အခန်း ၄၆၁
Vol. 24 Ch. 461
အခန်း (၄၆၁) ကျောင်းတော်သို့ ပြန်လည်ရောက်ရှိခြင်း
ချင်ယွမ်ဖုန်းသည် စိတ်ပျက်အားလျော့မှုကို အနည်းငယ် ခံစားလိုက်ရချေသည်။ မူလက ဆေးဖော်စပ်သူများအသင်း ဌာနချုပ်ရှိ နေရာပြောင်း အစီအရင်ကို အသုံးပြု၍ မြေနက်မြေသို့ တိုက်ရိုက်ပြန်နိုင်လိမ့်မည်ဟု သူက တွေးထင်ထားခဲ့ရာ ယင်းက သုံးလတာ ခရီးစဉ်ကို သက်သာစေမည် ဖြစ်ပေသည်။
သို့ရာတွင် ထိုနေရာပြောင်း အစီအရင် ပျက်စီးနေလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့မိချေ။
ထို့အပြင် ဆေးဖော်စပ်သူများအသင်း ဌာနချုပ်တွင် အခြားသော နေရာပြောင်း အစီအရင် တစ်ခုကို တည်ဆောက်ထားခြင်း မရှိသေးပေရာ ချင်ယွမ်ဖုန်းအနေဖြင့် ပြန်လည်ရောက်ရှိရန် သုံးလတိုင်တိုင် အချိန်ကုန်လူပန်း ဖြစ်ခဲ့ရသည်ဟု ဆိုရမည် ဖြစ်သည်။
ဆေးဖော်စပ်သူများ မဟာပြိုင်ပွဲကြီးသည် ဧပြီလကုန်တွင် ပြီးဆုံးခဲ့သော်လည်း ချင်ယွမ်ဖုန်းသည် ဇူလိုင်လကုန်မှသာ ပြန်လည်ခြေချနိုင်ခဲ့ပြီး ယခု သြဂုတ်လ ရောက်မှသာ ဤနေရာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခြင်း ဖြစ်ချေသည်။
ယင်းသည် ချင်ယွမ်ဖုန်းအနေဖြင့် လမ်းခရီး၌ တစ်ထောက်မျှ မနားဘဲ ဆက်တိုက်နှင်လာခဲ့ခြင်းကြောင့်ပင် ဖြစ်ပေသည်။
သူသည် ရှန်းဝူအကယ်ဒမီမှ ခွင့်ယူခဲ့စဉ်က တစ်နှစ်တာ ခွင့်ရက်ကို တောင်းခံခဲ့ခြင်း ဖြစ်ရာ မူလက ဇွန်လတွင် ခွင့်ရက်ပြည့်ရမည် ဖြစ်သော်လည်း ယခုအခါ နှစ်လတိုင်တိုင် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
ထိုအကြောင်းခြင်းရာက ချင်ယွမ်ဖုန်းကို အလွန်ပင် စိုးရိမ်ပူပန်သွားစေချေသည်။
သန့်ရှင်းသော နယ်မြေများထဲမှ တစ်ခုဖြစ်သည့် ရှန်းဝူအကယ်ဒမီတွင် ကျောင်းသားများကို ပညာသင်ကြားပေးရန် ကိုယ်ပိုင်စနစ်စနစ်တကျ ရှိပြီးသား ဖြစ်ရာ ရှန်းဝူအကယ်ဒမီ၌ ဆက်လက်ပညာသင်ကြားခြင်းက မိမိ၏ စွမ်းအားကို များစွာ တိုးတက်မြင့်မားလာစေလိမ့်မည်ဟု ချင်ယွမ်ဖုန်းကလည်း ယုံကြည်နေမိသည်။
“ဒါဆိုလည်း ပြီးတာပါပဲကွယ်” နာရင်ထူးယားက မတတ်သာသည့်အဆုံး ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ရင်း “ရှောင်ပိုင်လေးကကော။ သူကော မင်းနဲ့အတူ လိုက်သွားရမှာလား” ဟု မေးမြန်းလိုက်သည်။
“ရှောင်ပိုင်ရဲ့ နောက်ကြောင်းက အရမ်းကို လျှို့ဝှက်ဆန်းကြယ်လွန်းတယ်။ သူ့ကိုယ်သူလည်း ဘာတစ်ခုမှ မမှတ်မိဘူး ဖြစ်နေတယ်”
ချင်ယွမ်ဖုန်းက သက်ပြင်းတစ်ချက်ကို ဖွဖွချလိုက်ရင်း “ကျောင်းတော်ကို ပြန်ရောက်ရင် ကျောင်းတော်က လူကြီးတွေအနေနဲ့ ရှောင်ပိုင်ရဲ့ ပျောက်ဆုံးနေတဲ့ အတိတ်အမှတ်သညာတွေကို ပြန်ရှာဖွေပေးနိုင်မယ့် နည်းလမ်း ရှိကောင်းရှိလိမ့်မယ်လို့ ငါ ထင်တာပဲ” ဟု ပြောဆိုလိုက်ချေသည်။
နာရင်ထူးယား၏ စိတ်အစုံ၌ များစွာ စိတ်မကောင်းခြင်း ဖြစ်ရလေသည်။ သူမသည် ရှောင်ပိုင်ကို မြင်မြင်ချင်းပင် ရင်ထဲ၌ ရင်းနှီးကျွမ်းဝင်မှုကို ခံစားခဲ့ရသူ ဖြစ်ရာ ယခုအခါ ရှောင်ပိုင်လေး ခွဲခွာသွားရတော့မည်ဟူသော သတင်းကို ကြားသိရသဖြင့် ခွဲခွာရခြင်းအတွက် လွမ်းဆွတ်တမ်းတမှုကို အလိုလို ခံစားလိုက်ရသည်။
“ဒါနဲ့ စကားမစပ်” ချင်ယွမ်ဖုန်းက ရုတ်တရက် အမှတ်ရဟန်ဖြင့် “ဒီမတိုင်ခင်က အင်မတန် ပြင်းထန်တဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တယ် မဟုတ်လား” ဟု မေးမြန်းလိုက်သည်။
ထိုအခါ ခန်က ခေါင်းကို ညိတ်လိုက်ပြီး “ဟုတ်တယ်။ အဲ့မြေငလျင်က ပြင်းထန်လွန်းလှတယ်။ တစ်လောကလုံးရှိ ရှန်းဝူ စကြဝဠာ တိုက်ကြီးတစ်ခုလုံး တုန်ခါသွားသလိုမျိုးကို ခံစားလိုက်ရတာ။ ဒါပေမဲ့ ငါတို့ရဲ့ မြက်ခင်းပြင်ကတော့ ဘာထိခိုက်ပျက်စီးမှုမှ မရှိခဲ့ပါဘူး။ အဲ့တာက သတိပေးချက်တစ်ခု သက်သက်လိုပါပဲ” ဟု ဆိုလာချေသည်။
“သတိပေးချက် ဟုတ်လား” ချင်ယွမ်ဖုန်းသည် မျက်ခုံးနှစ်ဖက်ကို အသာတွန့်လိုက်ရင်း “ဒါဆို စိတ်အာရုံထဲမှာ ထူးဆန်းတဲ့ ပုံရိပ်တွေ မြင်ယောင်လာတာမျိုးကော ရှိခဲ့လား” ဟု ထပ်မံ မေးမြန်းမိသည်။
“ထူးဆန်းတဲ့ ပုံရိပ်တွေ ဟုတ်လား” နာရင်ထူးယားနှင့် ခန်တို့သည် ခေါင်းကို ပြိုင်တူ ခါယမ်းလိုက်ကြသည်။
သူတို့သည် မျိုးနွယ်စုတစ်ခုလုံးရှိ လူများနှင့် စစ်သည်တော်များကို လိုက်လံစုံစမ်း မေးမြန်းကြည့်ခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ စိတ်အာရုံထဲတွင် ထိုသို့သော ပုံရိပ်များကို မြင်တွေ့ခဲ့ခြင်း မရှိကြပေ။
ချင်ယွမ်ဖုန်း၏ မျက်ခုံးများက ပိုမို တွန့်ချိုးသွားရချေသည်။ ယင်းပုံရိပ်များကို မိမိနှင့် ရှောင်ပိုင်တို့ နှစ်ဦးတည်းသာ မြင်တွေ့ခဲ့ရခြင်း ဖြစ်တန်ရာသည်၊ သို့မဟုတ်ပါက... ရွေးချယ်ခြင်း ခံရသူများသာ ထိုပုံရိပ်များကို မြင်တွေ့နိုင်ခြင်း ဖြစ်ပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ရှောင်ပိုင်သည် ချင်ယွမ်ဖုန်းနှင့် စတင်တွေ့ဆုံစဉ်ကပင် ချင်ယွမ်ဖုန်းသည် သူမ ရှာဖွေနေသည့် လူသားဖြစ်ကြောင်း ပြောဆိုခဲ့ဖူးသောကြောင့်ပင် ဖြစ်သည်။
သူ့စိတ်ထဲတွင် ထူးဆန်းအံ့သြဖွယ် ခံစားနေရသော်လည်း ဤနေရာ၌ မည်သည့် အဖြေကိုမျှ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ကြောင်း ချင်ယွမ်ဖုန်း ကောင်းစွာ သိရှိလေသည်။
ထို့ကြောင့် ခဏတာ ပြန်လည်ဆုံစည်းပြီးနောက် ချင်ယွမ်ဖုန်းသည် နာရင်ထူးယားနှင့် ခန်တို့ကို နှုတ်ဆက်စကား ဆိုကာ မြောက်ဘက်အရပ်သို့ ခရီးဆက်ခဲ့တော့သည်။
သူတို့ မြောက်ဘက်သို့ ပိုမိုနီးကပ်စွာ ချဉ်းကပ်လာလေလေ၊ ရှောင်ပိုင်၏ မျက်နှာအမူအရာက ပိုမို၍ တည်ကြည်လေးနက်လာလေလေ ဖြစ်ပြီး မကောင်းသောအရာတစ်ခုခု ဆိုက်ရောက်တော့မည့်အလား ခံစားနေရဟန် တူပေသည်။
လမ်းခရီးတစ်လျှောက်တွင် ချင်ယွမ်ဖုန်းသည် ရှောင်ပိုင်က စကားမပြောနိုင်ခြင်း မဟုတ်ဘဲ သူမ၏ စိတ်အာရုံက အနည်းငယ် ထုံထိုင်းနှေးကွေးနေခြင်းသာ ဖြစ်ကြောင်း သတိပြုမိခဲ့သည်။
ထို့ကြောင့် ချင်ယွမ်ဖုန်းက လမ်းခရီးတစ်လျှောက်လုံးတွင် ရှောင်ပိုင်ကို စကားပြောဆိုပုံများကို သင်ကြားပြသပေးခဲ့လေသည်။
နောက်ဆုံးတွင် သူတို့သည် ထိုမြောင်းကြီးကို ဖြတ်ကျော်ကာ ဝေးလံလှသော မြောက်ဘက်စွန်းမြေသို့ ရောက်ရှိလာခဲ့ကြချေပြီ။
ရှောင်ပိုင်နှင့် ချင်ယွမ်ဖုန်းတို့ နှစ်ဦးစလုံးသည် နာရင်ထူးယားထံမှ လက်ဆောင်ရရှိခဲ့သည့် ဂွမ်းထိုင် အဝတ်အစားများကို လဲလှယ်ဝတ်ဆင်လိုက်ကြသည်။
“ဒါက ဝေးလံလှတဲ့ မြောက်ဘက်စွန်းမြေပဲ” ချင်ယွမ်ဖုန်းက ပြုံးရွှင်စွာဖြင့် “နည်းနည်းတော့ ချမ်းတာပေါ့” ဟု ဆိုလိုက်သည်။
“ငါတို့ မြောက်ဘက်ကို ဆက်မသွားကြတော့ဘူးလား” ရှောင်ပိုင်က မေးမြန်းလိုက်ချေသည်။ လွန်ခဲ့သည့် ဆယ်ရက်ကျော်ကာလအတွင်း ရှောင်ပိုင်သည် ပုံမှန်အတိုင်း စကားကောင်းစွာ ပြောဆိုနိုင်နေပြီ ဖြစ်သည်။
“စိတ်မပူပါနဲ့။ ရှန်းဝူအကယ်ဒမီက ဒီနေရာမှာတင် ရှိတာပါ။ ငါတို့ မြောက်ဘက်ကို ထပ်ပြီး အဝေးကြီး သွားစရာမလိုတော့ပါဘူး” ချင်ယွမ်ဖုန်းက ပြုံးလျက် ချော့မော့ပြောဆိုလိုက်သည်။
ရှောင်ပိုင်သည် မြောက်ဘက်အရပ်ကို အလွန်ပင် ကြောက်ရွံ့နေပုံရချေသည်။ သူမကို မေးမြန်းကြည့်သည့်အခါတွင် မြောက်ဘက်၌ အလွန် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသော အရာတစ်ခု ရှိနေသကဲ့သို့ ခံစားရကြောင်းသာ ဆိုပြီး အခြားအရာများကိုမူ သူမကိုယ်တိုင်လည်း မသိရှိချေ။
မကြာမီတွင် သူတို့သည် ချင်းဖုန်းရေကန်ကို ဖြတ်သန်းလာခဲ့ကြရာ ယခုအခါ ဝေးကွာလှသော တောင်တန်းပေါ်ရှိ ရှန်းဝူအကယ်ဒမီကို ဝိုးတိုးဝါးတား လှမ်း၍ မြင်တွေ့နေရပြီ ဖြစ်သည်။
ထိုစဉ် ချင်ယွမ်ဖုန်းသည် ကောင်းကင်ယံ၌ ပျံသန်းနေသော ဧရာမ သတ္တဝါကြီးတစ်ကောင်ကို လှမ်းမျှော်ကြည့်မိရာ သူ၏ မျက်နှာထက်တွင် အလိုလို ပြုံးယောင်သန်းလာခဲ့ရသည်။
“ဖေးရွှယ်က ငါတို့ကို လာကြိုတာပဲ” ချင်ယွမ်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။
“ဖေးရွှယ် ဟုတ်လား” ရှောင်ပိုင်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
“ဟုတ်တယ်။ ပျံလွှားနဂါးကြီးပေါ့”
ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ရှင်းပြလိုက်သည်။
ထိုစဉ်အခါက သူသည် ဖေးရွှယ်ကို ဝေးလံလှသော မြောက်ဘက်စွန်းမြေမှ ခေါ်ဆောင်သွားချင်ခဲ့သော်လည်း တားဆီးခြင်း ခံခဲ့ရသည်။
နောက်ဆုံးတွင် နောက်တစ်ကြိမ် လာရောက်သည့်အခါ သေချာပေါက် ခေါ်ဆောင်သွားမည်ဟု ကတိပြုကာ ဖေးရွှယ်နှင့် မတတ်သာဘဲ လွမ်းဆွတ်စွာ ခွဲခွာခဲ့ရခြင်း ဖြစ်ပေသည်။
မကြာမီတွင် ဖေးရွှယ်သည် ချင်ယွမ်ဖုန်းတို့၏ ရှေ့မှောက်သို့ ပျံသန်းဆင်းသက်လာခဲ့ချေပြီ။ သူမ၏ ဧရာမ အတောင်ပံများကို ခတ်ခတ်လိုက်ရာ ဘေးပတ်ဝန်းကျင်ရှိ နှင်းပွင့်များက ဆီးနှင်းများ ပြင်းထန်စွာ ကျဆင်းနေသကဲ့သို့ လွင့်ပျံသွားကြသည်။
ရှောင်ပိုင်သည် ယခင်က ပျံလွှားနဂါးမျိုးကို တစ်ခါမျှ မမြင်ဖူးခြင်း ဖြစ်တန်ရာသည်၊ သို့မဟုတ်လျှင်လည်း သူမ၏ မှတ်ဉာဏ်များ ပျောက်ဆုံးနေခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေ ယခုအခါ သူမသည် ဖေးရွှယ်ကို အလွန် စူးစမ်းလိုစိတ် ပြင်းပြနေမိသည်။
ဝမ်ချိုင်ကပင် ဖေးရွှယ်ကို ကြည့်ကာ ဖြစ်တောင့်ဖြစ်ခဲ အမူအရာဖြင့် နှစ်ချက်မျှ ဟောင်မြည်လိုက်သေးသည်။
“ဖေးရွှယ်... မတွေ့ရတာ ကြာပြီနော်” ချင်ယွမ်ဖုန်းက ပြုံးရွှင်စွာ ပြောဆိုရင်း ရှေ့သို့ တိုးကာ ဖေးရွှယ်၏ ခန္ဓာကိုယ်ကို သာယာနာပျော်ဖွယ် ပွတ်သပ်ပေးလိုက်သည်။
ဖေးရွှယ်ကလည်း သူမ၏ ဦးခေါင်းကို အောက်သို့ နှိမ့်ချကာ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ကို တွတ်ကပ်လျက် အချစ်ပိုပြနေပြီးနောက် ချင်ယွမ်ဖုန်းတို့အား ကျောပေါ်သို့ တက်ရန် အမူအရာ ပြသလိုက်ချေသည်။
ချင်ယွမ်ဖုန်းသည် ဖေးရွှယ်၏ ကျောပေါ်သို့ စီးနင်းကာ ရှန်းဝူအကယ်ဒမီဆီသို့ တိုက်ရိုက် ဦးတည်မောင်းနှင်ခဲ့တော့သည်။ မကြာမီတွင် ကျောင်းတော်သို့ ရောက်ရှိလာခဲ့ကြပြီး ဖေးရွှယ်သည် ရှန်းဝူအကယ်ဒမီ၏ မုခ်ဦးဝတွင် သာယာစွာ ဆင်းသက်လိုက်သည်။
“နောက်ဆုံးတော့ ပြန်ရောက်ပြီပေါ့” ချင်ယွမ်ဖုန်းက ပြုံးလိုက်မိရင်း “နှစ်လလောက် နောက်ကျသွားတာဆိုတော့ ဘာပြဿနာမှ မရှိရင် အကောင်းသားပဲ” ဟု ရေရွတ်လိုက်သည်။
“ဒီနေရာမှာ... လူတွေ အများကြီးပဲ ရှိတာလား” ရှောင်ပိုင်က ထိုအခါမှ ရုတ်တရက် ဆိုလာချေသည်။
“လူတွေ အများကြီး ဟုတ်လား။ ဘယ်လိုလူတွေကို ပြောတာလဲ” ချင်ယွမ်ဖုန်းက ဝေခွဲမရသော အမူအရာဖြင့် မေးမြန်းလိုက်သည်။
“နင်လို လူမျိုးတွေပေါ့” ရှောင်ပိုင်က ဆက်လက်၍ “သူတို့ကို မြောက်ဘက်ကို မသွားဖို့ နင် သေချာပေါက် ပြောရလိမ့်မယ်” ဟု ဆိုသည်။
ချင်ယွမ်ဖုန်းက သက်ပြင်းတစ်ချက် ချလိုက်ရင်း “ရှောင်ပိုင်... မြောက်ဘက်မှာ အတိအကျ ဘာရှိနေလို့လဲ။ ပြီးတော့ ဘာအရာက အတုအယောင် ဖြစ်နေတာလဲ” ဟု မေးမိပြန်သည်။
ရှောင်ပိုင်က ခေါင်းကို ခါယမ်းလိုက်ကာ “ငါလည်း မသိဘူး။ ဒါပေမဲ့ နင် သွားလို့ လုံးဝ မဖြစ်ဘူး” ဟု ခိုင်မာစွာ ဆိုလေသည်။
ချင်ယွမ်ဖုန်း ကျောင်းတော်အတွင်းသို့ပင် မဝင်ရသေးမီမှာပင် လူရိပ်တစ်ခုက ရုတ်တရက် ပြေးလွှားလာခဲ့ရာ ချင်ယွမ်ဖုန်း၏ ရှေ့မှောက်သို့ တိုက်ရိုက် ရောက်ရှိလာခဲ့ချေပြီ။
သူမ၏ မျက်နှာလေးက နီမြန်းနေပြီး အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်နေရဟန် တူပေသည်။
“ယွမ်ဖုန်း... နင်ပြန်ရောက်ပြီပဲ” ယီနန်က ထိုနေရာတွင် ရပ်တန့်ရင်း ပြုံးရွှင်စွာ ဆီးကြိုလိုက်သည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်ကာ “ယီနန်... မတွေ့ရတာ ကြာပြီနော်။ ငါ မင်းကို သိပ်လွမ်းနေတာ” ဟု ဆိုလိုက်ချေသည်။
“ငါလည်း တူတူပါပဲ”
ချင်ယွမ်ဖုန်းက ရှေ့သို့ လှမ်းတက်လိုက်ပြီး ယီနန်ကို ရင်ခွင်ထဲ ထည့်ကာ ဖက်လဲတကင်း နှုတ်ဆက်လိုက်ရာ ယင်းက ယီနန်ကို စိတ်လှုပ်ရှားကာ ရှက်သွေးဖြာသွားစေသည်။
သို့ရာတွင် အချိန်အနည်းငယ်အတွင်းမှာပင် ယီနန်သည် ရှောင်ပိုင်ကို သတိပြုမိသွားခဲ့သည်။
“ယွမ်ဖုန်း... ဒါက ဘယ်သူလဲ”
“သြော်... ဒါက ရှောင်ပိုင်လေ။ လမ်းမှာ တွေ့လို့ ခေါ်လာတာ” ချင်ယွမ်ဖုန်းက ပြုံးလျက် “ဒါမှမဟုတ် သူက ငါ့ကို လာရှာတာလို့ ပြောရင် ပိုမှန်လိမ့်မယ်” ဟု ဆိုလိုက်သည်။
ယီနန်က မျက်မှောင်အသာကြုတ်လိုက်မိပြီး ချင်ယွမ်ဖုန်း ဘာကို ဆိုလိုသည်ကို ကောင်းစွာ နားမလည်နိုင် ဖြစ်ရသည်။
“ကျောင်းထဲဝင်မှ စကားဆက်ကြတာပေါ့။ ငါ ခွင့်ရက် တစ်နှစ်ယူထားတာကို ပြန်လာတာ နောက်ကျသွားပြီဆိုတော့ ကျောင်းတော်က ငါ့ကို ပြန်လက်မခံဘဲ နှင်ထုတ်မှာတော့ မဟုတ်ပါဘူးနော်” ချင်ယွမ်ဖုန်းက ပြုံးလျက် မေးမြန်းလိုက်သည်။
ယီနန်က ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်ရင်း “မဖြစ်နိုင်တာ။ မင်း ဆေးဖော်စပ်သူများ မဟာပြိုင်ပွဲကြီးမှာ အနိုင်ရရှိခဲ့တာကို ကျောင်းတော်က သိရှိပြီးသားပါ။ အခုဆို မင်း အားလုံး အဆင်ပြေသွားပြီ မဟုတ်လား” ဟု မေးမြန်းလာချေသည်။
ချင်ယွမ်ဖုန်းသည် ယီနန်အနေဖြင့် မိမိ၏ ကောင်းကင်ဘုံသုဉ်း ‘ဂူ’ အကြောင်းကို မေးမြန်းနေခြင်း ဖြစ်ကြောင်း သိရှိသဖြင့် မိမိ၏ ရင်ဘတ်ကို ပုတ်ပြလိုက်ကာ “စိတ်မပူပါနဲ့။ ငါ အခု တကယ်ကို ကျန်းကျန်းမာမာ ရှိနေပါပြီ” ဟု ဆိုလိုက်သည်။
သူတို့နှစ်ဦးသည် ကျောင်းတော်အတွင်းသို့ စကားတပြောပြော၊ ရယ်မောလျက် လျှောက်လှမ်းဝင်လာခဲ့ကြပြီး ဝမ်ချိုင်ကမူ ဖေးရွှယ်နှင့်အတူ ဝိညာဉ်သားရဲ ဥယျာဉ်ဆီသို့ လိုက်ပါသွားခဲ့ချေသည်။
ရှောင်ပိုင်ကမူ ချင်ယွမ်ဖုန်း၏ နောက်ကွယ်မှ ငြိမ်သက်စွာ လိုက်ပါလာခဲ့သည်။
“ကျောင်းအုပ်ကြီး ။ ကျွန်တော် ပြန်လာတာ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်”
ကျောင်းအုပ်ကြီးရုံးခန်း၏ မုခ်ဝတွင် ချင်ယွမ်ဖုန်းက ရပ်တန့်ရင်း တောင်းပန်တိုးလျှိုးသော စကားကို ဆိုလိုက်ချေသည်။
ထိုစဉ် ဂိုဏ်းကြီးကြပ်သူ အကြီးအကဲ ရှုဝမ်ချန်းသည် ကျောင်းအုပ်ကြီး၏ ရုံးခန်းအတွင်း၌ ရှိနေခဲ့သည်။
သူက ချင်ယွမ်ဖုန်းကို အေးစက်စက် တစ်ချက် လှမ်းကြည့်လိုက်ရာ သူ၏ မျက်နှာအမူအရာက မည်သည့်အခါမျှ အရည်မပျော်နိုင်သည့် ရေခဲတောင်ကြီးကဲ့သို့ပင် တည်တင်းနေဆဲ ဖြစ်ပေသည်။
“ကျောင်းအုပ်ကြီး... ကျွန်တော် ခွင့်ပြုပါဦး” ရှုဝမ်ချန်းက တည်ငြိမ်အေးစက်စွာ ဆိုပြီးနောက် လှည့်ထွက်ကာ ကျောင်းအုပ်ကြီးရုံးခန်းအတွင်းမှ ထွက်ခွာသွားခဲ့တော့သည်။