အခန်း ၄၇၄
Vol. 24 Ch. 474
အခန်း (၄၇၄) - မသေမျိုးနန်းတော်
ယခုမူကား ထူးခြားသည့် လေ့ကျင့်ခန်းများ ထပ်မံပြုလုပ်ရဦးမည်ဟု ဆိုလာချေပြီ။ ရှုဝမ်ချန်းသည် သူ့အား နှိပ်စက်ရသည်ကို အုန်းအုန်းကျွက်ကျွက် စွဲလန်းနှစ်သက်နေလေသလောဟု တွေးတောမိသည်။
“မင်းမှာ ကန့်ကွက်စရာ ရှိလို့လား” ရှုဝမ်ချန်းသည် မျက်မှောင်ကုတ်လျက် ချင်ယွမ်ဖုန်းအား အေးစက်စွာ စိုက်ကြည့်လိုက်၏။
ချင်ယွမ်ဖုန်းသည် တံတွေးတစ်ချက် မျိုချလိုက်ရုံမှတစ်ပါး အခြားမတတ်နိုင်ချေ။
ရှုဝမ်ချန်း၏ အစွမ်းသတ္တိ မည်မျှကြီးမားသည်ကို သူ ကောင်းကောင်းသိရှိထားပြီး ဖြစ်သည်။ လွန်ခဲ့သည့် နှစ်လတာကာလအတွင်း ချင်ယွမ်ဖုန်းသည် ထွက်ပြေးရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း ရှုဝမ်ချန်း၏ ငြှာတာမှုကင်းမဲ့စွာ တားဆီးခြင်းကို ခံခဲ့ရပြီး တစ်ဝက်သေလုနီးပါး အရိုက်ခံခဲ့ရဖူးသည်။
ထိုအချိန်မှစ၍ စီမံခန့်ခွဲရေးမှူး သို့မဟုတ် ဆရာဟူသည် စီမံခန့်ခွဲရေးမှူးကြီးသာဖြစ်ပြီး ကျောင်းသားများထက် အဆပေါင်းများစွာ သာလွန်မြင့်မားကြောင်း ချင်ယွမ်ဖုန်း နားလည်သဘောပေါက်သွားခဲ့ရရှာသည်။
“မရှိပါဘူး၊ ကျွန်တော် အရင်ပြန်နှင့်ပါဦးမယ်” ချင်ယွမ်ဖုန်းသည် လက်ယမ်းပြကာ ရှန်းဝူအကယ်ဒမီဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် ခပ်သွက်သွက် ပြန်လာခဲ့တော့သည်။
တစ်ရက်တည်းသာ ရရှိသည့် ကျောင်းပိတ်ရက်ဖြစ်သဖြင့် ချင်ယွမ်ဖုန်းသည် ထုံးစံအတိုင်း နှစ်လတိုင်တိုင် မတွေ့ရသေးသည့် ယီနန်ကို သွားရောက်တွေ့ဆုံခဲ့သည်။
ယီနန်သည်လည်း ချင်ယွမ်ဖုန်းကို မြင်လိုက်ရသဖြင့် အတိုင်းထက်အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရရှာသည်။
“ဒါနဲ့ ယီနန်၊ မြောက်ဘက် ပင်လယ်ကျွန်းငယ်က နန်းတော်နဲ့ပတ်သက်ပြီး သတင်းတစ်စုံတစ်ရာ ကြားမိသေးလဲ” ချင်ယွုန်းဖုန်းက မေးမြန်းလိုက်၏။
ယီနန်သည် ထိုမေးခွန်းကို ကြားလျှင် ကြားချင်း ခေါင်းကို အလေးအနက် ညိတ်ပြကာ “အခုဆိုရင် ဂိုဏ်းအသီးသီးက မြောက်ဘက် ပင်လယ်ပြင်မှာ ပေါ်လာတဲ့ နန်းတော်အကြောင်းကို သိနေကြပြီ၊ ဒါပေမဲ့ ဘယ်သူမှ အထဲကို မဝင်နိုင်ကြသေးဘူးလို့ သိရတယ်” ဟု ဆိုသည်။
“ကြည့်ရတာ ငါတို့တွေ မင်္ဂလာရှိမယ့် နေ့ရက်ကောင်းကိုပဲ စောင့်ရတော့မယ့်ပုံပဲ” ချင်ယွမ်ဖုန်းက ခပ်အေးအေးပင် မှတ်ချက်ပြုလိုက်သည်။
“ခက်တာက အဲဒါတင်မကသေးဘူး” ယီနန်က သက်ပြင်းချလျက် ခေါင်းကို ခါယမ်းကာ “ဂိုဏ်းအသီးသီးနဲ့ သန့်ရှင်းသော နယ်မြေတွေက စေလွှတ်လိုက်တဲ့ လူအများအပြားဟာ ပင်လယ်ကျွန်းငယ်ရဲ့ အပြင်ဘက်မှာ အချင်းချင်း ပဋိပက္ခဖြစ်ပြီး တိုက်ခိုက်နေကြတယ်၊ အကျအဆုံးတွေလည်း အများကြီးရှိတယ်လို့ ကြားရတယ်၊ အဲဒီ ပင်လယ်ပြင်တစ်ခုလုံး သွေးချင်းချင်းနီနေပြီလို့ တောင် ကောလာဟလတွေ ထွက်နေတာပဲ” ဟု ပြောပြရှာသည်။
“အခုကတည်းက တိုက်ပွဲတွေ ဖြစ်နေကြပြီလား” ချင်ယွမ်ဖုန်းသည် မယုံကြည်နိုင်လောက်အောင် မျက်လုံးများ ပြူးကျယ်သွားရသည်။
ထိုနန်းတော်သည် ပွင့်ပင်မပွင့်သေးချေ။
ထို့ပြင် အထဲတွင် လောကဓာတ်၏ မူလအနှစ်သာရ ရှိမရှိကိုပင် သဲသဲကွဲကွဲ မသိရသေးဘဲ အပြင်ဘက်ရှိ လူများမှာ အသေအလဲ သတ်ဖြတ်နေကြပြီ ဖြစ်ရာ လူသားတို့၏ လောဘဇော တိုက်လှန်မှုကို မြင်တွေ့ရသဖြင့် ချင်ယွမ်ဖုန်း အလွန် ထိတ်လန့်တုန်လှုပ်သွားရသည်။
လူသားတို့၏ ရာဂလောဘ တဏှာကို သူ အမှန်ပင် လျှော့တွက်မိခဲ့ချေပြီ။
“ဟုတ်တယ်၊ လောကဓာတ်၏ မူလအနှစ်သာရအပြင် အဲဒီနန်းတော်ထဲမှာ အခြား အဖိုးတန်ရတနာတွေ ရှိနေဦးမယ်လို့ လူအများစုက သံသယဝင်နေကြတာ” ဟု ယီနန်က ဆိုသည်။
ချင်ယွမ်ဖုန်းသည် ညည်းတွားလျက် သက်ပြင်းရှည်ကြီးကို ချလိုက်မိပြီး “ငါ အမြဲတမ်း ခံစားနေရတာကတော့ အဲဒီနန်းတော်ဟာ ထင်သလောက် မရိုးရှင်းဘူးဆိုတာပဲ၊ ပြီးတော့ ရှောင်ပိုင် ပြောခဲ့တဲ့ စကားတွေကလည်း အမှန်တကယ်ပဲ သံသယဖြစ်စရာ ကောင်းတယ်” ဟု ဆို၏။
“ရှောင်ပိုင်ပြောတဲ့ ‘အဲဒါကြီးက အတု’ ဆိုတာ ဘာကို ဆိုလိုတာလဲ” ယီနန်က မျက်မှောင်ကုတ်လျက် “ရှောင်ပိုင်က နန်းတော်ကြီးတစ်ခုလုံးကို အတုလို့ ပြောတာလား၊ ဒါမှမဟုတ် အထဲက လောကဓာတ်၏ မူလအနှစ်သာရကို အတုလို့ ပြောတာလား” ဟု မေးမြန်းသည်။
“ငါလည်း သေသေချာချာ မသိဘူး၊ ဒါပေမဲ့ ရှောင်ပိုင်ရဲ့ ကြောက်ရွံ့တုန်လှုပ်နေတဲ့ ပုံစံကို ကြည့်ရသလောက်တော့ ဒါတွေအားလုံးဟာ အတုအယောင်တွေ ဖြစ်နေနိုင်တယ်”
ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဖြေကြားလိုက်၏။
“ဒါဆိုရင်… ဘာဖြစ်လို့ အဲဒီလို လုပ်ရတာလဲ” ယီနန်က အရေးကြီးဆုံးသော မေးခွန်းတစ်ခုကို ထုတ်ဖော်မေးမြန်းလိုက်သည်။
အကယ်၍ ဒါတွေအားလုံးသာ အတုအယောင်ဖြစ်ခဲ့လျှင် ဤမျှကြီးမားသော ကိစ္စရပ်ကြီးကို ဖန်တီးခဲ့သည့် လူ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။
သူသည် ဤစကြဝဠာ တိုက်ကြီးပေါ်ရှိ လူသားများ အချင်းချင်း သတ်ဖြတ်နေကြသည်ကို ကြည့်ရှုဖျော်ဖြေလိုရုံသက်သက်မျှသာ လော။
“ငါလည်း မသိဘူး၊ ဒီနေရာမှာ ကြီးမားတဲ့ ပူးပေါင်းကြံစည်မှုကြီးတစ်ခု ရှိနေတယ်လို့ပဲ ခံစားရတယ်” ချင်ယွမ်ဖုန်းက ခေါင်းကို ခါယမ်းကာ “ထားလိုက်ပါတော့၊ ဒါတွေကို မပြောဘဲ ရှောင်ပိုင်ဆီ သွားကြည့်ရအောင်” ဟု ဆိုသည်။
ယီနန်က ခေါင်းညိတ်သဘောတူပြီး ချင်ယွမ်ဖုန်း၏ နောက်မှ လိုက်ပါကာ အနောက်ဘက်ရှိ ဝိညာဉ်သားရဲ ဥယျာဉ်သို့ ထွက်ခွာလာခဲ့ကြသည်။ ဖေးရွှယ်သည် ချင်ယွမ်ဖုန်းကို မြင်လျှင် မြင်ချင်း အနားသို့ တိုးကပ်လာကာ ချစ်ခင်မြတ်နိုးစွာဖြင့် ပွတ်သီးပွတ်သပ် ပြုလုပ်လေသည်။
ဖေးရွှယ်၏ မိဘနှစ်ပါးကမူ ချင်ယွမ်ဖုန်းအား သမီးဖြစ်သူကို ခိုးယူသွားသည့်အတွက် အပြစ်တင်နေသည့်အလား မကျေမနပ်ဖြစ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြဆဲ ဖြစ်သည်။
ဝမ်ချိုင်ကမူ ထောင့်တစ်နေရာတွင် ကွေးကွေးလေး လျောင်းစက်လျက် အိပ်ပျော်နေဟန် တူချေသည်။
ရှောင်ပိုင်သည် ဤရက်ပိုင်းအတွင်း ဝိညာဉ်သားရဲ ဥယျာဉ်ထဲ၌ အလွန်ပင် သက်တောင့်သက်သာ နေထိုင်လျက်ရှိသည်။
သူမသည် မြောက်ဘက်ပင်လယ်ပြင်ရှိ နန်းတော်အကြောင်းကို အတတ်နိုင်ဆုံး မတွေးမိရန် ကြိုးပမ်းနေရှာသည်။
သို့သော်လည်း ညစဉ်ညတိုင်း အိပ်ပျော်သွားသည့် အခါတိုင်းတွင်မူ ထိတ်လန့်ဖွယ်ရာ အိပ်မက်ဆိုးများကြောင့် လန့်နိုးလာရစမြဲ ဖြစ်သည်။
သူမ၏ အိပ်မက်ထဲတွင် မိစ္ဆာတစ်ကောင်က မြောက်ဘက်သို့ မသွားရန် သတိပေး ခြိမ်းခြောက်နေခဲ့သည်။
သူမသည် ဤအိပ်မက်အကြောင်းကို ကျောင်းအုပ်ကြီးအား ပြောပြခဲ့သော်လည်း ကျောင်းအုပ်ကြီးသည်ပင် ရှောင်ပိုင် အဘယ်ကြောင့် ဤကဲ့သို့သော အိပ်မက်ဆိုးကို မက်ရသည်ကို အဖြေရှာမရ ဖြစ်နေခဲ့သည်။
“ရှောင်ပိုင်” ချင်ယွမ်ဖုန်းနှင့် ယီနန်တို့သည် ရှောင်ပိုင်၏ ရှေ့မှောက်သို့ ရောက်ရှိလာကြသည်။
ရှောင်ပိုင်က သူတို့ကို ကြည့်ကာ ခေါင်းညိတ်ပြသော်လည်း မျက်နှာတွင်မူ ပြုံးရွှင်မှု အရိပ်အယောင် မရှိလှချေ။
“ဒီရက်ပိုင်း နေလို့ကောင်းရဲ့လား” ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။
“အဆင်ပြေပါတယ်” ရှောင်ပိုင်က တည်ငြိမ်စွာပင် “ဖြစ်နိုင်ရင်တော့ ငါ ဒီနေရာမှာပဲ ထာဝရ နေသွားချင်တယ်” ဟု ဆိုရှာသည်။
“ဒါက မခက်ပါဘူး၊ မင်း ဒီကနေ မထွက်သွားနဲ့ပေါ့” ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောလိုက်၏။
ရှောင်ပိုင်သည် ချင်ယွမ်ဖုန်းကို ကြည့်ကာ သက်ပြင်းချလျက် ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်မိသည်။
ရှောင်ပိုင် စိတ်မသက်မသာ ဖြစ်နေသည်ကို မြင်ရသဖြင့် ချင်ယွမ်ဖုန်းသည် ခပ်သွက်သွက်ပင် ထရပ်ကာ ဝိညာဉ်သားရဲ ဥယျာဉ်အတွင်း ဟိုဟိုသည်သည် လှည့်လည်ကြည့်ရှုနေလိုက်တော့သည်။
ဝိညာဉ်သားရဲ ဥယျာဉ်အတွင်း၌ ဖေးရွှယ်တို့ မိသားစုအပြင် အခြားသော မိစ္ဆာသားရဲ အများအပြားလည်း ရှိနေသေးသည်။
သို့သော် ၎င်းတို့ကို ရှန်းဝူအကယ်ဒမီက ယဉ်ပါးအောင် သေသေချာချာ လေ့ကျင့်ပေးထားသဖြင့် ပုံမှန်အားဖြင့် သောင်းကျန်းရူးသွပ်ခြင်း မရှိကြချေ။
ယီနန်သည် ထိုအခွင့်အရေးကို အသုံးပြု၍ ရှောင်ပိုင်နှင့် ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက် သူတို့ သုံးဦးသား လူစုခွဲခဲ့ကြသည်။
ရှုဝမ်ချန်းသည် သူ့အား နောက်ထပ် မည်သည့် စမ်းသပ်စစ်ဆေးမှုမျိုး ပေးဦးမည်ကို ချင်ယွမ်ဖုန်း မသိသော်လည်း သူသည် အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်သည်။
ယခုအချိန်တွင် သူ၏ အရည်အချင်းမှာ လုံးဝ ပြန်လည်ကောင်းမွန်လာပြီဖြစ်ပြီး ကျင့်စဉ်အဆင့်၏ အတားအဆီး ကန့်သတ်ချက်မှာလည်း လှုပ်ခတ်သက်ဝင်နေပြီဖြစ်ရာ မကြာမီအချိန်အတွင်း အဆင့်တက်လှမ်းနိုင်တော့မည့်အလား ရှိနေသည်။
ပါးလွှာသော အလွှာတစ်လွှာကိုသာ ကျော်ဖြတ်နိုင်ခဲ့လျှင် ချင်ယွမ်ဖုန်းသည် ဘိုးဘေးနယ်ပယ်သို့ တက်လှမ်းနိုင်တော့မည် ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် စာသင်ခန်းသို့ မသွားဘဲ မိမိ၏ အိပ်ဆောင်၌သာ သီးသန့်နေထိုင်လျက် ဘိုးဘေးနယ်ပယ်သို့ တက်လှမ်းနိုင်ရန်အတွက် မြေကမ္ဘာရိုးတွင်းခြင်ဆီရည် အချို့ကို သောက်သုံးကာ ကျင့်ကြံအားထုတ်နေခဲ့သည်။
သို့သော်လည်း တစ်မွန်းလွဲခင်းလုံး ကြိုးပမ်းသော်လည်း ချင်ယွမ်ဖုန်းသည် အဆင့်တက်လှမ်းနိုင်ခြင်း မရှိသေးချေ။
ထိုအခြင်းအရာကြောင့် ချင်ယွမ်ဖုန်းသည် အနည်းငယ် စိတ်ပျက်အားလျော့သွားရသည်။
သူသည် မျက်လုံးများကို ဖွင့်ကာ ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်ရာ ကောင်းကင်ကြီးမှာ မှောင်မိုက်နေပြီ ဖြစ်သည်။
ရေခဲသားရဲဘုရင်၏ မိစ္ဆာအနှစ်သာရလုံးကို သတိရမိသဖြင့် ချင်ယွမ်ဖုန်းသည် တစ်ဖန် ပြန်လည် စိတ်လှုပ်ရှားတက်ကြွလာကာ မိစ္ဆာအနှစ်သာရလုံးကို ခပ်မြန်မြန် ထုတ်ယူပြီး အထဲတွင်ရှိသော ရေခဲဓာတ်စွမ်းအင် အားလုံးကို အငမ်းမရ စုပ်ယူလိုက်တော့သည်။
ချက်ချင်းဆိုသလိုပင် ချင်ယွမ်ဖုန်းသည် မိမိ၏ခန္ဓာကိုယ်အတွင်းရှိ ရေခဲစွမ်းအားမှာ ပိုမိုတောင့်တင်းခိုင်မာလာပြီး သားရဲမီးလျှံနှင့် ရွှေရောင်မိုးကြိုးတို့၏ စွမ်းအားနှင့်ပင် တန်းတူရင်ဘောင်တန်းနိုင်ပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။
ဤအခြေအနေက ချင်ယွမ်ဖုန်းကို အတိုင်းထက်အလွန် ဝမ်းမြောက်လှုပ်ရှားသွားစေသည်။ သာမန် သိုင်းပညာရှင်တစ်ဦးအနေဖြင့် ဓာတ်စွမ်းအားတစ်ခုတည်းကိုသာ အသုံးပြုနိုင်လျှင်ပင် အလွန်အမင်း အစွမ်းထက်လှပြီဖြစ်သော်လည်း ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ထဲတွင်မူ ဓာတ်စွမ်းအား သုံးခုအထိ ရှိနေသဖြင့် အခြားသူများထက် များစွာ သာလွန်မြင့်မားနေချေပြီ။
ထို့ပြင် အနာဂတ်တွင်လည်း ချင်ယွမ်ဖုန်းသည် အခြားသော ဓာတ်စွမ်းအားများကို ဆက်လက်စုပ်ယူနိုင်ဦးမည် ဖြစ်သည်။
အခြားသူများ တိုက်ခိုက်လျှင် မီးဓာတ်တစ်ခုတည်းသာ ထွက်ပေါ်လာမည် ဖြစ်သော်လည်း သူ တိုက်ခိုက်သည့် အခါတွင်မူ ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေ ဟူသော ဓာတ်ကြီးငါးပါးလုံး တစ်ပြိုင်နက်တည်း ထွက်ပေါ်လာမည် ဖြစ်ရာ တွေးကြည့်ရုံမျှဖြင့်ပင် ချင်ယွမ်ဖုန်း အလွန် စိတ်လှုပ်ရှားမိလေသည်။
ထိုအချိန်တွင် ဝမ်ဝူးနှင့် မာထျန်းတို့သည် အိပ်ဆောင်သို့ ပြန်လည်ရောက်ရှိလာကြသည်။ ၎င်းတို့သည် ယနေ့ ချင်ယွမ်ဖုန်း အနားယူနေသည်ကို သိရှိကြသဖြင့် စားစရာအမြောက်အမြားကို အထူးတလည် ဝယ်ယူလာခဲ့ကြရာ ချင်ယွမ်ဖုန်း အလွန်ပင် စိတ်လှုပ်ရှားကာ ကျေးဇူးတင်မိရှာသည်။
ယခုအခါ အကယ်ဒမီအတွင်း အပြောအများဆုံး အကြောင်းအရာမှာ မြောက်ဘက်ရှိ နန်းတော်အကြောင်းပင် ဖြစ်သည်။
အကြောင်းမူကား ထိုနန်းတော်၏ အပြင်ဘက် ပင်မတံခါးကြီးပေါ်တွင် 'မသေမျိူးအရှင်' ဟူသော စာလုံး ရေးထိုးထားသည့် ကမ္ပည်းပြားတစ်ခု ချိတ်ဆွဲထားသည်ဟု ကောလာဟလများ ထွက်ပေါ်နေသောကြောင့် ၎င်းကို 'မသေမျိူး နန်းတော်' ဟု အမည်ပေး ခေါ်ဆိုနေကြခြင်း ဖြစ်သည်။
“ဒါနဲ့ မာထျန်း၊ မင်းရဲ့ စိတ်အာရုံထဲမှာလည်း အဲဒီလို ပုံရိပ်တွေ ပေါ်လာခဲ့တာလား” ချင်ယွမ်ဖုန်းက အစာစားရင်း လှမ်းမေးလိုက်၏။
မာထျန်းက ခေါင်းညိတ်ပြကာ “ဟုတ်တယ်၊ ငါလည်း အဲဒီတုန်းက တော်တော်လေး ဝေခွဲမရ ဖြစ်သွားခဲ့ရတာ” ဟု ဆိုသည်။
ဝမ်ဝူးသည် ထိုစကားကို ကြားလျှင် အနည်းငယ် စိတ်အားငယ်သွားရရှာသည်။ ဤအိပ်ဆောင်ရှိ လူသုံးဦးအနက် သူတစ်ဦးတည်းသာ မသေမျိုး နန်းတော်၏ စိတ်အာရုံ ပုံရိပ်များကို မရရှိခဲ့ခြင်း ဖြစ်သည်။
အကယ်ဒမီအတွင်း ဤစိတ်အာရုံ ပုံရိပ်များကို လက်ခံရရှိကြသည့် ကျောင်းသားများမှာ ထူးချွန်ထက်မြက်သည့် ကျောင်းသားများသာ ဖြစ်ကြရာ မိမိကိုယ်ကို အရည်အချင်း မပြည့်မီသေးသောကြောင့် ဖြစ်မည်ဟု ဝမ်ဝူး နားလည်ထားသည်။
“စိတ်ဓာတ်မကျပါနဲ့၊ ငါ မသေမျိူးနန်းတော်ကို သွားတဲ့အခါ မင်းအတွက် လက်ဆောင်တစ်ခုခု သေသေချာချာ ယူခဲ့ပေးပါ့မယ်” ဟု မာထျန်းက ပြုံးလျက် အားပေးစကား ဆိုလိုက်သည်။
ဝမ်ဝူးက ပြုံးကာ ခေါင်းခါယမ်းလိုက်ပြီး “မင်းတို့ နှစ်ယောက်လုံး ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ရင်ပဲ ငါ့အတွက် အကောင်းဆုံး လက်ဆောင်ဖြစ်ပါပြီ” ဟု ပြန်လည်ပြောကြားလေသည်။
ထိုသို့ဖြင့် သူတို့ သုံးဦးသား အချင်းချင်း ကြည့်ကာ တဟားဟား ရယ်မောလိုက်ကြတော့သည်။
အတိအကျပင် ထိုစဉ် ဖြစ်ပွားချေသည်။
အရိပ်မည်းကြီးတစ်ခုသည် ချင်ယွမ်ဖုန်း၏ အိပ်ဆောင် ပြတင်းပေါက်အပြင်ဘက်သို့ ရုတ်ခြည်း ဆင်းသက်လာခဲ့ရာ သူတို့ သုံးဦးလုံး ထိတ်လန့်တုန်လှုပ်သွားကြရတော့သည်။