အခန်း ၄၆၃
Vol. 24 Ch. 463
အခန်း(၄၆၃)
"အခုတော့ မင်းလည်း သိပြီမဟုတ်လား" ကျွမ်ယွမ်က ချင်ယွမ်ဖုန်းအား စိုက်ကြည့်ကာ တည်ငြိမ်အေးဆေးသော လေသံဖြင့် ဆိုလိုက်သည် "ငါတို့ အဲဒီနန်းတော်ဆီ မဖြစ်မနေ သွားကြရမှာပဲ"
ရှောင်ပိုင်၏ မျက်နှာသည် ပို၍ပင် ဖြူလျော်သွားပြီး နေရာတွင်တင် ထိုင်ချလိုက်လေရာ သူမ၏ မျက်ဝန်းအစုံ၌ နက်ရှိုင်းသော စိတ်ပျက်အားငယ်ရိပ်များ ဖြတ်ပြေးသွားသကဲ့သို့ ရှိတော့သည်။
"အကယ်ဒမီထဲက စိတ်အာရုံထဲမှာ ပုံရိပ်တွေကို မြင်တွေ့ခဲ့ရတဲ့ ကျောင်းသားအားလုံးဟာ အကယ်ဒမီက ဆရာတွေရဲ့ ဦးဆောင်မှုနဲ့အတူ အဲဒီနန်းတော်ဆီ သွားကြရလိမ့်မယ်၊ ဒါ့အပြင် ဘယ်သူပဲဖြစ်ဖြစ် လောကဓာတ်၏ မူလအနှစ်သာရကို ရရှိခဲ့ရင် အဲဒီလောကဓာတ်၏ မူလအနှစ်သာရဟာ သူပိုင်ဆိုင်တာပဲဖြစ်လိမ့်မယ်၊ တခြား ဘယ်လိုခွဲဝေမှုမျိုးမှ လုပ်မှာမဟုတ်ဘူး"
"ဒါပေမဲ့..." ချင်ယွမ်ဖုန်းသည် အခြေအနေများ မဟန်တော့ကြောင်း ကြိုတင်သိမြင်နေမိသည်၊ အကယ်၍ ထိုသို့သာဆိုလျှင် တစ်ကျောင်းတည်းသားဖြစ်သည့် ရှန်းဝူအကယ်ဒမီက ကျောင်းသားများအချင်းချင်းပင် လုလုယက်ယက်နှင့် ပြင်းထန်စွာ တိုက်ခိုက်ကြရပေလိမ့်မည်။
"ဒါပေမဲ့တွေ ဘာတွေ မရှိဘူး၊ ဒါဟာ နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်မယ့် အခွင့်အရေးပဲ၊ ဘယ်သူမှ လက်လွှတ်ခံမှာ မဟုတ်ဘူး"
ကျွမ်ယွမ်က အရေးမစိုက်ဟန်ဖြင့် အေးတိအေးစက် ဆိုပြန်သည် "ပြီးတော့ ဘယ်သူမှလည်း တားဆီးနိုင်မှာ မဟုတ်ဘူး"
"ကျွန်တော် နားလည်ပါပြီ" ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်သည် "ကျောင်းအုပ်ကြီး... ရှောင်ပိုင်ကို စစ်ဆေးပေးဖို့ လူတစ်ယောက်လောက် ရှာပေးပါဦး၊ ရှောင်ပိုင်ရဲ့ နောက်ခံက မရိုးရှင်းဘူးလို့ ကျွန်တော် သံသယဝင်နေမိတယ်၊ အဲဒီနန်းတော်နဲ့တောင် ပတ်သက်နေနိုင်တယ်"
ကျောင်းအုပ်ကြီးက ခေါင်းညိတ်ပြလိုက်၏။
"ငါလည်း အဲဒါကို သတိပြုမိပါတယ်၊ ငါကိုယ်တိုင်ပဲ သူမကို စစ်ဆေးပေးမယ်"
ဘေးမှနေ၍ ယီနန်က ချင်ယွမ်ဖုန်း၏ အကျီစကို လှမ်းဆွဲကာ တိုးတိုးလေး ဆိုလာသည်။
"ကျောင်းအုပ်ကြီးက သတ္တမအဆင့် သမားတော်တစ်ယောက်ဆိုတာ မင်းသိရဲ့လား"
ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားရသည်၊ ကျောင်းအုပ်ကြီးသည် ဤမျှအထိ ဆေးပညာတွင် ကျွမ်းကျင်လိမ့်မည်ဟု သူ လုံးဝမထင်မှတ်ထားခဲ့ပေ။
ကျွမ်ယွမ်သည် ရှောင်ပိုင်၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ပြီးနောက် အခြားသော စစ်ဆေးမှုများစွာကိုပါ ပြုလုပ်ခဲ့ပြီး အဆုံးတွင်မူ တုန်လှုပ်ဖွယ်ရာ ကောက်ချက်တစ်ခုကို ချလိုက်လေတော့သည်။
ရှောင်ပိုင်၌ မူလကတည်းက မည်သည့်မှတ်ဉာဏ်မျှ ရှိမနေခဲ့ခြင်းဖြစ်သည်။မှတ်ဉာဏ်ပျောက်ဆုံးနေသည့် ဝေဒနာကို ခံစားနေရခြင်း မဟုတ်ပေ၊ သူမသည် မွေးကင်းစကလေးငယ်တစ်ဦးကဲ့သို့ စက္ကူဖြူတစ်ချပ်နှယ် ဖြစ်နေရခြင်းပင်။
သို့သော် ဤအချက်သည် ရှောင်ပိုင်၏ ရင်ထဲမှ ထွက်ပေါ်နေသော အသံကိုမူ ရှင်းလင်းချက် မပေးနိုင်ရာ ယင်းက ကျွမ်ယွမ်ကို အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်စေသည်။
ထို့အပြင် ရှောင်ပိုင်၏ စိတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာသည်လည်း အပြတ်အသတ် တစ်သားတည်း ပေါင်းစည်းနေပေရာ အခြားဝိညာဉ်တစ်ခုက ပူးကပ်ဝင်ရောက် စီးနင်းထားသည့် အခြေအနေမျိုးလည်း မဟုတ်ချေ။
ချင်ယွမ်ဖုန်းသည် ဆေးပညာကျမ်းကို အစအဆုံး လှန်လှော ရှာဖွေကြည့်သော်လည်း ရှောင်ပိုင်၏ ရောဂါလက္ခဏာများနှင့် ကိုက်ညီမည့် မည်သည့်ဝေဒနာမျိုးကိုမျှ ရှာမတွေ့ခဲ့ပါချေ။
၎င်းတို့အနေဖြင့် ရှောင်ပိုင်သည် မွေးဖွားလာကာစ လူသားတစ်ယောက် ဖြစ်သော်လည်း အရာရာကို သိမြင်နေပြီး ရင်ထဲ၌ ထူးဆန်းသော အသံတစ်ခု ရှိနေသည်ဟူ၍သာ ကောက်ချက်ချနိုင်ကြတော့သည်။
"ငါ အလားအလာတစ်ခုကို တွေးမိတယ်၊ ဒါပေမဲ့ ဖြစ်နိုင်ခြေကတော့ သိပ်ကို ဝေးကွာလွန်းပါတယ်" ထိုစဉ် ကျွမ်ယွမ်က ရုတ်တရက် ပြောလာသည်။
"ဘာဖြစ်နိုင်ခြေလဲ" ချင်ယွမ်ဖုန်းက အလောတကြီး မေးမြန်းလိုက်၏
"နတ်ဘုရားတွေမှာ အသစ်တစ်ဖန် ပြန်လည်မွေးဖွားခြင်းဆိုင်ရာ လျှို့ဝှက်ကျင့်စဉ်ပညာရပ်တွေ ရှိကြတယ်လို့ ငါ ကြားဖူးတယ်၊ သေခါနီးအချိန်မှာ သူတို့ရဲ့ ရုပ်ခန္ဓာကို စွန့်လွှတ်ပြီး ကလေးငယ်တစ်ယောက်အနေနဲ့ ဝင်စားနိုင်ကြတာပေါ့၊ ဒါပေမဲ့ ရှောင်ပိုင်ရဲ့ အခြေအနေကတော့ ဝင်စားတဲ့ ဖြစ်စဉ်အတွင်းမှာ တစ်စုံတစ်ခု လွဲချော်သွားတဲ့ မတော်တဆမှု ဖြစ်ဟန်တူတယ်၊ ဒါကြောင့်မို့လို့လည်း သူမရဲ့ ခန္ဓာကိုယ်က လူကြီးတစ်ယောက်လို ဖြစ်နေပြီး မှတ်ဉာဏ်တွေ ရှိမနေတာ ဖြစ်လိမ့်မယ်"
ဤဖြစ်နိုင်ခြေမှာ အလွန်ပင် နည်းပါးလှပေရာ ကျွမ်ယွမ်ကိုယ်တိုင်ပင် အတပ်မပြောနိုင်ချေ။
ရှောင်ပိုင်က ကျွမ်ယွမ်အား ကြောင်တောင်တောင်လေး ငေးကြည့်နေမိသည်။
သူမသည်လည်း မိမိကိုယ်တိုင်၏ မူလအစကို သိရှိလိုလှပေသည်။
"ကဲပါ... ဒီကိစ္စကို ဒီမှာတင် ခဏထားလိုက်ကြရအောင်၊ နောက်မှ ငါတို့ သေသေချာချာ စုံစမ်းစစ်ဆေးပြီးမှ ဆုံးဖြတ်ချက်ချကြတာပေါ့၊ မင်းတို့လည်း အရင်အတိုင်းပဲ စာသင်ခန်းတွေကို ပုံမှန်တက်ကြဦး"
ကျွမ်ယွမ်က တည်ငြိမ်စွာ ဆိုလိုက်လေသည်။
ချင်ယွမ်ဖုန်း ခေါင်းညိတ်မိသည်၊ ဤကိစ္စသည် အလွန်တရာ အရေးကြီးကြောင်း၊ အထူးသဖြင့် နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ရေးကဲ့သို့သော ကြီးမားလှသည့် အရေးကိစ္စမျိုးဖြစ်ကြောင်း သူ ကောင်းစွာသိရှိပါသည်။
အနည်းငယ်မျှ အမှားအယွင်း ရှိသွားရုံမျှဖြင့် စေလွှတ်လိုက်သောသူများ အားလုံး အနိစ္စရောက်သွားနိုင်ပေရာ
ထို့ကြောင့် ဤကိစ္စကို ဇွတ်တရွတ် အလောတကြီး လုပ်၍မရနိုင်ဘဲ အခြားသော သန့်ရှင်းသော နယ်မြေများကလည်း ဤအတိုင်းပင် စဉ်းစားလိမ့်မည်ဟု သူ ယုံကြည်နေသည်။
လောကတစ်ခွင်ရှိ ပါရမီရှင်များနှင့် ထူးချွန်ထက်မြက်သူ အားလုံးသည် သန့်ရှင်းသော နယ်မြေအသီးသီးသို့ စုစည်းရောက်ရှိနေကြရာ ချန်လှပ်ထားခြင်း ခံရသူဟူ၍ မရှိသလောက်ပင် နည်းပါးလှသည်။
ထို့အပြင် သာမန်ကျောင်းဂိုဏ်းများအနေဖြင့် လောကဓာတ်၏ မူလအနှစ်သာရအကြောင်းကို လုံးဝ သိရှိကြမည် မဟုတ်ပေ။
ထို့ကြောင့် ဤအရေးကိစ္စသည် သန့်ရှင်းသော နယ်မြေအချင်းချင်းကြားက ကိစ္စရပ်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
ချင်ယွမ်ဖုန်း ရှန်းဝူအကယ်ဒမီသို့ ပြန်လည်ရောက်ရှိလာသည့် သတင်းသည် အကယ်ဒမီတစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။
သူသည် ကျောင်းဝင်ခွင့်ရပြီးပြီးချင်းတွင်ပင် ချန်ပီယံလုပွဲ၌ အုန်းအုန်းကျွက်ကျွက် ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သဖြင့် ကျောင်းသားများက ချင်ယွမ်ဖုန်းအား ရင်ထဲ၌ စွဲထင်နေကြဆဲ ဖြစ်သည်။
မာထျန်း၊ ဝမ်ဝူးနှင့် ဟုန်ယဲ့ ကဲ့သို့သော မိတ်ဆွေများသာမက ကျိရှန့်၊ လျိုချင်းနှင့် လီရန် ကဲ့သို့သော ပြိုင်ဘက်များ အပါအဝင် လူအများအပြားက ချင်ယွမ်ဖုန်း ပြန်လာမည့်အချိန်ကို စောင့်မျှော်နေခဲ့ကြခြင်း ဖြစ်ပေသည်။
ရှောင်ပိုင်ကိုမူ အကယ်ဒမီအတွင်း၌ သာ နေထိုင်နိုင်ရန် စီစဉ်ပေးထားလိုက်သည်။
ပင်လယ်ပြင်ထဲရှိ နန်းတော်အရေးကိစ္စကို အကယ်ဒမီ၏ နေရာအနှံ့အပြားတွင် ဆွေးနွေးငြင်းခုံနေကြပြီး ဆရာများကိုယ်တိုင်ပင် ထိုနန်းတော်အပေါ် အလွန် အံ့ဩမှင်သက်နေကြရသည်။
အဘယ်ကြောင့်ဆိုသော် ယခုလက်ရှိ ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်တွင် စင်ကြယ်သန့်စင်သော လောကဓာတ်၏ မူလအနှစ်သာရများ ကွယ်ပျောက်သွားခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်ရာ ဤအခြေအနေသည် ထူးခြားဆန်းပြားလှသော တစ်ခုတည်းသော အခွင့်အရေး ဖြစ်နေသောကြောင့်ပင်။
ချင်ယွမ်ဖုန်းသည် တစ်နှစ်ပတ်လုံး စာသင်ခန်းများကို ပျက်ကွက်ခဲ့သဖြင့် မူလကမူ သူ၏ သူငယ်ချင်းဟောင်းများနှင့်အတူ အတန်းတက်ရမည် ဖြစ်သော်လည်း ဌာနမှူး ရှုဝမ်ချန်းက ချင်ယွမ်ဖုန်းအား သီးသန့် အထူးလေ့ကျင့်ခန်းများ ပေးရန် အတင်းအကျပ် ဆုံးဖြတ်ခဲ့လေသည်။
သူက ဤသို့ပြုလုပ်ခြင်းသည် ချင်ယွမ်ဖုန်း ပျက်ကွက်ခဲ့သော သင်ခန်းစာအားလုံးကို အမီလိုက်နိုင်ရန် ကူညီပေးခြင်းဖြစ်သည်ဟု ဆိုသည်။
ဤသည်က ချင်ယွမ်ဖုန်း၏ အခန်းဖော်များဖြစ်ကြသည့် မာထျန်းနှင့် ဝမ်ဝူးတို့ကို ဘေးကနေ၍ မချိပြုံး ပြုံးမိစေတော့သည်။
ဌာနမှူး၏ အမြဲတမ်း အေးစက်ခက်ထန်နေတတ်သော မျက်နှာကို ကြည့်ရုံမျှဖြင့် ထိုအထူးလေ့ကျင့်ခန်းသည် လုံးဝ ပျော်စရာကောင်းလိမ့်မည်မဟုတ်ကြောင်း သူတို့ ကောင်းကောင်း သိနေကြသောကြောင့်ဖြစ်သည်။
"ဒါဟာ အထူးလေ့ကျင့်ခန်းလို့ ဆိုရပေမဲ့ အခြေခံတွေအကြောင်းပဲ ဖြစ်တယ်၊ မင်း ဒါကို သေသေချာချာ မှတ်သားထားရမယ်"
မြောက်ဘက်အကျဆုံး တောင်တန်းကြီး၏ အောက်ခြေရှိ လေ့ကျင့်ရေးကွင်းပြင်တွင် မတ်တပ်ရပ်လျက် ရှုဝမ်ချန်းက ချင်ယွမ်ဖုန်းအား တည်ငြိမ်စွာ ပြောလိုက်သည်။
"နားလည်ပါပြီ" ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်၏။
"သိုင်းပညာရှင်တစ်ယောက်ရဲ့ အခြေခံက ဘာလဲ" ရှုဝမ်ချန်းက ရုတ်တရက် မေးခွန်းထုတ်လာသည်
"သိုင်းပညာရှင်တစ်ယောက်ရဲ့ အခြေခံလား... ကိုယ်တွင်းစွမ်းအင်လား" ချင်ယွမ်ဖုန်း မျက်မှောင်ကုပ်သွားရသည်။
"ခန္ဓာကိုယ်ပဲ" ရှုဝမ်ချန်းက အေးဆေးစွာ ဆိုသည်။
"ကောင်းမွန်တဲ့ ခန္ဓာကိုယ်တစ်ခုဟာ သိုင်းပညာရှင်တစ်ယောက်ရဲ့ အခြေခံအုတ်မြစ်ပဲ၊ ကိုယ်တွင်းစွမ်းအင်ဆိုတာ ရေလိုပဲ၊ ခန္ဓာကိုယ်ကတော့ အဲဒီရေကို ထည့်ရမယ့် ခွက်ပဲပေါ့၊ ပိုပြီးကြီးမားတဲ့ ခွက်ရှိမှသာ မင်း ရေတွေ ပိုပြီးအများကြီး ဆန့်နိုင်လိမ့်မယ်"
ချင်ယွမ်ဖုန်း ရုတ်တရက် သဘောပေါက်သွားရသည် "ဩော်... ကျွန်တော် နားလည်ပါပြီ ဌာနမှူး၊ ဒါကို ကျွန်တော် သေသေချာချာ မှတ်ထားပါ့မယ်"
"ကောင်းပြီ" ရှုဝမ်ချန်းက ခေါင်းညိတ်လိုက်သည်။"လွန်ခဲ့တဲ့ တစ်နှစ်ပတ်လုံးမှာ မင်း အခြေခံတွေ နောက်ကျကျန်ခဲ့တယ်၊ ဒါကြောင့် ငါတို့ အခြေခံကနေပဲ ပြန်စရမယ်၊ ကဲ... အခု မင်းရဲ့ အကျီတွေကို ချွတ်လိုက်တော့"
"ကျွန်တော့်အကျီတွေကို ချွတ်ရမယ်ဟုတ်လား... ဒီနေရာမှာတင်လား" ချင်ယွမ်ဖုန်းက နေရာအနှံ့ စုပုံနေသော နှင်းထုကြီးကို လှမ်းကြည့်လိုက်မိသည်။ အကယ်၍ သူသာ ထူထဲသော ဝါဂွမ်းအကျီကို ဝတ်ဆင်မထားပါက ဤနေရာ၌ ရေခဲတုံးကြီးအဖြစ် ခဲသွားလောက်ပေသည်။
"ဟုတ်တယ်၊ ဒီနေရာမှာတင်ပဲ၊ မင်းအနေနဲ့ ခန္ဓာကိုယ်နွေးထွေးအောင် ကိုယ်တွင်းစွမ်းအင်ကို အသုံးပြုခွင့် မရှိဘူး" ရှုဝမ်ချန်းက အေးစက်စွာ ဆိုလိုက်သည်။
ချင်ယွမ်ဖုန်း ငြင်းဆန်ကန့်ကွက်ချင်သော်လည်း ရှုဝမ်ချန်း၏ အေးစက်လှသော မျက်နှာပေးကို မြင်လိုက်ရသဖြင့် ခပ်မြန်မြန်ပင် ပါးစပ်ပိတ်လိုက်ရတော့သည်။
အကယ်၍ သူသာ ငြင်းဆန်မိပါက ရှုဝမ်ချန်းသည် သူ့အား နှိပ်စက်ရန် မည်သို့သော ထူးဆန်းသည့် နည်းလမ်းများကို ထပ်မံထုတ်သုံးလာမည်ကို မည်သူမျှ မသိနိုင်ပေ။
ထို့ကြောင့် သူသည် အဝတ်အစားများကို ချွတ်ပစ်လိုက်ရာ သားမွေးဘောင်းဘီတစ်ထည်သာ ကျန်ရစ်တော့သည်။သည်းထန်စွာ ကျဆင်းနေသော နှင်းပွင့်များကြားတွင် သူ တုန်တုန်ရီရီ ဖြစ်လာရပြီး ခဏမျှအကြာတွင် ခန္ဓာကိုယ်ပေါ်၌ နှင်းခဲအလွှာတစ်ခု ဖုံးလွှမ်းလာသည်ကို ချင်ယွမ်ဖုန်း ခံစားလိုက်ရလေသည်။
"ဌာ... ဌာနမှူး၊ ဆရာက ကျွန်တော့်ကို အေးခဲပြီး သေအောင် လုပ်နေတာလား" ချင်ယွမ်ဖုန်း၏ သွားများ တကျွတ်ကျွတ် ခေါက်နေတော့သည်။
"မင်းက တကယ်ကို မိုက်မဲတာပဲ၊ မင်းကို ကိုယ်တွင်းစွမ်းအင် မသုံးရဘူးလို့ပဲ ပြောတာ၊ မလှုပ်ရှားရဘူးလို့ ငါ မပြောခဲ့ပါဘူး" ရှုဝမ်ချန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောဆိုလိုက်သည်။
ချင်ယွမ်ဖုန်း သဘောပေါက်သွားရသည်၊ ရှုဝမ်ချန်းသည် သူ့အား လှုပ်လှုပ်ရှားရှား ရှိနေစေချင်ခြင်း ဖြစ်ပေသည်။လှုပ်ရှားရုန်းကန်မှသာ ခန္ဓာကိုယ်က နွေးထွေးလာပေလိမ့်မည်။
ထို့ကြောင့် ချင်ယွမ်ဖုန်းသည် လေ့ကျင့်ရေးကွင်းပြင်ကို ပတ်၍ သဲသဲမဲမဲ စတင်ပြေးလွှားတော့သည်။ ကိုယ်တွင်းစွမ်းအင်ကို အသုံးမပြုရသော်လည်း ချင်ယွမ်ဖုန်း၏ အရှိန်အဝါကတော့ အလွန် လျင်မြန်နေဆဲပင် ဖြစ်၏။
သို့သော် မကြာမီမှာပင် ဤကဲ့သို့ ပြေးလွှားနေခြင်းက ခန္ဓာကိုယ်ကို နွေးထွေးမလာစေနိုင်ကြောင်း ချင်ယွမ်ဖုန်း သိလိုက်ရသည်။ အလွန်ဆုံးရှိလှမှ ရေခဲတုံးအဖြစ် တောင့်ခဲမသွားအောင်သာ ကာကွယ်ပေးနိုင်ရုံမျှ ရှိပေသည်။
"မင်း ရေခဲတုံးကြီးအဖြစ် အခဲမခံချင်ရင် အစွမ်းကုန် သုတ်ခြေတင်ပြေးစမ်း" ထိုစဉ် လှမ်းလှမ်းဆီမှ ရှုဝမ်ချန်း၏ အသံ ဟိန်းထွက်လာပြန်သည်။
ချင်ယွမ်ဖုန်း အံကိုကြိတ်ကာ ဇက်ကြိုးပြတ်သွားသည့် မြင်းရိုင်းတစ်ကောင်ကဲ့သို့ လေ့ကျင့်ရေးကွင်းပြင်အပြင်ဘက်ဆီသို့ တိုက်ရိုက် ဦးတည်ပြေးထွက်သွားတော့သည်။
ဤတစ်ကြိမ်တွင်မူ ချင်ယွမ်ဖုန်းသည် တစ်ကိုယ်လုံး လှုပ်ရှားရုန်းကန်လျက် မိမိ၏ အင်အားရှိသမျှ အစွမ်းကုန် ထုတ်သုံးလိုက်လေတော့သည်
သူ၏ နောက်ကွယ်တွင် လေပြင်းများနှင့် နှင်းပွင့်များ တရဟော လွင့်ပျံကျန်ရစ်ခဲ့ပြီး ချင်ယွမ်ဖုန်းကတော့ ရှေ့သို့သာ အာရုံစိုက်၍ ဇွတ်မှိတ် ပြေးနေမိသည်။
"နောက်ကျလို့ အပြစ်ပေးတာဆိုရင်လည်း အပြစ်ပေးတယ်လို့ တည့်တည့်ပြောပါတော့လား၊ အခုတော့ ငါ့ကို နှိပ်စက်ဖို့ ဒီလို ထူးထူးဆန်းဆန်း နည်းလမ်းတွေ ကြံစည်နေတာ၊ တကယ့် သူရဲကောင်း မဟုတ်ဘူး"
ရှုဝမ်ချန်းသည် သူ့အား နောက်ကျခဲ့သည့်အတွက်
အပြစ်ပေးအရေးယူနေခြင်းသာ ဖြစ်သည်ဟု တွေးတောကာ ချင်ယွမ်ဖုန်း စိတ်ထဲကနေ မကျေမနပ် ရေရွတ်နေမိတော့သည်။
ရှုဝမ်ချန်းကတော့ လေ့ကျင့်ရေးကွင်းပြင်၏ နောက်ကွယ်တွင် ရပ်တံ့လျက် ဝေးကွာသွားသော ချင်ယွမ်ဖုန်း၏ ကျောပြင်ကို တစ်ချက်မျှ မလှုပ်မယှက်ဘဲ စိုက်ကြည့်နေမိလေသည်။