အခန်း ၄၇၃
Vol. 24 Ch. 473
အခန်း (၄၇၃)မတရား စွပ်စွဲခံရခြင်း
ရေခဲလိုဏ်ဂူအတွင်းရှိ ရေခဲပြင်ကြီးသည် အဆင့်မြင့် ရတနာလက်နက်များနှင့်ပင် နှိုင်းယှဉ်နိုင်ရာ ယခုအခါ ပြိုကျပျက်စီးသွားမှုက ကွင်းဆက်တုံ့ပြန်မှုတစ်ခုကို ဖြစ်ပေါ်စေခဲ့ချေသည်။
သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ချင်ယွမ်ဖုန်းသည် လမ်းကြောင်းတစ်ခု၏ ဟင်းလင်းပြင်ကိုသာ ဖျက်ဆီးခဲ့ခြင်း ဖြစ်ပေရာ အခြားလမ်းကြောင်းများမှာ ရိုက်ခတ်မှုရှိသော်လည်း ပြိုကျပျက်စီးခြင်း မရှိခဲ့ချေ။
"ဒါက မင်း အပြင်းထန်ဆုံး ဒဏ်ရာရတာပဲ။ ဒီလိုပုံစံနဲ့ အထူးလေ့ကျင့်ခန်းကို အဆုံးသတ်ချင်တာလား"
ရှုဝမ်ချန်းက တည်ငြိမ်အေးဆေးစွာ ပြောဆိုရင်း ချင်ယွမ်ဖုန်းကို အိုးကြီးတစ်လုံးထဲသို့ ပစ်ထည့်လိုက်သည်။
"မင်းကြောင့် ဆေးဖော်စပ်ခြင်းဌာနက တစ်နှစ်စာ စုဆောင်းထားတဲ့ ဝိညာဉ်ဆေးပင်တွေ ကုန်သလောက် ဖြစ်နေပြီ"
ရှုဝမ်ချန်းက ရေရွတ်ရင်း အိုးအောက်သို့ ထင်းတုံးအချို့ကို တိုးဝှေ့ထည့်လိုက်ချေသည်။
မီးလျှံများကြောင့် အိုးထဲမှရေသည် လျင်မြန်စွာ ပွက်ပွက်ဆူလာပြီး အတွင်းရှိ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်မှာ ချက်ပြုတ်ထားသော ဂဏန်းတစ်ကောင်ကဲ့သို့ တစ်ကိုယ်လုံး နီရဲလာခဲ့သည်။ ထိုအခါ ရှုဝမ်ချန်းသည် ဝိညာဉ်ဆေးပင်၏ အရွက်များနှင့် အမြစ်အချို့ကို အိုးထဲသို့ ထပ်မံထည့်လိုက်ပြန်သည်။
ထိုဝိညာဉ်ဆေးပင်များမှာ သာမန်မဟုတ်ဘဲ အဆင့်အတန်း မနိမ့်လှသည်မှာ ထင်ရှားလှပေသည်။
ဤဝိညာဉ်ဆေးပင်များနှင့် 'ပေါင်းခံခြင်း' ကုထုံးတို့ ပေါင်းစပ်မှုကြောင့် ဆေးဖက်ဝင်အာနိသင်များသည် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်အတွင်းသို့ အလုံးအရင်းဖြင့် စီးဝင်သွားပြီး မေ့လဲနေသော သူ့ကို အိုးထဲတွင်ပင် လျင်မြန်စွာ ပြန်လည်သက်သာလာစေခဲ့သည်။
"ဒီတစ်ကြိမ် ဒဏ်ရာက တော်တော်ပြင်းထန်တာမို့ ပြန်ကောင်းဖို့ အချိန်နည်းနည်းတော့ ယူရလိမ့်မယ်" ဟု ရှုဝမ်ချန်းက အေးတိအေးစက် ရေရွတ်လိုက်သည်။
ချင်ယွမ်ဖုန်း ပြန်လည်နိုးထလာချိန်တွင် ပတ်ဝန်းကျင် ရှုခင်းမှာ အလွန်ပင် ရင်းနှီးနေပြီး ခန္ဓာကိုယ်မှာလည်း ယခင်ကကဲ့သို့ ဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ လုံးဝပြန်လည်ကောင်းမွန်နေပြီ ဖြစ်သည်။
ထို့အပြင် လွန်ခဲ့သော နှစ်လကထက်ပင် ခန္ဓာကိုယ်အင်အားက ပိုမိုတောင့်တင်းလာပြီး တစ်ချက်ထိုးလိုက်ရုံဖြင့် ဒုတိယအဆင့် ဘိုးဘေးနယ်ပယ်၏ စွမ်းအားကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေချေပြီ။
ခန္ဓာကိုယ်အတွင်းရှိ မူလချီစွမ်းအင် လှည့်ပတ်မှုနှုန်းမှာလည်း များစွာမြန်ဆန်လာရာ ကိုယ်တွင်း၌ မူလချီများ ဒလဟော စီးဆင်းနေသည့် အသံကိုပင် ချင်ယွမ်ဖုန်းက ပြတ်ပြတ်သားသား ကြားနေရသည်။
ဤအရာက ချင်ယွမ်ဖုန်း၏ အင်အားကို ကြီးမားစွာ တိုးတက်စေခြင်းပင် ဖြစ်ပေရာသည်။
"ဆရာ. ကျွန်တော် ရေခဲသားရဲဘုရင်ကို သတ်လိုက်နိုင်ပြီလား" ဟု ချင်ယွမ်ဖုန်းက အမြန် မေးမြန်းလိုက်သည်။
"သေပြီ"
ရှုဝမ်ချန်းက ခပ်အေးအေး ပြောရင်း လက်သီးဆုပ်ခန့်ရှိသော ရေခဲတုံးတစ်ခုကို ချင်ယွမ်ဖုန်းထံသို့ တိုက်ရိုက် ပစ်ပေးလိုက်သည်။
ယင်းက ရေခဲသားရဲဘုရင် သေဆုံးပြီးနောက် ထွက်ပေါ်လာသော ရေခဲသားရဲ၏ မိစ္ဆာအနှစ်သာရလုံးပင် ဖြစ်သည်။ ချင်ယွမ်ဖုန်း နိုးလာလျှင် ဤပစ္စည်းကို တောင်းဆိုလိမ့်မည်ကို ရှုဝမ်ချန်း သိရှိသဖြင့် အလွယ်တကူ ထုတ်ပေးလိုက်ခြင်း ဖြစ်ချေသည်။
"ကောင်းလိုက်တာ" ချင်ယွမ်ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
"တကယ့်ကို ထူးဆန်းတာပဲ။ မင်းခန္ဓာကိုယ်ထဲမှာ သားရဲမီးလျှံရှိပြီး ကြမ်းတမ်းတဲ့ သိုင်းပညာရပ်တွေကို ကျင့်ကြံထားတာ ဖြစ်လျက်နဲ့ ဘာလို့ ရေခဲဓာတ်စွမ်းအင်နဲ့ ကိုက်ညီနေရတာလဲ"
ရှုဝမ်ချန်းက မျက်မှောင်ကြုတ်လျက် ချင်ယွမ်ဖုန်းကို စိုက်ကြည့်လိုက်သည်။ စိတ်ဝင်စားစရာ အရာတစ်ခုကို ရှာဖွေတွေ့ရှိသွားသော စူးစမ်းလိုစိတ်ပြင်းပြသည့် ပညာရှင်တစ်ဦး၏ အကြည့်ကဲ့သို့ပင် ဖြစ်ချေသည်။
ချင်ယွမ်ဖုန်းသည် ရင်ထဲမှ ထိတ်လန့်သွားပြီး "ဆရာ. အများကြီး မတွေးပါနဲ့၊ ဒါက တကယ်ကို တိုက်ဆိုင်မှုသက်သက်ပါ၊ တိုက်ဆိုင်မှုသက်သက်ပါ" ဟု ဆိုလိုက်သည်။
ရှုဝမ်ချန်းက ခေါင်းညိတ်ကာ "ထားလိုက်ပါတော့၊ ငါလည်း ဒီကိစ္စတွေထဲ ဝင်မစွက်ဖက်ပါဘူး" ဟု ပြောသည်။
ထိုအခါမှ ချင်ယွမ်ဖုန်းသည် သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချနိုင်တော့သည်။ ရှုဝမ်ချန်းက စိတ်ကူးပေါက်ပြီး သူ့ကို ဖမ်းဆီးကာ သုတေသနပြုရန် ကြွက်ဖြူကဲ့သို့ အသုံးပြုမည်ကို သူက တကယ်ပင် ကြောက်ရွံ့နေမိခြင်း ဖြစ်သည်။
ရှုဝမ်ချန်းက လက်လျှော့လိုက်သည်ကို မြင်မှသာ ချင်ယွမ်ဖုန်း စိတ်အေးသွားရတော့သည်။ သို့သော်လည်း ရေခဲသားရဲဘုရင်၏ မိစ္ဆာအနှစ်သာရလုံးကို ရရှိခဲ့သဖြင့် ချင်ယွမ်ဖုန်းက အတိုင်းမသိ ဝမ်းမြောက်နေမိသည်။
သူသည် ရေခဲသားရဲခေါင်းဆောင်များ၏ မိစ္ဆာအနှစ်သာရလုံး အမြောက်အမြားကို စုပ်ယူထားပြီး ဖြစ်ရာ ယခုအချိန်တွင် ခန္ဓာကိုယ်အတွင်းရှိ အေးစက်လှသော စွမ်းအားမှာ သားရဲမီးလျှံနှင့် လျှပ်စီးစွမ်းအားနီးပါးအထိ ရောက်ရှိနေပြီ ဖြစ်သည်။
အကယ်၍ ရေခဲသားရဲဘုရင်၏ မိစ္ဆာအနှစ်သာရလုံးကိုသာ ထပ်မံစုပ်ယူလိုက်ပါက သားရဲမီးလျှံနှင့် ရွှေရောင်မိုးကြိုးတို့၏ စွမ်းအားကို အသေအချာ ယှဉ်နိုင်လိမ့်မည် ဖြစ်သည်။
ယခုအခါ ချင်ယွမ်ဖုန်းအနေဖြင့် အသုံးပြုနိုင်သော မတူညီသည့် ဓာတ်စွမ်းအင်သုံးမျိုး ရှိလာပေပြီ။
တစ်ချိန်တည်းမှာပင် သူသည် ရေခဲသားရဲခေါင်းဆောင်၏ မိစ္ဆာအနှစ်သာရလုံး အချို့ကိုလည်း သိမ်းဆည်းထားခဲ့သည်။
ထိုအရာများကို ပြန်ယူသွားပါက ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့သည် အေးစက်သော ကျင့်ကြံခြင်းပညာရပ်များကို ကျင့်ကြံနေကြသူများ ဖြစ်သဖြင့် သူတို့အတွက် အသုံးဝင်စေမည် ဖြစ်သည်။
"ဆရာ... ဒါဆို ကျွန်တော် အခု အထူးလေ့ကျင့်ခန်း ပြီးဆုံးပြီလား" ဟု ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။
ရှုဝမ်ချန်းက ခေါင်းညိတ်လျက် "ပြီးသလောက် ရှိပါပြီ။ ငါ မျှော်လင့်ထားတာထက် တစ်လလောက် စောနေပေမယ့် မင်း ဘိုးဘေးနယ်ပယ်ကိုတော့ မရောက်သေးဘူး" ဟု ဆိုသည်။
ချင်ယွမ်ဖုန်းသည် ဘိုးဘေးနယ်ပယ်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့ကြောင်း သူ မြင်နိုင်သော်လည်း အထူးလေ့ကျင့်ခန်း ပြီးဆုံးသည့်တိုင်အောင် ချင်ယွမ်ဖုန်းက ဖောက်ထွက်နိုင်ခြင်း မရှိသေးသည်မှာ သူ တွက်ဆထားသည်ထက် ကျော်လွန်နေချေသည်။
".. တခြားနည်းလမ်း မရှိတော့ဘူးလေ။ ဘာပဲဖြစ်ဖြစ် အရည်အချင်းကလည်း နည်းနည်းချင်းစီ ပြန်ကောင်းလာဖို့ လိုအပ်တာကိုး။ အခု ကျွန်တော့်ရဲ့ အရည်အချင်းတွေ ပြန်ကောင်းလာဖို့ နည်းနည်းလေးပဲ လိုတော့တယ်လို့ ခံစားရတယ်"
ချင်ယွမ်ဖုန်းက မတတ်နိုင်သည့်အဆုံး ပြောလိုက်ရသည်။
ဤနှစ်လတာကာလအတွင်း ချင်ယွမ်ဖုန်းသည် အခြားမည်သူ့ကိုမျှ မတွေ့မြင်ရဘဲ ဆေးစိမ်နေစဉ်အတွင်း ရှုဝမ်ချန်းနှင့်သာ စကားပြောဆိုခွင့် ရခဲ့သည်။
ထို့ကြောင့် ရှုဝမ်ချန်းသည် ဂူပိုးကောင်အကြောင်းကို အကုန်အစင် သိရှိထားပြီး ဖြစ်ချေသည်။
"နည်းနည်းလေး လိုသေးတာပဲ" ရှုဝမ်ချန်း၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ချင်ယွမ်ဖုန်း၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး ရှုဝမ်ချန်းက အခြား အထူးလေ့ကျင့်ခန်းတစ်ခုခုကို ထပ်မံ ကြံစည်နေသည်ဟု တွေးမိကာ အကြောင်းအရာကို အမြန်ပင် လွှဲပြောင်းလိုက်ရသည်။
"ဆရာက ကျွန်တော် နောက်ကျတာကို အပြစ်ပေးဖို့သက်သက်ပဲ ဒီအထူးလေ့ကျင့်ခန်းကို စီစဉ်ခဲ့တာ မဟုတ်ဘူးမလား" ချင်ယွမ်ဖုန်းက မေးလိုက်သည်။
"ငါက ဘယ်တုန်းက အပြစ်ပေးတယ်လို့ ပြောဖူးလို့လဲ။ ငါက ကျောင်းသားတွေကို ဘယ်တော့မှ အပြစ်မပေးဘူး" ဟု ရှုဝမ်ချန်းက အေးစက်စွာ တုံ့ပြန်သည်။
ချင်ယွမ်ဖုန်းက အလျင်အမြန် ခေါင်းညိတ်ရင်း "ကျွန်တော် စကားမှားသွားတာပါ။ လွတ်သွားတဲ့ သင်ခန်းစာတွေကို အမီလိုက်နိုင်ဖို့အတွက် ဆိုတာ သိပါတယ်၊ ဒါပေမယ့် အဲဒီအတွက်တင် မကဘူးလို့ ထင်တယ်နော်" ဟု ဆိုလိုက်သည်။
ဤအထူးလေ့ကျင့်ခန်းအတွင်း ချင်ယွမ်ဖုန်း အကြီးအကျယ် ဒုက္ခရောက်ခဲ့ရသော်လည်း သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ စွမ်းအား၊ ခံနိုင်ရည်နှင့် စိတ်ဝိညာဉ်ပင်လျှင် များစွာ ပိုမိုတောင့်တင်းလာပြီး အင်အားမှာလည်း သိသိသာသာ တိုးတက်လာခဲ့ပေသည်။
ရှုဝမ်ချန်းက ရှားရှားပါးပါး သက်ပြင်းတစ်ချက် ချလိုက်သည်။ ချင်ယွမ်ဖုန်းအနေဖြင့် ရှုဝမ်ချန်း သက်ပြင်းချသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပေရာ သာမန်အားဖြင့် ရှုဝမ်ချန်းသည် မာကျောခက်ထန်ပြီး လူသားဆန်မှု မရှိသူကဲ့သို့ ထင်မှတ်ရသူ ဖြစ်သည်။
"မင်းနဲ့ ချင်ဝူယန်းတို့ရဲ့ စိန်ခေါ်ပွဲအကြောင်း ငါ ကြားပြီးပြီ။ ငါတို့ ရှန်းဝူအကယ်ဒမီက မြူနှင်းဂိုဏ်းက လူတွေကို ဘာလို့ ရှုံးနိမ့်ရမှာလဲ"
ရှုဝမ်ချန်းက သူ၏ မျက်မှန်ကို အပေါ်သို့ ပင့်တင်ရင်း အေးစက်စွာ ပြောဆိုလိုက်သည်။
ထိုစကားကြောင့် ချင်ယွမ်ဖုန်းသည် ချက်ချင်းပင် အတိုင်းမသိ စိတ်လှုပ်ရှားသွားရတော့သည်။ သူသည် ဆရာကြီးအပေါ် အမြဲတမ်း အထင်လွဲခဲ့မိချေပြီ။
ဆရာကြီးက အမှန်တကယ်ပင် စေတနာကောင်းရှိသော စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။ နှစ်နှစ်အကြာတွင် ဖြစ်ပွားမည့် ချင်ဝူယန်းနှင့် စိန်ခေါ်ပွဲ၌ သူ ရှုံးနိမ့်မသွားစေရန်အတွက် ရှုဝမ်ချန်းက ချင်ယွမ်ဖုန်းကို ပိုမိုသန်မာလာစေရန် ရည်ရွယ်၍ ဤအထူးလေ့ကျင့်ခန်းကို စီစဉ်ပေးခဲ့ခြင်း ဖြစ်ချေသည်။
"ဆရာ... ကျွန်တော် ဆရာအပေါ် အထင်လွဲခဲ့မိပါတယ်" ချင်ယွမ်ဖုန်းက မျက်ရည်ဝဲလျက် အော်ဟစ်လိုက်မိသည်
ရှုဝမ်ချန်းက သူ၏ မျက်မှန်ကို ပင့်တင်လိုက်ပြီး "ရပြီ၊ မင်းရဲ့ ဒဏ်ရာတွေလည်း သက်သာသွားပြီဆိုတော့ ငါ မင်းကို တစ်ရက် နားရက်ပေးမယ်။ သွားတော့" ဟု ဆိုသည်။
"ကျေးဇူးတင်ပါတယ် ဆရာ"
ချင်ယွမ်ဖုန်းက အိုးကြီးထဲမှ တိုက်ရိုက် ခုန်ထွက်လိုက်ရာ ခန္ဓာကိုယ်မှ မီးလျှံများ ပေါက်ကွဲထွက်လာပြီး ကိုယ်ပေါ်ရှိရေများကိုချက်ချင်း ခြောက်သွေ့သွားစေသည်။
ထို့နောက် သူက နွေးထွေးသော အဝတ်အစားများကို ဝတ်ဆင်ကာ သိုလှောင်လက်စွပ်နှင့် ကမ္ဘာဦးအစ စကြဝဠာ အပိုင်းအစတို့ကို ပြန်လည် ဝတ်ဆင်လိုက်ချေသည်။
"ဆရာ. ဒါဆို ကျွန်တော် သွားပြီနော်..." ချင်ယွမ်ဖုန်းက ပြုံးလျက် နှုတ်ဆက်ကာ ခြေလှမ်းနှစ်လှမ်းခန့် ပြေးသွားပြီးနောက် ရုတ်တရက် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားရပြန်သည်။
"မဟုတ်သေးဘူး၊ ဆရာ... ကျွန်တော် ခုနက ကြားတာ မှားသွားတာလား။ တစ်ရက်ပဲ နားရက်ပေးတယ် ဟုတ်လား။ အထူးလေ့ကျင့်ခန်းက မပြီးသေးဘူးလား"
ချင်ယွမ်ဖုန်းက အံ့ဩတုန်လှုပ်စွာ မေးမြန်းလိုက်သည်။
ရှုဝမ်ချန်းက ခေါင်းညိတ်ပြလျက် "မှန်တယ်။ မင်း ဘိုးဘေးနယ်ပယ်ကို မရောက်သေးဘူးလေ၊ အဲဒီတော့ အထူးလေ့ကျင့်ခန်းက မပြီးသေးတာ သဘာဝပဲပေါ့။ သန်းဘက်ခါ နေမထွက်ခင် လေ့ကျင့်ရေးကွင်းကို လာပြီး ငါ့ကို ရှာပါ" ဟု ဆိုလိုက်ချေသည်။
"မဖြစ်နိုင်တာ ဆရာရာ... နောက်ထပ် ဘာဆန်းပြားတဲ့ နည်းလမ်းတွေ ရှိနေဦးမှာလဲ" ချင်ယွမ်ဖုန်းမှာ ငိုချင်စိတ်ပင် ပေါက်လာရတော့သည်။
ပထမဆုံးလတုန်းက နေ့စဉ်တာဝန်က အပြင်းအထန် ပြေးလွှားရခြင်း ဖြစ်သည်။ ဒီနှစ်လအတွင်းမှာတော့ တာဝန်က ရေခဲလိုဏ်ဂူထဲမှာ ထိုအမည်းရောင် တုတ်ရှည်ကြီးကို ရှေ့နောက် ရမ်းခါနေရခြင်း ဖြစ်ပြီး လိုဏ်ဂူထဲက ရေခဲသားရဲတွေကိုလည်း တစ်ပါတည်း ရှင်းလင်းပစ်ရသည်။
တစ်ခုတည်းသော အနားယူချိန်ကတော့ မေ့လဲသွားပြီးနောက် ရှုဝမ်ချန်းက ကျောပိုးခေါ်ဆောင်သွားပြီး အိုးကြီးထဲ ပစ်ထည့်ခံရချိန်သာ ဖြစ်ပေသည်။
အတိအကျ နှစ်လပင် ဖြစ်သည်။ အကယ်၍ ချင်ယွမ်ဖုန်း၏ စိတ်ဓာတ်ကြံ့ခိုင်မှုသာ မပြင်းထန်ပါက သူသည် လွန်ခဲ့သောအချိန်ကတည်းကပင် စိတ်ဓာတ်ပြိုလဲသွားခဲ့ပြီ ဖြစ်ပေတော့သည်။