အဲ့ဒီမှာ ရှိနေလို့ ယင်ကျစ်ဟုန်က Host နဲ့ ပဋိပက္ခတွေ မရှိခဲ့တာပါ။ ]
+++