← Chapters

အခန်း ၄၆၄

Vol. 24 Ch. 464

အခန်း ၄၆၄

Vol. 24 Ch. 464

အခန်း (၄၆၄) ထွက်ပြေးခြင်း

ချင်ယွမ်ဖုန်းသည် တစ်ဟုန်ထိုး အစွမ်းကုန် ပြေးလွှားနေရသဖြင့် ကိုယ်တွင်းစွမ်းအားများ ကြာရှည်စွာ မထိန်းထားနိုင်တော့ချေ။

ထို့ကြောင့် တစ်ကိုယ်လုံးတွင် ချွေးများ တရွှဲရွှဲ စိုရွှဲလျက် အငွေ့များပင် ထွက်လာတော့သည်။

ယခုကဲ့သို့ အမောတကော အပြင်းအထန် မပြေးလွှားရသည်မှာ အတော်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်းကိုလည်း ချင်ယွမ်ဖုန်း ခံစားမိနေသည်။

လေ့ကျင့်ရေးကွင်းပြင်မှသည် ချင်းဖုန်းရေကန်ဆီသို့ တိုက်ရိုက် ပြေးလာခဲ့ပြီးနောက်တွင်မူ ချင်ယွမ်ဖုန်း ခြေလှမ်းရပ်လိုက်ကာ အမောတကော လေကို လုရှူနေရတော့သည်။ သူ၏ လက်မောင်းများနှင့် ခြေထောက်များသည်လည်း ထိန်းမရသိမ်းမရ တုန်ယင်နေကြချေပြီ။

“ တကယ်ကို မောတာပဲ ”

ချင်ယွမ်ဖုန်းသည် ရေနွေးငွေ့များ တထောင်းထောင်း ထွက်နေသည့် ချင်းဖုန်းရေကန်ကို မော့ကြည့်လိုက်ရာ မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး ရေကန်ထဲသို့ တိုက်ရိုက် ခုန်ချလိုက်တော့သည်။

ဤမြောက်ဖျားဒေသရှိ ချင်းဖုန်းရေကန်သည် ရေပူစမ်းတစ်ခု ဖြစ်ပေရာ ဤဒေသ၏ အံ့မခန်းဖွယ်ရာ အလှတရားတစ်ခု ဟု ဆိုရပေမည်။

‘အစွန်းနှစ်ဖက်သည် အပြန်အလှန် ဆွဲဆောင်တတ်သည်’ ဟူသော စကားပုံသည် ဤနေရာအတွက် ရည်ညွှန်းလေသလား မပြောတတ်ချေ။

ရေပူစမ်းထဲတွင် စိမ်နေရင်း ချင်ယွမ်ဖုန်းသည် အတိုင်းထက်အလွန် သက်တောင့်သက်သာ ရှိလှသည်ဟု ခံစားရပြီး ကြွက်သားများအတွင်းမှ နာကျင်ကိုက်ခဲမှုများနှင့် ပင်ပန်းနွမ်းနယ်မှုများအားလုံးသည်လည်း ပြေပျောက်သွားရချေသည်။

သို့သော်လည်း ချင်ယွမ်ဖုန်း တစ်ယောက် ရေပူစမ်းတွင် ကောင်းကောင်းကြီး ဇိမ်ခံနေစဉ်မှာပင် မည်သည့်အချိန်က ရောက်ရှိလာသည်မသိသော ရှုဝမ်ချန်းသည် ရေကန်အနီးသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာပြီး သူ့ကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

ချင်ယွမ်ဖုန်း၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရပြီး ရေပူစမ်းထဲမှ ချက်ချင်းပင် ဝုန်းခနဲ ခုန်ထွက်လိုက်မိတော့သည်။

“ အမောပြေပြီလား။ ဆက်ပြေးဦးလေ ” ဟု ရှုဝမ်ချန်းက အေးတိအေးစက် ပြောဆိုလိုက်သည်။

“ သိပါပြီ ” ချင်ယွမ်ဖုန်းက စိတ်ပျက်လက်ပျက် လေသံဖြင့် ပြန်လည် ပြောကြားလိုက်ရချေသည်။

ထိုစဉ် ရှုဝမ်ချန်းက ရှေ့သို့ လှမ်းလာပြီး ချင်ယွမ်ဖုန်း၏ ပခုံးကို ပုတ်ပေးလိုက်သည်။ ကြည့်ရသည်မှာ သူ့ကို အားပေးကူညီသည့် သဘောပင် ဖြစ်ဟန်တူသည်။

ချင်ယွမ်ဖုန်းလည်း စိတ်ထဲတွင် ဝမ်းသာသွားပြီး ဤကျောင်းဆရာကြီးသည်လည်း လူသားဆန်သည့် ကရုဏာစိတ် အနည်းငယ် ရှိသေးသားပဲဟု တွေးတောမိလိုက်သော်လည်း နောက်တစ်ခဏ၌မူ သူ၏ မျက်နှာအမူအရာသည် ရုတ်ချည်းပင် ပျက်ယွင်းသွားရတော့သည်။

အကြောင်းမူကား ရှုဝမ်ချန်းသည် သူ၏ ကိုယ်တွင်းစွမ်းအင်များကို ချိတ်ပိတ်လိုက်သောကြောင့် ဖြစ်ချေသည်။

“ ဆရာ ဘာလုပ်တာလဲ ” ချင်ယွမ်ဖုန်းက အံ့အားသင့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်မိသည်။

“ မင်း ကိုယ်တွင်းစွမ်းအင်ကို မသုံးဘဲ မနေနိုင်မှာ စိုးလို့ ငါက ကူညီပေးတာပါ ” ရှုဝမ်ချန်းက မည်သို့မျှ မခံစားရသကဲ့သို့ အေးအေးဆေးဆေးပင် တုံ့ပြန်လိုက်သည်။

ချင်ယွမ်ဖုန်း မျက်နှာ ပျက်သွားရပြီး “ ကျွန်တော်က အဲလိုလူမျိုး မဟုတ်ပါဘူး ” ဟု ဆိုလိုက်သည်။

“ ဟုတ်တယ် ” ရှုဝမ်ချန်းက တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်ကာ “ စိတ်မပူပါနဲ့၊ နေဝင်ဖို့ လေးနာရီတောင် လိုသေးတာပဲ။ ဒီအစီအရင်က လေးနာရီပြည့်ရင် ပွင့်သွားမှာပါ ” ဟု ဆက်လက် ပြောဆိုလေသည်။

ချင်ယွမ်ဖုန်း စိတ်ထဲတွင် ကျိန်ဆဲမိတော့သော်လည်း ခဲတောင့်ခဲခဲ ရေခဲတုံးကြီး ဖြစ်မသွားစေရန်အတွက် ဆက်လက်၍သာ အသက်လုကာ ပြေးလွှားနေရတော့သည်။

သူ ဝတ်ဆင်ထားသော အဝတ်အစားများကို ချွတ်ပစ်လိုက်စဉ်ကတည်းက သူ၏ ကမ္ဘာဦးအစ စကြဝဠာ အပိုင်းအစနှင့် သိုလှောင်လက်စွပ် အပါအဝင် အရာအားလုံးကို ရှုဝမ်ချန်းက ယူဆောင်သွားခဲ့ပြီး ဖြစ်ချေသည်။

တစ်နည်းအားဖြင့်ဆိုရသော် ချင်ယွမ်ဖုန်း၏ ကိုယ်ပေါ်တွင် မည်သည့်အရာမျှ ရှိမနေတော့ဘဲ အေးခဲကာ သေဆုံးမသွားစေရန်အတွက် သူ၏ အသက်ကို ဖက်နဲ့ထုပ်၍သာ ဆက်တိုက် ပြေးလွှားနေရတော့သည်။

ချင်ယွမ်ဖုန်း၏ စိတ်ထဲတွင်မူ ရှုဝမ်ချန်း၏ ဘိုးဘေးဘီဘင် ဆယ့်ရှစ်ဆက်တိုင်အောင် အလီလီ ကျိန်ဆဲနေမိတော့သည်။

ချင်းဖုန်းရေကန် နယ်မြေမှ ပြေးထွက်လာစဉ် ချင်ယွမ်ဖုန်းသည် ချင်းဖုန်းရေကန်၏ တောင်ဘက်ပိုင်း၌ ရေခဲလိုဏ်ဂူတစ်ခု ရှိနေသည်ကို ရုတ်တရက် တွေ့ရှိလိုက်ရပြီး ထိုနေရာမှ ရှူးရှူးရှဲရှဲနှင့် တိုက်ခတ်နေသော အေးစက်စက် လေပြင်းများကို ခံစားလိုက်ရသည်။

ချင်ယွမ်ဖုန်းလည်း ဂရုမစိုက်အားတော့ဘဲ အစွမ်းကုန်သာ သုတ်ခြေတင် ပြေးလွှားနေမိတော့သည်။ သို့သော်လည်း သူ၏ ခွန်အားအားလုံးသည် အကြွင်းမဲ့ ကုန်ခမ်းလုနီးပါး ဖြစ်နေချေပြီ။

ယခုအချိန်တွင်မူ သူ၏ ကန့်သတ်ချက်ကို ကျော်လွန်နေသည့်အလား ခံစားနေရသည်။

သူသည် ရပ်တန့်ခြင်းမရှိဘဲ ဆက်တိုက်သာ ပြေးနေရသော်လည်း သူ၏ အရှိန်သည်ကား တဖြည်းဖြည်းနှင့် နှေးကွေးလာရချေပြီ။

လေးနာရီဆိုသော အချိန်သည် ချင်ယွမ်ဖုန်းအတွက် အလွန်တရာ ရှည်လျားပြီး ပင်ပန်းဆင်းရဲလှသော အချိန်ကာလတစ်ခု ဖြစ်ပေသည်။

နေမင်းကြီး ဝင်ရောက်သွားသည့် အချိန်တွင်မူ ချင်ယွမ်ဖုန်းသည် ဆက်လက်၍ မတောင့်ခံနိုင်တော့ဘဲ နှင်းတောထဲသို့ ဝုန်းခနဲ လဲပြိုကျသွားရတော့သည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ထူထပ်လှသော ရေခဲများနှင့် နှင်းပွင့်များ ဖုံးလွှမ်းနေသဖြင့် နှင်းရုပ်တစ်ခုကဲ့သို့ ဖြစ်နေချေပြီ။

အဆိုးဆုံးမှာကား သူ၏ ကိုယ်ပေါ်တွင် သားမွေးဘောင်းဘီတစ်ထည်သာ ရှိနေခြင်းပင် ဖြစ်သည်။

ထိုစဉ် ချင်ယွမ်ဖုန်း၏ မျက်စိရှေ့မှောက်သို့ ခြေထောက်တစ်စုံ ရောက်ရှိလာပြီး ရှုဝမ်ချန်းသည် သူ၏ ဘေးနားသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။

“ မင်းရဲ့ ကိုယ်တွင်းစွမ်းအင်တွေ ပြန်ပွင့်သွားပြီ။ တကယ်လို့ မင်းသာ ကိုယ်တွင်းစွမ်းအင်ကို သုံးပြီး အအေးဒဏ်ကို မကာကွယ်ဘူးဆိုရင် ဒီနေရာမှာတင် သေသွားလိမ့်မယ် ” ဟု ရှုဝမ်ချန်းက အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

ချင်ယွမ်ဖုန်းသည် ရုတ်ချည်း သတိဝင်လာပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကိုယ်တွင်းစွမ်းအင်များကို လှည့်ပတ်ရန် ကြိုးစားလိုက်ရာ ချိတ်ပိတ်ထားသည့် အစီအရင် ကွယ်ပျောက်သွားပြီ ဖြစ်ကြောင်း အမှန်တကယ် သိရှိလိုက်ရသဖြင့် ချက်ချင်းပင် ဝုန်းခနဲ ထရပ်လိုက်ကာ တစ်ကိုယ်လုံးကို မီးလျှံအလွှာတစ်ခုဖြင့် လွှမ်းခြုံလိုက်တော့သည်။

ပူပြင်းလှသော အပူချိန်ကြောင့်သာ ချင်ယွမ်ဖုန်းသည် တဖြည်းဖြည်းနှင့် ပြန်လည် လန်းဆန်းလာရတော့သည်။ ရှုဝမ်ချန်းက ခေါင်းညိတ်ပြကာ ချင်ယွမ်ဖုန်း၏ ပစ္စည်းများကို ပြန်လည်ပေးအပ်ပြီးနောက် ထိုနေရာမှ ထွက်ခွာသွားလေသည်။

“ မနက်ဖြန် နေမထွက်ခင် လေ့ကျင့်ရေးကွင်းပြင်မှာ ငါ မင်းကို စောင့်နေမယ် ” ဟု ရှုဝမ်ချန်း၏ အသံသည် လေထဲတွင် လွင့်မျောကာ ကျန်ရစ်ခဲ့သည်။

ချင်ယွမ်ဖုန်းသည် သူ၏ အဝတ်အစားများကို ပြန်လည် လဲလှယ်ဝတ်ဆင်လိုက်သော်လည်း ခန္ဓာကိုယ်မှာမူ အနည်းငယ် တုန်ယင်နေဆဲပင်။

သူ၏ ကိုယ်တွင်းရှိ ခွန်အားများ ကုန်ခမ်းသွားသည်မှာ ကြာမြင့်လှပြီ ဖြစ်သော်လည်း ခေါင်းမာလှသော စိတ်ဓာတ်ခွန်အား တစ်ခုတည်းဖြင့်သာ ယခုအချိန်အထိ တောင့်ခံ ပြေးလွှားနေခဲ့ခြင်း ဖြစ်ပေသည်။

“ ကျွန်တော် ဘယ်လို ပြန်ရမှာလဲ ” ဟု ချင်ယွမ်ဖုန်းက အားအင်ချိနဲ့စွာဖြင့် လှမ်းအော်မေးလိုက်သည်။ သူ၏ ကိုယ်တွင်းစွမ်းအင်များ ပြန်လည်ပွင့်သွားပြီ ဖြစ်သော်လည်း ယခုအချိန်တွင် ချင်ယွမ်ဖုန်းသည် အလွန်တရာ အားအင်ချိနဲ့ နေရှာဆဲ ဖြစ်ချေသည်။

ထိုခဏ၌ မည်းမှောင်နေသော အရိပ်တစ်ခုသည် ကောင်းကင်ယံမှ ဖြည်းညှင်းစွာ ပျံသန်းဆင်းသက်လာပြီး ချင်ယွမ်ဖုန်း၏ ရှေ့မှောက်၌ နားခိုလိုက်လေသည်။

ထိုအရာကား ဖေးရွှယ်ပင်။

“ ဖေးရွှယ်... မင်း ငါ့ကို လာကြိုတာလား ” ချင်ယွမ်ဖုန်းက ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်မိသည်။

ဖေးရွှယ်သည် သူမ၏ ဦးခေါင်းကို ဆန့်ထုတ်ကာ ချင်ယွမ်ဖုန်း၏ အဝတ်အစားများကို ကိုက်ခဲလျက် သူ၏ ခန္ဓာကိုယ်ကို ကျောပေါ်သို့ ပစ်တင်လိုက်ပြီးနောက် ရှန်းဝူအကယ်ဒမီ ဆီသို့ ပျံသန်းသွားတော့သည်။

သုံးနာရီခန့် ကြာမြင့်ပြီးနောက်တွင်မူ ညဉ့်နက်သန်းခေါင်ယံသို့ ရောက်ရှိနေပြီ ဖြစ်ရာ ချင်ယွမ်ဖုန်းသည် ဖေးရွှယ်၏ ကျောပေါ်၌ပင် နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့ချေပြီ။

ဖေးရွှယ်သည် အိပ်ဆောင် အဆောက်အအုံ၏ အပေါ်ယံသို့ ပျံသန်းရောက်ရှိလာပြီးနောက် ခန္ဓာကိုယ်ကို ခါယမ်းလိုက်ရာ ချင်ယွမ်ဖုန်းသည် ကျောပေါ်မှ လျှောကျသွားတော့သည်။

ထိုအချိန်တွင် ဝမ်ဝူးနှင့် မာထျန်းတို့သည် အိပ်ဆောင်၏ အပြင်ဘက်၌ ရှိနေကြပေသည်။ ကောင်းကင်ယံမှ ကျဆင်းလာသော ချင်ယွမ်ဖုန်းကို မြင်လိုက်ရသဖြင့် သူတို့သည် ရှေ့သို့ အပြေးလှမ်းလာကာ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ကို ဖမ်းဆီး ပွေ့ပိုက်လိုက်ကြသည်။

ထိုကဲ့သို့ မြင့်မားသော နေရာမှ ကျဆင်းလာခဲ့သော်လည်း ချင်ယွမ်ဖုန်းမှာ နိုးမလာခဲ့ချေ။ ကြည့်ရသည်မှာ သူသည် တကယ်ကို ပင်ပန်းနွမ်းနယ်နေရှာပြီ ဖြစ်ကြောင်း ထင်ရှားလှပေသည်။

“ ဟူး... ဆရာရှုက ယွမ်ဖုန်းကို ဒီမှာ စောင့်နေဖို့ ငါတို့ကို ပြောထားတာ။ သူ ယွမ်ဖုန်းကို တကယ်ပဲ မသက်ညှာဘဲ နှိပ်စက်လိုက်တာ ထင်တယ် ” ဟု မာထျန်းက သက်ပြင်းချရင်း စိတ်ပျက်လက်ပျက် ပြောဆိုလိုက်သည်။

“ ဟွန်း... သူက နှစ်လလောက်ပဲ နောက်ကျတာကို ဒီလောက်အထိ နှိပ်စက်ဖို့ လိုလို့လား ” ဝမ်ဝူးက အနည်းငယ် မကျေမနပ်ဖြစ်ကာ ဆိုလိုက်သည်။

“ ကဲပါ... စကားကို လျှော့ပြောစမ်းပါ။ မင်းကိုရော လာပြီး နှိပ်စက်တာ ခံချင်လို့လား ” မာထျန်းက ချက်ချင်းပင် တားမြစ်လိုက်ပြီး ချင်ယွမ်ဖုန်းကို အိပ်ဆောင်အတွင်းသို့ ပွေ့ချီကာ ခေါ်ဆောင်သွားတော့သည်။

ချင်ယွမ်ဖုန်းသည် အိပ်ဆောင်အတွင်း၌ နံနက်ခင်းတိုင်အောင် နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့ပြီး မာထျန်းနှင့် ဝမ်ဝူးတို့က သူ့ကို နှိုးလိုက်သည့် အချိန်မှသာ နိုးလာတော့သည်။

“ ငါ ဘယ်ရောက်နေတာလဲ ” ချင်ယွမ်ဖုန်းက ဆတ်ခနဲ ထထိုင်လိုက်ပြီး အူကြောင်ကြောင်ဖြင့် မေးမြန်းလိုက်သည်။

“ အိပ်ဆောင်ထဲမှာပေါ့ကွ ” မာထျန်းက ပြုံးလျက် ပြန်ပြောလိုက်ချေသည်။

ချင်ယွမ်ဖုန်းသည် သက်ပြင်းအသာချလိုက်ကာ “ ငါက ဆရာရှုဝမ်ချန်းရဲ့ လက်ထဲမှာ ရှိနေသေးတယ်လို့ ထင်နေတာ ” ဟု ဆိုသည်။

“ ဒါနဲ့ နေပါဦး ဖုန်းအကိုရဲ့၊ ကျောင်းအုပ်ကြီး ရှုက မင်းကို ဘယ်လိုများ နှိပ်စက်လိုက်တာလဲ ” ဝမ်ဝူးက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလာသည်။

ချင်ယွမ်ဖုန်းက မနေ့က ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများကို ပြောပြလိုက်ရာ ထိုသူနှစ်ဦးစလုံး အလွန်တရာ အံ့အားသင့် တုန်လှုပ်သွားကြရတော့သည်။

“ သူက လူရော ဟုတ်ရဲ့လား ” ဝမ်ဝူးက ရှုဝမ်ချန်းကို သွားရောက် ရင်ဆိုင်တော့မည့်အလား ဒေါသတကြီးဖြင့် ပြောဆိုလိုက်သည်။

“ ဟုတ်ပ၊ ဟုတ်ပ ” မာထျန်းသည်လည်း တရားမျှတလိုစိတ်များ ပြည့်လျှံနေသည့်အလား “ ညီအစ်ကို... မင်း တကယ် ဒုက္ခရောက်ခဲ့တာပဲ ” ဟု ဆိုလေသည်။

“ ဟူး... ထားလိုက်ပါတော့။ သူက ဆရာပဲဥစ္စာ။ ငါ အကယ်ဒမီမှာ ဆက်နေချင်ရင် သူ့ကို ဆန့်ကျင်လို့ ဘယ်ရပါ့မလဲ ” ချင်ယွမ်ဖုန်းက စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်ပြီး “ ဒါနဲ့ နေပါဦး... မင်းတို့ ငါ့ကို ဘာလို့ နှိုးတာလဲ ” ဟု မေးလိုက်သည်။

“ ဪ... ဆရာရှုက မင်းကို နေမထွက်ခင် နှိုးလိုက်ဖို့နဲ့ လေ့ကျင့်ရေးကွင်းပြင်မှာ သွားတွေ့ဖို့ မှာထားလို့ပါ။ ဒါက မင်းနဲ့ သူနဲ့ ကတိကဝတ် ပြုထားတာလို့ ပြောတာပဲ ” မာထျန်းက အနည်းငယ် အားနာနေသည့် ပုံစံဖြင့် ပြောကြားလိုက်သည်။

မာထျန်း၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်ကို မြင်လိုက်ရသဖြင့် ချင်ယွမ်ဖုန်းမှာ မျက်ရည်ပင် ဝဲချင်လာတော့သည်။

“ ဒါဆို... မင်းတို့ နှစ်ယောက်လုံးလည်း ဆရာရှုနဲ့ တစ်ဖွဲ့တည်းပေါ့လေ ”

“ လုံးဝ မဟုတ်ရပါဘူး ” ဝမ်ဝူးက ချင်ယွမ်ဖုန်း၏ ပခုံးကို ပုတ်ပေးရင်း “ ငါတို့ မင်းကို စိတ်ဓာတ်ပိုင်းအရ အမြဲတမ်း ပံ့ပိုးကူညီနေမှာပါ ” ဟု ဆိုလိုက်သည်။

“ ပေါ့ပျက်သွားပြီ၊ တကယ်ကို ပေါ့ပျက်သွားပြီ ” ချင်ယွမ်ဖုန်းက ကောင်းကင်ကြီးကို မော့ကြည့်ကာ သက်ပြင်းချလိုက်မိသည်။

“ ဘာက ပေါ့ပျက်သွားတာလဲ ” မာထျန်းနှင့် ဝမ်ဝူးတို့သည် ချင်ယွမ်ဖုန်း၏ စကားကြောင့် အနည်းငယ် ဝေခွဲမရ ဖြစ်သွားကြသည်။

“ ညီအစ်ကိုချင်း သံယောဇဉ်တွေ ပေါ့ပျက်သွားတာကို ပြောတာကွ ”

ချင်ယွမ်ဖုန်းသည် ကုတင်ပေါ်မှ ချက်ချင်းပင် ထလိုက်ပြီး သေတွင်းထဲသို့ သက်စွန့်ဆံဖျား သွားရောက်တော့မည့် သူရဲကောင်းတစ်ဦးကဲ့သို့ စိတ်ပိုင်းဖြတ်ထားသော မျက်နှာအမူအရာဖြင့် အကယ်ဒမီ လေ့ကျင့်ရေးကွင်းပြင်ဆီသို့ လျှောက်လှမ်းသွားတော့သည်။

ထိုအချိန်တွင် နေမင်းကြီးသည်ကား ထွက်ပြူလာခြင်း မရှိသေးချေ။ အကယ်ဒမီအတွင်းရှိ ကျောင်းသားများသည်လည်း နိုးထလာကြခြင်း မရှိသေးသဖြင့် ပတ်ဝန်းကျင် တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်လို့ နေချေတော့သည်။

All Chapters