← Chapters

အခန်း ၄၅၈

Vol. 24 Ch. 458

အခန်း ၄၅၈

Vol. 24 Ch. 458

အခန်း (၄၅၈) ဘာမျှ မသိချေ

“မြောက်ဖျားဒေသ ဟုတ်လား”

ရှောင်ပိုင်က ချင်ယွမ်ဖုန်း၏ စကားကို တစ်ဆင့် ထပ်ဆင့်၍ ရေရွတ်လိုက်လေသည်။

“ဟုတ်တယ်၊ အဲဒီအရပ်က အဝေးကြီးမှာ ရှိတာ၊ ဟိုးဘက်မှာလေ”

ချင်ယွမ်ဖုန်းက မြောက်ဘက်ဆီသို့ လက်ညှိုးညွှန်ပြရင်း ဆိုသည်။

သို့ရာတွင် ချင်ယွမ်ဖုန်း၏ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်မိသောအခါ ရှောင်ပိုင်၏ မျက်နှာထက်၌ ထိတ်လန့်တုန်လှုပ်ဖွယ် အရိပ်အယောင်များ ရုတ်ချည်းပင် ဖြတ်ပြေးသွားပြီးလျှင် “မဖြစ်ဘူး၊ ကျမ အဲဒီကို မသွားရဲဘူး၊ မသွားနိုင်ဘူး” ဟု တုန်တုန်ရီရီဖြင့် ငြင်းဆန်ရှာလေသည်။

ထိုအခါ ချင်ယွမ်ဖုန်းသည် မျက်ခုံးနှစ်ဖက်ကို တွန့်ချိုးကာ စဥ်းစားရကျပ်သွားချေသည်။ တစ်ခဏမျှ၌ ဘာမျှ မမှတ်မိဟု ဆိုခဲ့သော ရှောင်ပိုင်သည် ယခုမူ မြောက်ဘက်သို့ မသွားနိုင်ဟု ပြတ်ပြတ်သားသား ဆိုပြန်ရာ ဤသည်က ချင်ယွမ်ဖုန်းအား အကြီးအကျယ် ဇဝေဇဝါ ဖြစ်စေသည်။

“ရှောင်ပိုင်၊ နည်းနည်းလောက် ထပ်ပြီး စဥ်းစားကြည့်ပါဦး၊ တခြား ဘာများ မှတ်မိသေးလဲ”

ချင်ယွမ်ဖုန်းက လေသံကို ညင်သာစွာ လျှော့၍ မေးမြန်းလိုက်သည်။

ရှောင်ပိုင်သည် ဦးခေါင်းကို ခါယမ်းကာ “ကျမ မသိဘူး၊ မသွားရဲဘူး၊ အားလုံးက အတုတွေချည်းပဲ” ဟုသာ တတွတ်တွတ် ဆိုနေတော့သည်။

“အင်းလေ”

ချင်ယွမ်ဖုန်းလည်း ဤကဲ့သို့သော အဖြေမျိုးသာ ရလိမ့်မည်ကို ကြိုတင်ခန့်မှန်းမိပုံဖြင့် “ငါ ဆက်မမေးတော့ပါဘူး” ဟု ဆိုကာ စကားစဖြတ်လိုက်ရသည်။

ထို့နောက် ချင်ယွမ်ဖုန်းသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ရုတ်တရက် အာမေဍိတ်သံပြုလျက် “သြော်၊ ဟုတ်သားပဲ၊ မင်းရဲ့ မှတ်ဉာဏ်တွေကို ငါ စမ်းသပ်ကြည့်ရင် စိတ်ဆိုးမလား” ဟု မေးလိုက်ပြန်သည်။

“မှတ်ဉာဏ် ဟုတ်လား”

ရှောင်ပိုင်သည် ချင်ယွမ်ဖုန်းအား ကြောင်တောင်တောင် မျက်နှာပေးဖြင့် ငေးကြည့်နေရှာသည်။

“ဟုတ်တယ်၊ စိတ်မပူပါနဲ့၊ ငါ ပြုပြင်မွမ်းမံထားတဲ့ ဝိညာဉ်ရှာဖွေခြင်းပညာရပ်က ဘေးထွက်ဆိုးကျိုး လုံးဝမရှိတော့ပါဘူး၊ ဒါပေမဲ့ မင်းဘက်က အတင်းအဓမ္မ တွန်းလှန်တာမျိုးတော့ မလုပ်ရဘူး၊ မဟုတ်ရင် မင်း နာကျင်ရလိမ့်မယ်”

ချင်ယွမ်ဖုန်းက အေးဆေးတည်ငြိမ်စွာပင် ရှင်းပြလိုက်၏။

ရှောင်ပိုင်သည် ချင်ယွမ်ဖုန်းကို နားလည်တချက်၊ မနားလည်တချက် မျက်လုံးအစုံဖြင့် သာ၍ စိုက်ကြည့်နေမိသည်။

မည်သူမည်ဝါမှန်း အစအန ရှာမရသော ဤလျှို့ဝှက်ဆန်းကြယ်သည့် အမျိုးသမီးကို ကြည့်ရင်း ချင်ယွမ်ဖုန်းလည်း ဘာလုပ်ရမှန်း မသိအောင် ဖြစ်နေရချေပြီ။

“ဘာပဲဖြစ်ဖြစ် တစ်ခါလောက်တော့ စမ်းကြည့်ရမှာပဲ”

ချင်ယွမ်ဖုန်းသည် သူ၏ လက်ဝါးကို ရှောင်ပိုင်၏ ဦးခေါင်းထက်သို့ ညင်သာစွာ တင်လိုက်ပြီးလျှင် ဝိညာဉ်ရှာဖွေခြင်းပညာရပ်ကို စတင်၍ အသုံးပြုလိုက်လေသည်။

သို့သော် နောက်တစ်ချက်၌ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် နောက်သို့ သုံးလှမ်းမျှ ဒုန်းဒုန်းဒုန်းဖြင့် ဆုတ်ခွာသွားရပြီး ရှောင်ပိုင်အား ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မျက်နှာပေးဖြင့် စိုက်ကြည့်နေမိတော့သည်။

အကြောင်းမူကား ရှောင်ပိုင်၏ စိတ်အာရုံထဲ၌ သူသည် မည်သည့်အရာကိုမျှ မမြင်တွေ့ရခြင်းကြောင့် ဖြစ်ချေသည်။ သူမ၏ မှတ်ဉာဏ်အဆုံသည် နို့ရည်ထဲတွင် နစ်မြုပ်နေသကဲ့သို့ ဖြူဖွေးထုထည်ကြီးမားသော အရာများဖြင့်သာ ဖုံးလွှမ်းနေသည်။

“မဖြစ်နိုင်တာ၊ လူတိုင်းမှာ မှတ်ဉာဏ် ရှိကြတာပဲ၊ မင်းကျမှ ဘာလို့ ဘာမှမရှိရတာလဲ၊ ဒါမှမဟုတ် မင်းရဲ့မှတ်ဉာဏ်တွေကို ငါက ဝင်ရောက်ကြည့်ရှုလို့ မရတာလား”

ချင်ယွမ်ဖုန်းက ရှောင်ပိုင်ကို ကြည့်ကာ မေးမြန်းလိုက်မိသည်။

သို့သော်လည်း ရှောင်ပိုင်သည် ယခင်အတိုင်းသာ ငေးငိုင်နေဆဲ ဖြစ်ရာ ချင်ယွမ်ဖုန်းမှာ လုံးဝ တတ်နိုင်ရုံမရှိတော့ချေ။

“ကောင်းပြီလေ၊ မင်းကို မြောက်ဖျားဒေသဆီ ခေါ်သွားပြီး ရှန်းဝူအကယ်ဒမီက ဆရာတွေကိုပဲ ပြသကြည့်ရတော့မှာပေါ့”

ချင်ယွမ်ဖုန်းက စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်သည်။

ရှောင်ပိုင်သည် သာမန်လူတစ်ဦးကဲ့သို့ ထင်မှတ်ရသော်လည်း ချင်ယွမ်ဖုန်းက ဝိညာဉ်ရှာဖွေခြင်းပညာရပ်ဖြင့် သူမ၏ မှတ်ဉာဏ်ကို စမ်းသပ်ကြည့်သည့်အခါ ဖြူဖွေးသော အရာများကို မြင်တွေ့ရရုံသာမက ကြီးမားလှသော အင်အားတစ်ရပ်က သူ့အား ရုတ်တရက် တွန်းထုတ်ပစ်လိုက်ခြင်းပင် ဖြစ်သည်။

တစ်နည်းအားဖြင့် ဆိုရသော် ရှောင်ပိုင်၏ ခန္ဓာကိုယ်အတွင်း၌ အလွန် အင်အားကြီးမားသော စွမ်းအားတစ်ရပ် ရှိနေတန်ရာရာ ယင်းစွမ်းအားသည် ချင်ယွမ်ဖုန်းထက်ပင် သာ၍ ကြီးမားလှပေသည်။

ချင်ယွမ်ဖုန်းက မြောက်ဖျားဒေသသို့ သွားရန် ပြောဆိုနေဆဲ ဖြစ်သည်ကို ကြားရသောအခါ ရှောင်ပိုင်သည် ချင်ယွမ်ဖုန်း၏ ဝတ်ရုံစကွင်းကို အလျင်အမြန် ဆွဲကိုင်လိုက်ပြီး သူမ၏ မျက်ဝန်းအစုံ၌ တောင်းပန်တိုးလျှိုးနေသော အရိပ်အယောင်များဖြင့် ကြည့်ရှုနေရှာသည်။

“စိတ်မပူပါနဲ့၊ မင်းပြောတဲ့နေရာကို ငါသွားမှာ မဟုတ်ပါဘူး၊ ငါက ရှန်းဝူအကယ်ဒမီကိုပဲ သွားမှာပါ၊ အဲဒီမှာ မင်းရဲ့ရောဂါကို ကုသပေးနိုင်တဲ့လူတွေ ရှိပါတယ်”

ချင်ယွမ်ဖုန်းက ရှောင်ပိုင် နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ တည့်တိုးပင် ပြောပြလိုက်၏။

သို့သော်လည်း ရှောင်ပိုင်သည် ချင်ယွမ်ဖုန်း၏ ဝတ်ရုံစကို မလွှတ်တမ်း ဆွဲကိုင်ထားဆဲ ဖြစ်ချေသည်။

“ပူမနေပါနဲ့၊ အရင်ဆုံး တစ်ခုခု စားကြရအောင်၊ ဗိုက်ဆာနေပြီလား”

ချင်ယွမ်ဖုန်းသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ရှောင်ပိုင်အား ဘေးတွင် ထိုင်စေလိုက်သည်။

ထို့နောက် ချင်ယွမ်ဖုန်းသည် မီးဖိုတစ်ခုကို ပွတ်တိုက်မွှေးလိုက်ပြီး အစားအစာအချို့ကို စတင် ပြင်ဆင်တော့ရာ ရှောင်ပိုင်သည် ဘေးမှနေ၍ စူးစမ်းလိုစိတ်ဖြင့် ငေးမောကြည့်ရှုနေချေသည်။

“မင်း ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူးလား”

ချင်ယွမ်ဖုန်းက မေးလိုက်သည်။

ရှောင်ပိုင်သည် ဦးခေါင်းကို ခါယမ်းကာ “ကျမ မသိဘူး” ဟုသာ ဆိုသည်။

ချင်ယွမ်ဖုန်းက ပြုံးလိုက်မိသည်။ ခေတ္တမျှ ကြာပြီးနောက် သူ ပြင်ဆင်ပြီးသော အစားအစာများကို ရှောင်ပိုင်ထံသို့ ကမ်းပေးလိုက်ရင်း “ရော့၊ ဒါ မင်းအတွက်” ဟု ဆိုသည်။

ရှောင်ပိုင်သည် အစားအစာကို တွေဝေစွာ လှမ်းယူလိုက်သော်လည်း မည်သို့လုပ်ရမည်ကို မသိဘဲ ဖြစ်နေရှာသည်။

“ဒီလိုမျိုး စားရတာလေ”

ချင်ယွမ်ဖုန်းက ကိုယ်တိုင် စားပြကာ သရုပ်ပြသသောအခါမှ ရှောင်ပိုင်သည်လည်း လိုက်လံလုပ်ဆောင်ရှာတော့သည်။

“ကျမ သိပြီ၊ ဟိုးဘက်မှာလေ၊ စားဖူးတယ်”

ရှောင်ပိုင်သည် စိတ်လှုပ်ရှားစွာဖြင့် ချင်ယွမ်ဖုန်း၏ နောက်ကျောဘက်ဆီသို့ လက်ညှိုးညွှန်ပြလေရာ ထိုနေရာသည် ယခင်က သူမ ကြုံတွေ့ခဲ့ရသော မျိုးနွယ်စု ရှိရာ အရပ်ပင် ဖြစ်ချေသည်။

ထိုမျိုးနွယ်စုမှ လူများသည် ရှောင်ပိုင်အား နတ်ဘုရား သို့မဟုတ် ဝိညာဉ်တစ်ခုကဲ့သို့ သဘောထားကာ အဝတ်အစားနှင့် အစားအစာများကို ပေးကမ်းခဲ့ကြသည့်အပြင် စားသောက်နည်းကိုလည်း သင်ကြားပေးခဲ့ကြဖူးသည်။

ထို့ကြောင့်ပင် ရှောင်ပိုင်က သူမ သိသည်ဟု ပြောဆိုခြင်း ဖြစ်ပေ၏။

“သိရင် ပြီးတာပါပဲ၊ ဒါကို အစားအစာလို့ ခေါ်တယ်”

ချင်ယွမ်ဖုန်းက မိမိလက်ထဲမှ အစားအစာကို ညွှန်ပြရင်း ပြောလိုက်၏။

“အစားအစာ”

ရှောင်ပိုင်က ချင်ယွမ်ဖုန်း၏ စကားကို လိုက်လံရေရွတ်သည်။

ချင်ယွမ်ဖုန်းက ဦးခေါင်းညိတ်လိုက်မိသည်။

ဤအခြေအနေသည် ကလေးသူငယ်တစ်ဦးအား စကားသင်ပေးနေရသည်နှင့် အလားသဏ္ဌာန် တူလှပေသည်။

စားသောက်ပြီးကြသောအခါ ချင်ယွမ်ဖုန်းက ရှောင်ပိုင်အား အနားယူရန် ပြောရာ သူမသည်လည်း လိမ္မာယဉ်ကျေးစွာဖြင့် နာခံရှာသည်။

သို့သော်လည်း အိပ်ပျော်နေသည့် အချိန်တွင်ပင် သူမ၏ လက်ကလေးသည် ချင်ယွမ်ဖုန်း၏ ဝတ်ရုံစကို တင်းကျပ်စွာ ဆွဲကိုင်ထားဆဲ ဖြစ်ချေသည်။

ချင်ယွမ်ဖုန်းမှာ မတတ်သာသော်လည်း ရှောင်ပိုင်အား မနှိုးရဲသဖြင့် ထိုနေရာ၌ပင် ထိုင်ရင်း ကျင့်ကြံခြင်းကိုသာ ပြုလုပ်နေရတော့သည်။

ညဉ့်နက်သန်းခေါင်ယံအချိန်သို့ ရောက်သောအခါ တဲအပြင်ဘက်တွင် ဝပ်စင်းနေသော ဝမ်ချိုင်သည် ရုတ်တရက် ထရပ်လိုက်ပြီး ရှေ့မှောက်ရှိ မှောင်မိုက်သော အရပ်ဆီသို့ မျက်လုံးအစုံဖြင့် စိုက်ကြည့်နေလေသည်။

တဲအတွင်း၌လည်း ရှောင်ပိုင်သည် ရုတ်ချည်း နိုးလာပြီးလျှင် “အန္တရာယ်၊ အန္တရာယ် ရှိတယ်” ဟု ရေရွတ်လိုက်၏။

“အန္တရာယ် ဟုတ်လား”

ချင်ယွမ်ဖုန်းသည် ခေတ္တမျှ စဥ်းစားလိုက်ပြီးနောက် တဲအပြင်ဘက်သို့ အလျင်အမြန် ထွက်ခဲ့တော့သည်။

ဝမ်ချိုင်သည်လည်း မတ်တတ်ရပ်နေသည်ကို မြင်ရသောအခါ ရှောင်ပိုင် ပြောသည်မှာ လုံးဝ မှန်ကန်ကြောင်း ချင်ယွမ်ဖုန်း သိလိုက်ချေပြီ။

မှန်ပေသည်၊ မကြာမီအချိန်၌ပင် ချင်ယွမ်ဖုန်းသည်လည်း မြေပြင် တုန်ခါလာသည်ကို ခံစားလိုက်ရရာ ယင်းသည် စစ်သည်တော်များနှင့် မြင်းသည်တော် ထောင်သောင်းချီ၍ ချဉ်းကပ်လာနေသကဲ့သို့ ရှိချေသည်။

“ဘယ်သူများလဲ၊ ခန် များလား”

ချင်ယွမ်ဖုန်းက မျက်ခုံးကို တွန့်ကာ ရေရွတ်လိုက်သည်။

မည်သူမည်ဝါဖြစ်သည်ကို သဲသဲကွဲကွဲ မသိရသေးသော်လည်း ချင်ယွမ်ဖုန်းသည် တဲကို အမြန် သိမ်းဆည်းလိုက်ပြီး ရှောင်ပိုင်အား ဝမ်ချိုင်၏ ကျောပေါ်သို့ တက်စီးစေလျက် ချဉ်းကပ်လာနေသော လူစုကို စောင့်ဆိုင်းနေလိုက်တော့သည်။

မကြာမီပင် မှောင်မိုက်သောအမှောင်ထုထဲမှ အေးစက်သော လက်နက်အလင်းတန်းများ ဝင်းလက်လာချေသည်။

ဤသည်ကို မြင်လျှင်ပင် ချင်ယွမ်ဖုန်းသည် ရောက်ရှိလာသူများမှာ မည်သူများဖြစ်သည်ကို ခန့်မှန်းမိသွားပြီ ဖြစ်၏။

သူတို့သည် မြက်ခင်းပြင်၏ သံမဏိစစ်သည်များ ဖြစ်ကြသော ပုယန်၏ အဖွဲ့ပင် ဖြစ်ချေသည်။

သံမဏိစစ်သည်ဟူသော အမည်နာမသည် ကြောက်မက်ဖွယ်ကောင်းလှသော်လည်း ယင်းသည် မြက်ခင်းပြင်ပေါ်ရှိ ခုခံကာကွယ်နိုင်စွမ်းမရှိသော မျိုးနွယ်စုများအတွက်သာ ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းအတွက်မူ ဤသံမဏိစစ်သည်များသည် စနစ်တကျ လေ့ကျင့်ထားသည် ဆိုစေဦးတော့၊ ကျင့်စဉ်အဆင့်ချင်း ကွာခြားလွန်းလှသဖြင့် စိုးရွံ့ထိတ်လန့်ခြင်း အလျဉ်းမရှိချေ။

ဧကန်စင်စစ် ချင်ယွမ်ဖုန်း၏ ရှေ့မှောက်သို့ သံမဏိစစ်သည် တစ်ထောင်ခန့် ရောက်ရှိလာကြသည်။

သူတို့၏ လက်ထဲမှ ကွေးညွတ်သော ဓားမြှောင်များသည် အေးစက်လှသော အလင်းရောင်များ တောက်ပနေပြီး မြက်ခင်းပြင် ဝံပုလွေများအားလုံးသည်လည်း အသံတစ်ချက်မျှ မပြုဘဲ ငြိမ်သက်စွာ ရပ်တန့်သွားကြချေသည်။

ပုယန်သာ အချိန် သာ၍ ရခဲ့ပါက မြက်ခင်းပြင်တစ်ခုလုံးကို ဧကန်မုချ စည်းလုံးနိုင်လိမ့်မည် ဖြစ်ကြောင်း ချင်ယွမ်ဖုန်း မသင်္ကာဖြစ်စရာ မလိုတော့ချေ။

သို့သော် နှမြောစရာကောင်းသည်မှာ ခန် နှင့် နှိုင်းယှဉ်ပါက ပုယန်၏ အခြေခံအုတ်မြစ်သည် သာ၍ နက်ရှိုင်းမှုမရှိသေးသည့်အပြင် အချိန်လည်း အလွန် နည်းပါးခဲ့ခြင်း ဖြစ်သည်။

သံမဏိစစ်သည်များ ရှိနေသည် ဆိုသော်လည်း အချိန်အကန့်အသတ်ကြောင့် သူတို့ကို အမှန်တကယ် စွမ်းအားကြီးမားသော တိုက်ခိုက်ရေးသမားများအဖြစ် လေ့ကျင့်ပေးနိုင်ခြင်း မရှိသေးချေ။

“အလယ်ပိုင်းဒေသက လူသား၊ အဲဒီအမျိုးသမီးကို အပ်စမ်း၊ ဒါဆို မင်းရဲ့အသက်ကို ချမ်းသာပေးမယ်”

သံမဏိစစ်သည်တစ်ဦးသည် အရှေ့သို့ ဖြည်းညှင်းစွာ ထွက်လာပြီး ချင်ယွမ်ဖုန်းအား မှတ်မိပုံမရဘဲ အော်ဟစ်လိုက်လေသည်။

ချင်ယွမ်ဖုန်းက ပြုံးလိုက်ရင်း “မင်းတို့က ဒီမိန်းကလေးကို သိလို့လား” ဟု မေးလိုက်သည်။

“မိန်းကလေး ဟုတ်လား၊ ဒါက ကောင်းကင်ဘုံက ငါတို့ကို ပေးသနားတော်မူတဲ့ စစ်မှန်တဲ့ နတ်ဘုရားမကွ”

ထိုသံမဏိစစ်သည်၏ မျက်ဝန်းထဲ၌ လောဘရိပ်များ ဖြတ်သန်းသွားချေသည်။

ဤသည်ကို ကြားသောအခါ ချင်ယွမ်ဖုန်းသည် သံမဏိစစ်သည်များ၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် သဘောပေါက်သွားတော့သည်။

နာရင်ထူးယား ကဲ့သို့ပင် သူတို့သည်လည်း လူအများ၏ ကြည်ညိုသဒ္ဓါတရားကို ရယူနိုင်မည့် ရုပ်ပုံလွှာတစ်ခုကို လိုအပ်နေကြခြင်း ဖြစ်ရာ ဖြူဖွေးသော ဆံကေသာနှင့် သိမ်မွေ့လှသော အရှိန်အဝါတို့ ရှိသည့် ဤလျှို့ဝှက်ဆန်းကြယ်သောအမျိုးသမီး ရှောင်ပိုင်သည် ဤနေရာ၌ အသင့်တော်ဆုံး ဖြစ်နေပေသည်။

ပုယန်သည် ဤသတင်းကို မည်သည့်နေရာမှ ရရှိခဲ့သည်မသိဘဲ ဤအမျိုးသမီးကို ဖမ်းဆီးရန် လူလွှတ်၍ လိုက်လံခိုင်းစေခဲ့ခြင်း ဖြစ်တန်ရာ၏။

“နှမြောစရာပဲ၊ မင်းတို့ ဒီအမျိုးသမီးကို ခေါ်သွားလို့ ရမှာမဟုတ်ဘူး”

ချင်ယွမ်ဖုန်းက အေးဆေးတည်ငြိမ်စွာပင် ဆိုလိုက်သည်။

ရှောင်ပိုင်သည် အနည်းငယ် ထိတ်လန့်နေပုံရသော်လည်း ချင်ယွမ်ဖုန်းက သူမ၏ လက်ကလေးကို ဆွဲကိုင်ထားပေးရာ လက်ဝါးမှတစ်ဆင့် ကူးစက်လာသော နွေးထွေးမှုကြောင့် သူမ၏ စိတ်အာရုံများ ပြန်လည် တည်ငြိမ်သွားရချေသည်။

“မြက်ခင်းပြင်က လူသား၊ ငါတို့က ဘယ်သူတွေလဲဆိုတာ မင်းသိရဲ့လား၊ ဘယ်လိုသတ္တိမျိုးနဲ့ ဒီလိုစကားတွေကို ပြောရဲတာလဲ”

သံမဏိစစ်သည်က ခက်ထန်စွာဖြင့် ထပ်မံ အော်ဟစ်လိုက်လေတော့သည်။

All Chapters