အခန်း ၄၆၀
Vol. 24 Ch. 460
အခန်း(၄၆၀)
ပုယန်၏ ကွေးကောက်သော ဓားမြှောင်သည် ချင်ယွမ်ဖုန်း၏ တိုက်ခိုက်မှုကို ဆီးကြိုပိတ်ဆို့လိုက်ပြီးနောက် သူသည် နောက်သို့ ခပ်သွက်သွက် ဆုတ်ခွာသွားချေသည်။
ထို့နောက် မိမိ၏ နောက်ကွယ်ရှိ သံမဏိစစ်သည်များကို ရှေ့သို့ အတင်းတိုးဝင်စေလျက် ချင်ယွမ်ဖုန်း၏ ကိုယ်ခန္ဓာ အင်အားကို ကုန်ခမ်းစေရန် ကြံစည်လေတော့သည်။
ထိုသို့ ဆုတ်ခွာရင်း ဝမ်ချိုင်ရှိရာဆီသို့ လှမ်းမျှော်ကြည့်မိသောအခါ ပုယန်၏ ရင်ထဲ၌ ဒိန်းခနဲ တုန်လှုပ်ခြောက်ခြားသွားရ၏။
သူ၏ လက်အောက်ခံ သံမဏိစစ်သည်အချို့မှာ အပိုင်းပိုင်းအပြတ်ပြတ် အခုတ်ခံထားရပြီးဖြစ်ရာ ယင်းမြင်ကွင်းက ချင်ယွမ်ဖုန်း အစောပိုင်းက ပြောကြားခဲ့သော စကားလုံးများကို ပုယန်၏ စိတ်ထဲ၌ ပြန်လည်အမှတ်ရသွားစေသည်။
"ချင်ယွမ်ဖုန်း... ဒါ ဘာကောင်လဲ" ပုယန်သည် ဝမ်ချိုင်အား လက်ညှိုးငေါ့ငေါ့ထိုးပြလျက် အော်ဟစ်မေးမြန်းလိုက်ချေသည်။
ချင်ယွမ်ဖုန်းသည် လက်ရှိ၌ သံမဏိစစ်သည်တစ်ဦးကို ရှောင်ထျန်းတုတ်ရှည်ကြီးဖြင့် တစ်ချက်တည်း ရိုက်လွှတ်လိုက်ပြီးနောက် ပုယန်အား ကြည့်ကာ ပြုံးယောင်သန်းလျက် ဆို၏။
"ဒီခွေးကို သွားမစနဲ့လို့ ငါမင်းကို ပြောသားပဲလေ"
ထိုအချိန်၌ တိုက်ပွဲမှာ အတော်ပင် ကြာမြင့်နေပြီဖြစ်ရာ သံမဏိစစ်သည် ထက်ဝက်ကျော်မျှမှာ ချင်ယွမ်ဖုန်း၏ လက်ချက်ဖြင့် သေဆုံးကုန်ကြခြေပြီ။
သူတို့၏ သံချပ်ကာဝတ်စုံများမှာ ကြေမွပျက်စီးနေပြီး သေဆုံးမှုများမှာလည်း ရင်နာစဖွယ် အတိပင် ရှိချေသည်။
"ချင်ယွမ်ဖုန်း... ဒီတစ်ကြိမ်မှာလည်း ငါဟာ ဒီအလယ်ပိုင်းဒေသက လူသားကို ထပ်ပြီး ရှုံးနိမ့်ရဦးမှာလား" ပုယန်၏ နှလုံးသားတစ်ခုလုံး ခါးသီးနာကျင်မှုများဖြင့် ပြည့်နှက်သွားရပြီး သူ၏ စိတ်ထဲတွင် ဆုတ်ခွာရန်ပင် ကြံစည်တွေးတောမိနေချေပြီ။
သို့သော်လည်း ချင်ယွမ်ဖုန်းသည် ပုယန်အား လွယ်လွယ်နှင့် ဆုတ်ခွာခွင့်မပေးလိုပေ။ ယန်ရုအင်ပါယာအတွင်း၌ ချင်ယွမ်ဖုန်းတွင် ဤရန်သူတစ်ဦးတည်းသာ ရှိခြင်းဖြစ်ပြီး အမြဲတစေ ရန်ရှာပစ်မှတ်ထားခံနေရခြင်းက သူ့ကို စိတ်မသက်မသာ ဖြစ်စေပေသည်။
ထို့ကြောင့် ချင်ယွမ်ဖုန်းသည် ဤစိတ်မသက်မသာ ဖြစ်မှုကို ယခုပင် အပြီးတိုင် ဖယ်ရှားပစ်လိုခြင်း ဖြစ်ချေသည်။
သံမဏိစစ်သည်တစ်ဦးက ဆုတ်ခွာရန် ခရုသင်းတံပိုးကို မှုတ်လိုက်ရာ သံမဏိစစ်သည်အားလုံးတို့သည် လဲကျသေဆုံးနေသော ရဲဘော်ရဲဘက်များကို စွန့်ပစ်လျက် ပုယန်ရှိရာဆီသို့ အပြေးအလွှား တိုးဝင်ကာ ဖြည်းညှင်းစွာ ဆုတ်ခွာကြတော့သည်။
သို့သော်ငြား ချင်ယွမ်ဖုန်းသည် ကောင်းကင်ယံထက်သို့ ဝုန်းခနဲ ခုန်တက်လိုက်ပြီး ခန္ဓာကိုယ်ကို လျှပ်ခနဲ လှုပ်ရှားကာ ပုယန်၏ ဦးခေါင်းထက်တွင် ပေါ်လာပြီးနောက် ပြင်းထန်သော အရှိန်အဟုန်ဖြင့် အောက်သို့ ထိုးစိုက်ဆင်းလာချေသည်။
ပုယန်၏ မျက်နှာအမူအရာမှာ ခက်ထန်ရက်စက်သော ပုံစံသို့ ပြောင်းလဲသွားပြီး သူ၏ ကွေးကောက်သော ဓားမြှောင်ကို အထက်သို့ ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော လေမုန်တိုင်းတစ်ခု ဖြည်းဖြည်းချင်း စုစည်းလာတော့သည်။
"မြက်ခင်းပြင် တောရိုင်းဓားသွား"
ပုယန်သည် အော်ဟစ်ဟိန်းဟောက်လိုက်ရာ အတိုင်းအဆမရှိသော ကိုယ်တွင်းစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်ရှိ လေမုန်တိုင်းနှင့် ပေါင်းစပ်လျက် ထောင်သောင်းမကသော လေဓားသွားများအသွင်ဖြင့် အထက်သို့ ပြင်းထန်စွာ ထိုးနှက်တိုက်ခိုက်လေတော့သည်။
ချင်ယွမ်ဖုန်း၏ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားရ၏။ လေဓားသွားတစ်ခုက သူ၏ လက်မောင်းကို ထိမှန်သွားပြီး နက်ရှိုင်းသော ဒဏ်ရာတစ်ခု ဖြစ်ပေါ်စေခဲ့ချေပြီ။
သို့ရာတွင် သူသည် နောက်သို့ ဆုတ်မပြေးဘဲ မိမိ၏ ရင်ဘတ်ထက်မှ ကြေးညိုရောင် တံခါးကြီးကို တိုက်ရိုက်ထုတ်ယူလျက် ချက်ချင်းပင် ကြီးမားအောင် ပြုလုပ်ကာ အောက်သို့ ပြင်းထန်သော စွမ်းအားဖြင့် ပစ်ချလိုက်တော့သည်။
ကြေးညိုရောင် တံခါးကြီးသည် လေကို ခွဲလျက် ဝူးဝူးဝါးဝါး မြည်ဟီးကာ ကျဆင်းလာရာ ယင်းကို ထိမှန်သော လေဓားသွားများမှာ တစ်ခုပြီးတစ်ခု ကြေမွပျက်စီးကုန်ကြပြီး ကြေးညိုရောင် တံခါးကြီးပေါ်၌ အစအနမျှပင် မကျန်ရစ်ချေ။
ကြေးညိုရောင် တံခါးကြီး၏ စွမ်းပကားကို ခံစားမိသောအခါ ပုယန်သည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပြီး မိမိစီးနင်းထားသော မြက်ခင်းပြင်ဝံပုလွေကိုပင် စွန့်ပစ်လျက် အပြင်ဘက်သို့ အတင်းအလူးအလဲ ခုန်ရှောင်လိုက်ရချေသည်။
ကြေးညိုရောင် တံခါးကြီးသည် မြေပြင်ထက်သို့ ဒုန်းခနဲ ကျရောက်သွားပြီး မြက်ခင်းပြင်ဝံပုလွေ၏ ကိုယ်ခန္ဓာကို ပြင်းထန်စွာ ဖိညှပ်ပိမိစေကာ သွေးအိုင်ထွန်းသွားစေရုံမျှမက ကြေးညိုရောင် တံခါးကြီးသည် မြေကြီးထဲသို့ပင် နက်ရှိုင်းစွာ နစ်ဝင်သွားချေသည်။
ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ခတ်သွားသကဲ့သို့ ဖြစ်ပြီး ကြေးညိုရောင် တံခါးကြီး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ကြီးမားသော မြေကွဲကြောင်းကြီးများ ဖြာထွက်သွားတော့သည်။
ပုယန်သည် ထိုကြေးညိုရောင် တံခါးကြီးကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကြည့်မိချေသည်။ အကယ်၍သာ သူသည် ထိုတံခါးကြီး၏ အောက်တွင် ရှိနေခဲ့ပါမူ သူ၏ အဖြစ်မှာ ထိုမြက်ခင်းပြင်ဝံပုလွေထက် သာလွန်ကောင်းမွန်မည် မဟုတ်ချေ။
သို့သော်လည်း ချင်ယွမ်ဖုန်းသည် ပုယန်အား လွတ်မြောက်ခွင့် မပေးပေ။ သူသည် ကြေးညိုရောင် တံခါးကြီးနှင့်အတူ အောက်သို့ လိုက်ပါဆင်းသက်လာသော်လည်း သူ၏ ပုံရိပ်မှာမူ ပျောက်ကွယ်သွားချေပြီ။
ချင်ယွမ်ဖုန်း၏ အကြောင်းကို ပြန်လည်တွေးတောမိသောအခါ ပုယန်သည် ရုတ်တရက် ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းသွားပြီး ကျန်ရှိနေသေးသော သံမဏိစစ်သည်များထဲသို့ တိုက်ရိုက်တိုးဝင်ကာ မိမိကို ကာကွယ်ရန် လူသားတံတိုင်းကြီး ပြုလုပ်စေချေသည်။
ကွက်တိပင်... အေးစက်သော အလင်းတန်း သုံးခုသည် တိတ်တဆိတ် ထိုးနှက်တိုက်ခိုက်လာပြီး သံမဏိစစ်သည် သုံးဦး၏ ကိုယ်ခန္ဓာကို တိုက်ရိုက်ဖောက်ထွင်းသွားကာ သူတို့၏ သံချပ်ကာဝတ်စုံများကို ပဲပြားတုံး ကဲ့သို့ လွယ်ကူစွာ ဖြတ်တောက်သွားချေသည်။
ပုယန်၏ ရင်ထဲ၌ တုန်လှုပ်သွားရပြန်၏။ သူသည် မိမိ၏ ကွေးကောက်သော ဓားမြှောင်ကို ဝှေ့ယမ်းကာ အတိုင်းအဆမရှိသော ကိုယ်တွင်းစွမ်းအင်များဖြင့် ရှေ့မှောက်ရှိ အေးစက်သော အလင်းတန်း သုံးခုကို ရိုက်ထုတ်ပစ်လိုက်ရသည်။
လူတိုင်း၏ အာရုံစိုက်မှုမှာ ရှေ့မှောက်ဆီသို့ ရောက်ရှိနေစဉ် ပုယန်၏ နောက်ကွယ်၌ တစ္ဆေတစ်ကောင်ကဲ့သို့ ပုံရိပ်တစ်ခု တိတ်တဆိတ် ပေါ်လာချေပြီ။
သူ၏ လက်ထဲရှိ ရှောင်ထျန်းတုတ်ရှည်ကြီးသည် လှံတစ်စင်းကဲ့သို့ ပုယန်၏ နှလုံးသားဆီသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားတော့သည်။
ပုယန်သည် အကြောင်သားဖြင့် အောက်သို့ ငေးစိုက်ကြည့်မိရာ ရှောင်ထျန်းတုတ်ရှည်ကြီး၏ အေးစက်လှသော ထိပ်ဖျားပိုင်းကိုသာ မြင်တွေ့လိုက်ရချေသည်။
ချင်ယွမ်ဖုန်းသည် နောက်သို့ ခပ်သွက်သွက် ဆုတ်ခွာလိုက်၏။ သူသည် ဟင်းလင်းပြင်ဆိုင်ရာ စွမ်းအားကို အသုံးပြုလျက် ပုယန်၏ နောက်ကွယ်တွင် ချက်ချင်းပေါ်လာကာ သေစေလောက်သော ထိုးနှက်ချက်ကို ပေးစွမ်းခဲ့ခြင်း ဖြစ်ချေသည်။
ပုယန်သည် ယိုင်တိယိုင်တိုင်ဖြင့် နောက်သို့ ဆုတ်သွားပြီးနောက် မြေပြင်ထက်သို့ ဘုန်းခနဲ လဲကျသွားတော့သည်။
သူ၏ နှလုံးသားမှာ ဖောက်ထွင်းခံရပြီး ကြေမွသွားခဲ့ပြီ ဖြစ်ရာ ကိုယ်ခန္ဓာအတွင်းမှ သက်စောင့်စွမ်းအင်များမှာလည်း လျင်မြန်စွာ ကုန်ခမ်းပျောက်ကွယ်သွားချေပြီ။
မိမိတို့၏ ခေါင်းဆောင် သေဆုံးသွားသည်ကို မြင်တွေ့ရသောအခါ သံမဏိစစ်သည်များသည် ယုံကြည်ကိုးစားမှုများ ပျက်ပြားသွားပြီး လမ်းခွဲလျက် အလူးအလဲ ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းကြတော့သည်။
ချင်ယွမ်ဖုန်းသည် သူတို့ကို လိုက်လံဖမ်းဆီးရန် ပျင်းရိနေသဖြင့် ပုယန်ရှိရာသို့ လျှောက်လှမ်းသွားပြီး သူ၏ ဝတ်ဆံအိတ်ကို ချွတ်ယူလိုက်ချေသည်။
သို့သော်ငြား ပုယန်၏ ဝတ်ဆံအိတ်မှာ ဗလာကျင်းနေပြီး ဝိညာဉ်ကျောက်တုံး အနည်းငယ်သာ ရှိရာ ယင်းကို ထောက်ရလျှင် ဤသံမဏိစစ်သည်များကို မွေးမြူထိန်းကျောင်းရန်အတွက် သူ၏ ရတနာဓန အားလုံး ကုန်ခမ်းခဲ့ရသည်မှာ ထင်ရှားလှပေသည်။
"ကောင်းပြီ... အခုတော့ အားလုံး ပြီးဆုံးသွားခဲ့ပါပြီ" ချင်ယွမ်ဖုန်းသည် ဝမ်ချိုင်ရှိရာသို့ ပြန်လည်ရောက်ရှိလာပြီး ပြုံးလျက် ဆိုလိုက်၏။
သို့ရာတွင် ရှောင်ပိုင်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပုံမှန်မဟုတ်ဘဲ သူ၏ မျက်ဝန်းအစုံ၌ နက်ရှိုင်းသော ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေချေသည်။
မိမိရှေ့မှောက်ရှိ ကြေမွပျက်စီးနေသော အလောင်းကောင်များကို ကြည့်ရင်း ချင်ယွမ်ဖုန်းသည်လည်း ဤနေရာမှာ ငရဲဘုံသဖွယ် ဖြစ်နေသည်ဟု ခံစားမိချေသည်။
"ဝမ်ချိုင်" ချင်ယွမ်ဖုန်းသည် ဝမ်ချိုင်အား မျက်စိတစ်ဖက် ပစ်ပြလိုက်ရာ ဝမ်ချိုင်က ချက်ချင်းပင် နားလည်သဘောပေါက်သွားပြီး ဂီရီလီတာနာ မြစ်တစ်လျှောက် သုတ်ခြေတင် ပြေးလွှားသွားတော့သည်။
ထိုအတောအတွင်း ချင်ယွမ်ဖုန်းသည် ခန္ဓာကိုယ်ပေါ်ရှိ အညစ်အကြေးများကို ဆေးကြောသန့်စင်ရန် မြစ်အတွင်းသို့ ခုန်ဆင်းလိုက်၏။
ထိုငရဲဘုံနှင့် ဝေးကွာသော နေရာတစ်ခုတွင် ချင်ယွမ်ဖုန်းသည် မိမိအား စောင့်ဆိုင်းနေသော ဝမ်ချိုင်ကို တွေ့ရှိရသည်။
"သူတို့ သေဆုံးသွားတာကို မင်း စိတ်မကောင်းဖြစ်နေတာလား" ချင်ယွမ်ဖုန်းသည် မြစ်အတွင်းမှ ပြန်လည်တက်လာပြီး မေးမြန်းလိုက်ချေသည်။
ရှောင်ပိုင်သည် ချင်ယွမ်ဖုန်းကို ကြည့်ကာ ခေါင်းညိတ်ပြ၏။
"သူတို့ မသေရင် ငါသေရမှာလေ... ပြီးတော့ သူတို့က မင်းကို ဖမ်းဆီးပြီး ထိန်းချုပ်ကြလိမ့်မယ်... နောက်ပိုင်းကျရင် မင်းဟာ သူတို့ရဲ့ ရုပ်သေးရုပ် ဖြစ်သွားလိမ့်မယ်... မင်း အဲဒီလိုမျိုး ဖြစ်ချင်လို့လား" ချင်ယွမ်ဖုန်းက ဆက်လက်မေးမြန်းလိုက်သည်။
ရှောင်ပိုင်သည် ခေတ္တမျှ တွေးတောပြီးနောက် ခေါင်းကို ခါယမ်းပြချေသည်။
"ဒါကြောင့်မို့လို့ ဒီလောကကြီးထဲမှာ ဒီလိုမြင်ကွင်းမျိုးတွေဟာ နေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေတာပဲလေ... ငါးအသေးလေးတွေကို ငါးအကြီးကြီးတွေက စားတယ်... ငါးအကြီးကြီးတွေကိုတော့ ပိုပြီးကြီးတဲ့ ငါးတွေက ထပ်စားကြပြန်ရော... ငါတို့တွေဟာ ပိုပြီးကြီးမားတဲ့ ငါးတွေ ဖြစ်လာအောင်ပဲ ကြိုးစားအားထုတ်ရမှာပေါ့" ချင်ယွမ်ဖုန်းက တည်ငြိမ်အေးဆေးစွာ ဆို၏။
ရှောင်ပိုင်သည် ချင်ယွမ်ဖုန်း၏ စကားလုံးများကို ကောင်းစွာ နားမလည်နိုင်ရှာသော်လည်း သူ၏ မျက်ဝန်းအစုံ၌ ရှိနေသော နက်ရှိုင်းလှသော ဝမ်းနည်းမှုများမှာမူ အနည်းငယ် လျော့ပါးသွားခဲ့ချေပြီ။
မိုးလင်းသော်အခါ ချင်ယွမ်ဖုန်းသည် ရှောင်ပိုင်နှင့်အတူ ခရီးစဉ်ကို ဆက်လက်လျှောက်လှမ်းလေသည်။
ဝမ်ချိုင်၏ အရှိန်အဟုန်မှာ အလွန်အမင်း မြန်ဆန်လှသဖြင့် သူတို့သည် တစ်မုဟုတ်ချင်းမှာပင် ဂီရီလီတာနာ မြစ်ကို ဖြတ်ကျော်နိုင်ခဲ့ကြချေသည်။
ထို့အပြင် သူတို့သည် ခန် စခန်းချ တပ်စွဲထားသော နေရာကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြ၏။
ပုယန် သေဆုံးသွားသည့် သတင်းမှာ လက်ရှိအချိန်အထိ ပျံ့နှံ့သွားခြင်း မရှိသေးသဖြင့် ချင်ယွမ်ဖုန်းသည် ခန် ထံသို့ သွားရောက်ကာ ဤသတင်းကို တိုက်ရိုက် ပြောကြားလိုက်တော့သည်။
"ပုယန် သေသွားပြီ ဟုတ်လား"
ခန် သည် ချင်ယွမ်ဖုန်းအား မှင်တက်မိစွာ စိုက်ကြည့်လျက် မေးမြန်း၏။ "မင်းပဲ သူ့ကို သတ်လိုက်တာလား"
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ "သူတို့က ရှောင်ပိုင်ကို လုယူချင်ကြပြီး ကျွန်တော့်ကိုလည်း အသည်းကွဲမတတ် မုန်းတီးနေကြတာလေ... အခု ကျွန်တော့်မှာ အင်အားစွမ်းအား ရှိနေပြီဆိုတော့ သူ့ကို ချန်လှပ်ထားစရာ အကြောင်းမရှိတော့ပါဘူး"
"ကောင်းတာပေါ့" ခန် မင်းကြီးသည် ကျယ်လောင်စွာ ရယ်မောလျက် "ယွမ်ဖုန်း... မင်းဟာ ငါ့ကို အတိုင်းအဆမရှိ ကူညီပေးခဲ့တာပဲ... မင်းကို အခြားသော မျိုးရိုးအမည်နဲ့ မင်းသားတစ်ပါးအဖြစ် ရာထူးတိုးမြှင့်ပေးရင် ဘယ်လိုလဲ"
ချင်ယွမ်ဖုန်းသည် လက်ကို အကြိမ်ကြိမ် ဝှေ့ယမ်းလျက် "ခန် သိတဲ့အတိုင်း ကျွန်တော်ဟာ ဒီလိုအရာမျိုးတွေကို အကြောက်ဆုံးပါပဲ... ပုယန်ကို သတ်ခဲ့တာဟာ သက်သက် ကိုယ်ရေးကိုယ်တာ ရန်ငြိုးကြောင့်မို့လို့ ခန် ဆီက ဆုလာဘ်ကိုတော့ ကျွန်တော် မတောင်းခံဝံ့ပါဘူး"
ခန် မင်းကြီးသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ခါယမ်းကာ "တကယ်ကို နှမြောဖို့ကောင်းလိုက်တာ... ငါ့ရဲ့ သမီးတော် နာရင်ထူးယားဟာလည်း အသက်အရွယ် အတော်အတန် ရောက်နေပြီလေ... အကယ်လို့ မင်းသာ ဒီမှာ နေထိုင်မယ်ဆိုရင် ငါဟာ နာရင်ထူးယားကို မင်းနဲ့ ထိမ်းမြားလက်ထပ်ပေးဖို့ အသင့်ရှိပါတယ်"
ကွက်တိပင်... နာရင်ထူးယားသည်လည်း ရှောင်ပိုင်ကို ဦးဆောင်လျက် တဲနန်းအတွင်းသို့ လျှောက်လှမ်းဝင်ရောက်လာချေသည်။
နာရင်ထူးယားသည် ရှောင်ပိုင်ကို မြင်တွေ့လိုက်ရသောအခါ ချက်ချင်းပင် အသည်းစွဲမတတ် ချစ်ခင်စုံမက်သွားရသဖြင့် ရှောင်ပိုင်အား အဝတ်အစားများ လဲလှယ်ပေးရန် ခေါ်ဆောင်သွားပြီး လှပကျနစွာ ပြင်ဆင်မွမ်းမံပေးခဲ့သည်။
"ဒါက ဘာမှမဟုတ်ပါဘူး... ခန် က နောက်ပြောင်နေတာပါ" ချင်ယွမ်ဖုန်းသည် နာရင်ထူးယား မိမိအပေါ် နားလည်မှုလွဲမှားသွားမည်ကို စိုးရိမ်သဖြင့် ခပ်သွက်သွက်ပင် ဆိုလိုက်ချေသည်။
လှပကျနစွာ ပြင်ဆင်မွမ်းမံပြီးနောက် ရှောင်ပိုင်၏ ရုပ်သွင်မှာ အစောပိုင်းကထက် ပိုမို၍ ညှို့ဓာတ်ပြင်းပြင်းဖြင့် လှပတင့်တယ်နေပြီး လောကီဆန်သော ဆွဲဆောင်မှုမျိုး အနည်းငယ် ပိုမိုထင်ဟပ်နေကာ လျှို့ဝှက်ဆန်းကြယ်မှုများမှာမူ အနည်းငယ် လျော့ပါးနေချေသည်။
"ဒါနဲ့... ချင်ယွမ်ဖုန်း...နင်တကယ်ပဲ ဒီမှာ နောက်ထပ် ရက်အနည်းငယ်လောက် ထပ်ပြီး မနေတော့ဘူးလား" နာရင်ထူးယားက မေးမြန်းလိုက်၏။
"ငါရဲ့ ကျောင်းဝင်ခွင့် အချိန်က တကယ်ကို နောက်ကျနေပါပြီ" ချင်ယွမ်ဖုန်းက စိတ်ပျက်လက်ပျက်ဖြင့် ဆိုလိုက်ပါတော့သည်။