အခန်း ၄၆၉
Vol. 24 Ch. 469
အခန်း (၄၆၉)ရေခဲပြင်၏ စွမ်းအား
ချင်ယွမ်ဖုန်းသည် သွားကို တင်းတင်းကြိတ်လျက် မိမိ၏ ကိုယ်တွင်းစွမ်းအင် အားမာန်ရှိသမျှကို စုစည်းကာ ရှေ့မှောက်ရှိ အမည်းရောင် တုတ်ရှည်ကြီးကို လေပွေလှိုင်းပမာ မွှေ့ယမ်းလိုက်ချေသည်။
ထို တုတ်ရှည်ကြီး၏ ကာကွယ်မှု တံတိုင်းသည် သိပ်သည်းလွန်းလှရာ မည်သည့် ရေခဲစူးချွန်မျှ တိုးဝင်နိုင်ခြင်း မရှိချေ။
အမည်းရောင် တုတ်ရှည်ကြီးနှင့် ထိမှန်မိသမျှသော ရေခဲစူးချွန်တို့သည်လည်း တစ်ခဏချင်းမှာပင် မုန့်ညက်ပမာ အမှုန်အမွှား ဘဝသို့ ပြောင်းလဲပျက်စီးသွားကြရလေသည်။
ထိုသို့ ရေခဲစူးချွန်တို့ တိုက်ခိုက်ပြီးနောက်တွင်မူ ဧရာမရေခဲသားရဲ၏ ကိုယ်ထည်ပေါ်၌ သိပ်သည်းလှသော ရေခဲစူးချွန်များ တစ်ဖန် ပြန်လည် ထွက်ပေါ်လာပြန်သည်။
တစ်ပြိုင်နက်တည်းမှာပင် ထို ဧရာမရေခဲသားရဲသည် ချင်ယွမ်ဖုန်း၏ ရှေ့မှောက်သို့ ရောက်ရှိလာပြီး ကြည်လင်နေသော ယင်း၏ လက်သည်းကုတ်ခြစ်ရာကြီးများဖြင့် ချင်ယွမ်ဖုန်းကို ပြင်းထန်စွာ ရိုက်ချလိုက်လေတော့သည်။
ချင်ယွမ်ဖုန်းလည်း ပျာပျာသလဲ ရှောင်တိမ်းလိုက်ရသော်လည်း အမည်းရောင် တုတ်ရှည်ကြီးကို မွှေ့ယမ်း၍ ခုခံခဲ့ရသည့် အရှိန်ကြောင့် အားအင်အားလုံး ကုန်ခမ်းနေပြီ ဖြစ်ပေရာ လှုပ်ရှားလိုက်သည့် ကာလ၌ ခြေလှမ်းများ တုန်ယင်ကာ မြေပြင်ပေါ်သို့ ဒူးထောက်လဲကျသွားရရှာသည်။
ထိုအခိုက်အတန့်၌ပင် ဧရာမရေခဲသားရဲ၏ သားရဲလက်သည်းကြီးသည်လည်း ဝုန်းခနဲ ကျရောက်လာပြီး ချင်ယွမ်ဖုန်း၏ ပုခုံးစွန်းကို ပြင်းထန်စွာ ရိုက်ခတ်မိလေသည်။
ချင်ယွမ်ဖုန်းသည် မိမိ၏ အရိုးများ ကျိုးကြေသွားသည့် အသံကို စူးစူးရှရှ ကြားလိုက်ရပြီး ပြင်းထန်လှသော နာကျင်မှု ဝေဒနာကြောင့် အော်ဟစ်မိလုနီးပါး ဖြစ်သွားရသည်။
သို့ရာတွင် ထိုပြင်းထန်လှသော နာကျင်မှုသည်ပင် ချင်ယွမ်ဖုန်း၏ ရင်တွင်း၌ ရှိသော မဆုတ်မနစ်သည့် စွမ်းအားကို လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွားကာ သူသည် အမည်းရောင် တုတ်ရှည်ကြီးကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် ဧရာမရေခဲသားရဲ၏ ဦးခေါင်းထက်သို့ အားကုန် သုံး၍ ရိုက်နှက်လိုက်လေတော့သည်။
ချက်ချင်းပင် မီးပွား မီးပွင့်တို့သည် အရပ်မျက်နှာအနှံ့ လွင့်စင်သွားကြရသည်။
ထို့ပြင် ဧရာမရေခဲသားရဲ၏ ဦးခေါင်းထက်မှ ရေခဲတုံးငယ် အချို့ပင် ပြုတ်ထွက်၍ လဲကျသွားရချေသည်။
ဧရာမရေခဲသားရဲသည် ခြေလှမ်းအနည်းငယ်မျှ နောက်ဆုတ်သွားပြီး ကိုယ်ဟန်အနေအထားမှာ အနည်းငယ် ယိုင်နဲ့သွားရရှာသည်။
ဦးခေါင်းကို အပြင်းအထန် ရိုက်နှက်ခံလိုက်ရသဖြင့် မူးဝေဝေ ဖြစ်သွားသည့် အလားပင်။
ချင်ယွမ်ဖုန်းသည် ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ ထပ်မံ တိုက်ခိုက်လေသည်။ မိမိ၏ ဘယ်ဘက်ပုခုံးစွန်းမှာ ကြေမွ ပျက်စီးနေပြီ ဖြစ်သော်လည်း အမည်းရောင် တုတ်ရှည်ကြီးကို ဆုပ်ကိုင်ထားသည့် ညာဘက်လက်ကိုမူ ရုတ်ချည်း မြှောက်ချီကာ ဧရာမရေခဲသားရဲ၏ ဦးခေါင်းထက်သို့ ပြင်းထန်စွာ ဆင့်ကဲ မီးကုန်ယဉ်းကုန် ထုနှက်လေတော့သည်။
ချင်ယွမ်ဖုန်းသည် သွေးရူးသံရူး ဖြစ်နေသူတစ်ဦးအလား အမည်းရောင် တုတ်ရှည်ကြီးကို သားရဲကြီး၏ ဦးခေါင်းပေါ်သို့ အကြိမ်ကြိမ် အထပ်ထပ် မနားတမ်း သတ်ပုတ် ထုရိုက်နေမိရာ ရေခဲစအမှုန်များနှင့် ရေခဲတုံးကြီးငယ်တို့သည် ဧရာမရေခဲသားရဲ၏ ဦးခေါင်းခွံထက်မှ တဖွဲဖွဲ လွင့်စင်ကျလာရချေသည်။
ထိုခဏ၌မူ ဧရာမရေခဲသားရဲသည် ချင်ယွမ်ဖုန်း၏ ဖိနှိပ်ထုရိုက်မှုအောက်တွင် မြေပြင်ပေါ်၌ ဝပ်စင်းနေရပြီး ပြန်လည် မတ်တတ်ရပ်နိုင်စွမ်းပင် မရှိတော့ချေ။
သို့သော်လည်း ရေခဲသားရဲကြီးသည် ငြိမ်ခံမနေဘဲ တန်ပြန် တိုက်ခိုက်လေသည်။ ချင်ယွမ်ဖုန်း၏ ခြေဖဝါးအောက် မြေပြင်မှ ရေခဲသလင်းပွင့်များ သိပ်သည်းစွာ ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး ချင်ယွမ်ဖုန်း၏ အရေပြားကို ထိုးဖောက်ကာ ခြေထောက်များမှတစ်ဆင့် အထက်သို့ တရွေ့ရွေ့ ပျံ့နှံ့ နက်ဝင်လာကြသည်။
ချင်ယွမ်ဖုန်းမှာမူ နာကျင်ခြင်း ဝေဒနာကိုပင် သတိမမူမိတော့ဘဲ ယင်း၏ အသိစိတ်တို့သည် တဖြည်းဖြည်း မှုန်ဝါးလာချေသည်။
နောက်ဆုံးတွင် ချင်ယွမ်ဖုန်း သတိလစ် မေ့မြောမသွားမီ စက္ကန့်ပိုင်းအလို၌ ဧရာမရေခဲသားရဲ၏ ဦးခေါင်းခွံသည် သူ၏ ထုရိုက်မှုကြောင့် ကြေမွ ပျက်စီးသွားရပြီး တိကျလှပသော ခြောက်ထောင့်ပုံသဏ္ဌာန် ရေခဲတုံးတစ်တုံးသည် သားရဲကြီး၏ ဦးခေါင်းခွံအတွင်းမှ မြေပေါ်သို့ ပြုတ်ကျလာလေသည်။
ချင်ယွမ်ဖုန်းသည် မြေပြင်ပေါ်သို့ ပုံရက်လဲကျသွားသော်လည်း သူ၏လက်ကိုမူ ရှေ့သို့ ဆန့်တန်းလျက် ရေခဲသားရဲ၏ ဦးခေါင်းခွံမှ ကျလာသော ခြောက်ထောင့်ပုံသဏ္ဌာန် ရေခဲတုံးကို အမိအရ ဖမ်းဆုပ်ထားမိလေသည်။
ချင်ယွမ်ဖုန်း အသိစိတ် ပြန်လည် ရရှိလာသည့် ကာလ၌ ကျွမ်းဝင်လှသော မြင်ကွင်းသည် သူ၏ ရှေ့မှောက်၌ အဆင်သင့် ရှိနေချေပြီ။
ဆရာဖြစ်သူ ရှုဝမ်ချန်းသည် ဒန်အိုးကြီး၏ အောက်တွင် ထင်းချောင်းများကို စိတ်အေးလက်အေး ဖြည့်တင်းပေးနေဆဲ ပင် ဖြစ်သည်။
သူသည် မိမိ၏ ခန္ဓာကိုယ်ကို ပြန်လည် စစ်ဆေးကြည့်ရာ ဒဏ်ရာ ဒဏ်ချက်အားလုံးသည် ပျောက်ကင်း သက်သာနေပြီ ဖြစ်ရုံမျှမက ကျိုးကြေသွားခဲ့သော ပုခုံးစွန်းမှာလည်း အသစ်တစ်ဖန် ပြန်လည် ကောင်းမွန်နေသည်ကို တွေ့လိုက်ရသည်။
“မင်း ဒီတစ်ခေါက် တော်တော်လေး ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာ” ရှုဝမ်ချန်းက တည်ငြိမ်အေးဆေးသော လေသံဖြင့် ဆိုလာသည်။
“ငါသာ အချိန်မီ ရောက်မလာခဲ့ရင် မင်း အသက်ပျောက်နေလောက်ပြီ”
နောက်ဆုံး အခိုက်အတန့် ကာလကို ပြန်လည် တွေးတောမိသည့်အခါ ဧရာမရေခဲသားရဲ၏ အသက်လု တန်ပြန်တိုက်ခိုက်မှု၊ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ကို ထိုးဖောက်လုနီးပါး ဖြစ်ခဲ့သော ရေခဲသလင်းပွင့်များ၊ ထို ရေခဲသလင်းပွင့်တို့သည် နွယ်ပင်များကဲ့သို့ ခန္ဓာကိုယ်အတွင်းသို့ တရွေ့ရွေ့ ထိုးဖောက် ဝင်ရောက်လာသည့် ခံစားချက်တို့မှာ တွေးမိရုံမျှဖြင့် ချင်ယွမ်ဖုန်းကို တုန်လှုပ် ခြောက်ခြားသွားစေလေသည်။
“ဆရာသာ အမည်းရောင် တုတ်ရှည်ကြီးကို သိမ်းထားခဲ့ရင် ကျွန်တော် ဒီလောက်အထိ ဒုက္ခရောက်မှာ မဟုတ်ဘူး” ချင်ယွမ်ဖုန်းက မကျေမနပ်ဖြစ်သော လေသံဖြင့် ညည်းတွားလိုက်သည်။
“အမည်းရောင် တုတ်ရှည်ကြီး မရှိရင် အထူးကျင့်ကြံခြင်းရဲ့ ရည်ရွယ်ချက်ကို ရောက်ရှိမှာ မဟုတ်ဘူး” ရှုဝမ်ချန်းက အေးစက်စက် လေသံဖြင့် တုံ့ပြန်ပြောဆိုသည်။
ချင်ယွမ်ဖုန်းသည် သက်ပြင်းချလျက် ခေါင်းကိုသာ ရမ်းမိပြီး မိမိ၏ ရှေ့မှောက်သို့ လက်ကို မြှောက်ကြည့်လိုက်ရာ ခြောက်ထောင့်ပုံသဏ္ဌာန် ရေခဲတုံးလေး တစ်တုံးသည် သူ၏ လက်ဖဝါးထဲ၌ ရှိနေပြီး အေးစက်လှသော ရေခဲအရှိန်အဝါများကို အဆက်မပြတ် ထုတ်လွှတ်နေသည်ကို မြင်လိုက်ရသည်။
“ဒါနဲ့ ဆရာ... ဒါက ဘာပစ္စည်းလဲ” ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။
“ရေခဲသားရဲရဲ့ မိစ္ဆာအနှစ်သာရလုံးပဲ”
ရှုဝမ်ချန်းသည် ယင်း၏ မျက်မှန်ကို အသာအယာ ပင့်တင်လျက် တည်ငြိမ်စွာပင် ရှင်းပြသည်။ “မိစ္ဆာသားရဲတွေလိုပဲ ရေခဲသားရဲတွေမှာလည်း မိစ္ဆာအနှစ်သာရလုံး ရှိတတ်ကြတယ်။ ဒါပေမဲ့ ဧရာမရေခဲသားရဲ အဆင့်ထက် မြင့်တဲ့ ရေခဲသားရဲတွေမှသာ ဒီလို မိစ္ဆာအနှစ်သာရလုံး ရှိနိုင်တာ ဖြစ်တယ်”
“ဒီလိုကိုး” ချင်ယွမ်ဖုန်းက ခေါင်းညိတ်လျက် ရေရွတ်သည်။ “ကျွန်တော်ကတော့ ရေခဲသားရဲဆိုတာ သာမန် တိရစ္ဆာန်တစ်ကောင်ပဲလို့ ထင်နေတာ”
“သူတို့က ပြင်ပက မိစ္ဆာသားရဲတွေလောက် မစွမ်းဆောင်နိုင်ကြတာတော့ အမှန်ပဲ။ ဘာလို့လဲဆိုတော့ သူတို့က ရေခဲလိုဏ်ဂူထဲက အေးစက်တဲ့ အရှိန်အဝါတွေ သိပ်သည်းဆောင်းချီရာကနေ ဖြစ်တည်လာတဲ့ ဝိညာဉ်အနှစ်သာရ သတ္တဝါတွေ မို့လို့ပဲ။ သူတို့တွေဟာ ရေခဲလိုဏ်ဂူရဲ့ အပြင်ဘက်ကို ခြေတစ်လှမ်းမျှ လှမ်းလို့မရဘူး။ လှမ်းလိုက်တာနဲ့ ဟင်းလင်းပြင်ထဲမှာတင် အလိုအလျောက် ပျောက်ကွယ်သွားလိမ့်မယ်”
“သနားစရာ ကောင်းလိုက်တာ” ချင်ယွမ်ဖုန်းက အေးဆေးစွာ ဆိုသည်။
“ရေခဲသားရဲရဲ့ မိစ္ဆာအနှစ်သာရလုံးဟာ ရေခဲကျင့်စဉ်ပညာရပ်ကို ကျင့်ကြံတဲ့ သိုင်းပညာရှင်တွေအတွက်တော့ အလွန်ပဲ အသုံးဝင်လှတယ်။ အဲ့တာက သူတို့ရဲ့ အေးစက်တဲ့ အရှိန်အဝါတွေကို ပိုပြီး ပြင်းထန် အစွမ်းထက်စေနိုင်တယ်။ ဒါပေမဲ့ အခြားသော သိုင်းပညာရှင်တွေ အတွက်တော့ ဒါဟာ အပိုပစ္စည်းပဲ။ အထူးသဖြင့် မင်းလို ခန္ဓာကိုယ်ထဲမှာ သားရဲမီးလျှံ ရှိနေတဲ့ သိုင်းပညာရှင်မျိုး အတွက်ဆိုရင် ပိုပြီးတော့တောင် အသုံးမဝင်သေးတယ်” ဟု ရှုဝမ်ချန်းက ပြောကြားလေသည်။
ချင်ယွမ်ဖုန်းလည်း ခေါင်းညိတ်ပြကာ “ကျွန်တော် နားလည်ပါပြီ ဆရာ။ ဒါနဲ့ လိုဏ်ဂူထဲမှာ ဧရာမရေခဲသားရဲတွေ အများကြီး ရှိနေသေးတာလား”
“ဒါပေါ့... ဒီနေရာက သူတို့ရဲ့ အသိုက်အမြုံပဲဥစ္စာ” ရှုဝမ်ချန်းက ဆက်လက်ပြောဆိုသည်။ “ပြီးတော့ မင်း ခုနက သတ်လိုက်တဲ့ ဧရာမရေခဲသားရဲဆိုတာ ရေခဲလိုဏ်ဂူထဲမှာ အလယ်အလတ်အဆင့် အစွမ်းပဲ ရှိသေးတဲ့ သတ္တဝါပဲ။ အထဲကို ပိုပြီး တိုးဝင်သွားမယ်ဆိုရင် ပိုပြီးတော့ အစွမ်းထက်တဲ့ ရေခဲသားရဲအရှင်သခင်တွေနဲ့ အင်အားအကြီးမားဆုံးဖြစ်တဲ့ ရေခဲသားရဲဘုရင်ကြီးတောင် ရှိသေးတယ်”
ချင်ယွမ်ဖုန်းသည် အချိန်ကာလကို တွက်ချက်ကြည့်မိသည်။ တစ်လတာ ကာလပတ်လုံး ကျင့်ကြံခဲ့ရသော်လည်း အလယ်အလတ်အဆင့် ရှိသော ရေခဲသားရဲတစ်ကောင်ကိုသာ မနည်းလုနီးပါး သတ်ဖြတ်နိုင်ခဲ့ပြီး မိမိကိုယ်တိုင်လည်း သေလုမတတ် ဖြစ်ခဲ့ရသည်။
ထိုသို့ဆိုလျှင် အစွမ်းအထက်ဆုံး ဖြစ်သော ရေခဲသားရဲဘုရင်ကြီးကို သတ်ဖြတ်နိုင်ရန် မည်မျှအထိ အချိန်ယူရမည်ကို သူ မခန့်မှန်းနိုင်တော့ချေ။
သို့ရာတွင် ချင်ယွမ်ဖုန်းသည် မြောက်ဘက်ပင်လယ်ပြင်ထက်ရှိ ဆန်းကြယ်လှသော နန်းတော်ကြီးဆီသို့လည်း သွားရောက်လိုစိတ် ပြင်းပြနေမိရာ ယင်းအချက်က သူ့ကို စိုးရိမ်ပူပန်စိတ် မြင့်တက်စေသည်။
ကြည့်ရသည်မှာ ရှုဝမ်ချန်းသည် ချင်ယွမ်ဖုန်းကို ရေခဲသားရဲဘုရင်အား မသတ်ဖြတ်နိုင်မချင်း ဤနေရာမှ ထွက်ခွာခွင့် ပေးမည့်ပုံ မပေါ်ချေ။
သို့သော်လည်း ချင်ယွမ်ဖုန်းသည် မကြာမီမှာပင် နည်းလမ်းကောင်းတစ်ခုကို တွေးတောမိသွားသည်။
သူ့ကို ရှုဝမ်ချန်းက ရေခဲလိုဏ်ဂူအတွင်းသို့ ထပ်မံ ပစ်ချလိုက်ပြီးနောက် ချင်ယွမ်ဖုန်းသည် လိုဏ်ဂူ၏ အနက်ပိုင်းဆီသို့ တရွေ့ရွေ့ လျှောက်လှမ်းသွားရင်း ထို ရေခဲသားရဲ၏ မိစ္ဆာအနှစ်သာရလုံးကို ထုတ်ယူလိုက်လေသည်။
ရှောင်လင်၏ ပြောပြချက်အရ ‘စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ်’ တွင် ချင်ယွမ်ဖုန်း ရှာဖွေတွေ့ရှိရန် စောင့်ဆိုင်းနေသော အခြားသော လုပ်ဆောင်ချက်များစွာ ရှိနေသေးပြီး ယခင်က သူသည် ဝိညာဉ်ရှာဖွေခြင်း ပညာရပ်၏ အသုံးဝင်ပုံ တစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ဖူးသည်။
ထိုအရာမှာ ‘ပေါင်းစပ်ခြင်း’ ပင် ဖြစ်သည်။
ပေါင်းစပ်ခြင်းဟူသည်မှာ အခြားသော ပစ္စည်းများ၏ ထူးခြားသော ဓာတ်သဘာဝ အင်္ဂါရပ်များကို လုယူကာ မိမိ၏ ခန္ဓာကိုယ်အတွင်းသို့ လွှဲပြောင်း ရယူခြင်း ဖြစ်ပေရာ ချင်ယွုန်းဖုန်း၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်မိုးကြိုး စွမ်းအားသည်လည်း ရွှေရောင်မိုးကြိုး ရတနာသစ်ပင်မှ ပေါင်းစပ် ရယူထားခြင်း ဖြစ်သည်။
ထို့ကြောင့် ရေခဲသားရဲ၏ မိစ္ဆာအနှစ်သာရလုံးအတွင်း၌ ပါရှိသော ရေခဲဓာတ်စွမ်းအင် သဘာဝကိုလည်း ချင်ယွမ်ဖုန်းအနေဖြင့် ပေါင်းစပ်ရယူနိုင်ရမည် ဖြစ်ပြီး ထိုသို့ ရယူနိုင်ပါက သူသည် ရေခဲလိုဏ်ဂူအတွင်းရှိ အအေးဒဏ်ကို ကြောက်ရွံ့နေရန် လိုအပ်တော့မည် မဟုတ်ချေ။
သို့ရာတွင် ပေါင်းစပ်မည့် အရာဝတ္ထု၏ အဆင့်အတန်းသည် ပေါင်းစပ်ပြီးနောက် ရရှိလာမည့် ဓာတ်သဘာဝ၏ အမြင့်ဆုံး အကန့်အသတ်ကို ဆုံးဖြတ်ပေးမည် ဖြစ်သည်။
ဥပမာအားဖြင့် ချင်ယွမ်ဖုန်းသည် ယခုအခါ၌ အလယ်အလတ်အဆင့် ရှိသော ရေခဲသားရဲ၏ မိစ္ဆာအနှစ်သာရလုံးကို ပေါင်းစပ်နေခြင်း ဖြစ်သဖြင့် သူ၏ ခန္ဓာကိုယ်က အပြည့်အဝ စုပ်ယူပြီးစီးသွားသည့်တိုင်အောင် ယင်း၏ အဆင့်အတန်းသည် အလယ်အလတ်အဆင့် ရေခဲသားရဲတစ်ကောင်၏ စွမ်းရည်အဆင့်ထက် ပိုမို ကျော်လွန်နိုင်မည် မဟုတ်ချေ။
ပိုမိုမြင့်မားသော အဆင့်အတန်းသို့ ရောက်ရှိရန်အတွက်မူ သူသည် ပို၍ အစွမ်းထက်သော မိစ္ဆာအနှစ်သာရလုံးများကို စုပ်ယူရန် လိုအပ်မည် ဖြစ်ပေရာ ရှုဝမ်ချန်း ပြောပြခဲ့သော ရေခဲသားရဲအရှင်သခင် သို့မဟုတ် ရေခဲသားရဲဘုရင်ကြီးတို့၏ မိစ္ဆာအနှစ်သာရလုံးများ ဖြစ်ပေလိမ့်မည်။
ထိုသို့ တွေးတောရင်း ချင်ယွမ်ဖုန်းသည် မိစ္ဆာအနှစ်သာရလုံးကို မိမိ၏ လက်ဖဝါးထက်၌ တိုက်ရိုက် တင်လိုက်ရာ ယင်း၏ လက်ဖဝါးအတွင်းမှ ပြင်းထန်လှသော စုပ်ယူမှု အားလှိုင်းတစ်ခု ထွက်ပေါ်လာပြီး ထို မိစ္ဆာအနှစ်သာရလုံးကို ချက်ချင်းပင် မုန့်ညက်ပမာ မှုန့်မှုန့်ညက်ညက် ဖြစ်သွားစေလျက် စုပ်ယူလိုက်လေတော့သည်။
ချက်ချင်းဆိုသလိုပင် ချင်ယွမ်ဖုန်းသည် မိမိ ခံစားနေရသော အအေးဒဏ်များ သိသိသာသာ လျော့ပါးသွားသည်ကို သိရှိလိုက်ရပြီး ခန္ဓာကိုယ်မှာပင် များစွာ ပေါ့ပါးသွက်လက်လာသည်ကို ခံစားလိုက်ရသည်။
သူ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ထွက်ပေါ်လာချေပြီ။ ဤလှည့်ကွက်သည် အမှန်တကယ်ပင် ထိရောက်လှပေသည်။
ယခုအခိုက်အတန့်၌ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်တွင် ရေခဲ၏ ဓာတ်သဘာဝ ကိန်းအောင်းနေပြီ ဖြစ်ရုံမျှမက သူသည် ရေခဲ၏ စွမ်းအားကိုပင် အသုံးပြုနိုင်နေပြီ ဖြစ်သည်။
ကြည်လင်တောက်ပလှသော ရေခဲပန်းပွင့်ငယ်လေးတစ်ပွင့်သည် ချင်ယွမ်ဖုန်း၏ လက်ထိပ်ဖျားမှ ဖြည်းညင်းစွာ ထွက်ပေါ်လာရာ သေသပ်စွာ ထုဆစ်ထားသည့် အလားပင် ထင်မှတ်ရပေသည်။
“ကောင်းပြီ... ဒါဆိုရင် ငါ အလယ်အလတ်အဆင့် ရှိတဲ့ ဧရာမရေခဲသားရဲ အချို့ကို ထပ်ပြီး အမဲလိုက်ရမယ်။ ပြီးတော့ သူတို့ရဲ့ မိစ္ဆာအနှစ်သာရလုံးတွေကို စုပ်ယူရမယ်။ ဒါဆိုရင် ရေခဲလိုဏ်ဂူရဲ့ အအေးဒဏ်ကို ခုခံဖို့ လုံလောက်သွားလိမ့်မယ်” ဟု ချင်ယွမ်ဖုန်းက တိုးတိုးရေရွတ်ရင်း ရေခဲလိုဏ်ဂူ၏ ပိုမို နက်ရှိုင်းရာ အရပ်ဆီသို့ ဆက်လက် လျှောက်လှမ်းသွားလေတော့သည်။