အခန်း ၄၇၅
Vol. 24 Ch. 475
အခန်း (၄၇၅)အထူးလေ့ကျင့်ခန်းကို ဆက်လက်လုပ်ဆောင်ခြင်း
ဤမျှ မိုးချုပ်လှည့်မှ မည်သူများ ရောက်ရှိလာသနည်းဟု ချင်ယွမ်ဖုန်း တစ်ယောက် သိလိုစိတ် ပြင်းပြစွာဖြင့် ရှေ့သို့ လှမ်းလျှောက်သွားမိချေသည်။
ယင်းသို့ ပြတင်းပေါက်အနီးသို့ အရောက်တွင်မူ ကန့်လန့်ကာအပြင်ဘက်မှ ကြီးမားထွားကျိုင်းလှသော သားရဲလက်သည်းကြီးတစ်ဖက် ရုတ်ချည်း ထိုးဝင်လာပြီးလျှင် ချင်ယွမ်ဖုန်းအား အပြင်ဘက်သို့ ဆွဲထုတ်သွားလေတော့သည်။
မာထျန်းနှင့် ဝမ်ဝူးတို့သည် လျှပ်စီးပမာ ပြတင်းပေါက်ဆီသို့ ပြိုင်တူပြေးလွှားသွားကြသော်လည်း ကောင်းကင်ယံထက်သို့ ချင်ယွမ်ဖုန်း ပါရှိသွားသည်ကိုသာ မြင်တွေ့လိုက်ရချေသည်။
"ဒါ... ဖေးရွှယ်ရဲ့ အဖေ...မလား..." မာထျန်းသည် ကောင်းကင်ပြင်တွင် ပျံသန်းနေသော ဧရာမသတ္တဝါကြီးကို ကြည့်ရှုရင်း အံ့အားသင့်စဖွယ် ရေရွတ်မိရှာသည်။
"ဟုတ်ပုံရတယ်... ယွမ်ဖုန်းတစ်ယောက် သူ့ကို ဘာများ ပြစ်မှားမိပြန်ပြီလဲ မသိဘူး..." ဝမ်ဝူးကလည်း ဝေခွဲမရသည့် မျက်နှာပေးဖြင့် မေးမြန်းလိုက်သည်။
ချင်ယွမ်ဖုန်းသည် ဖေးရွှယ်အား ခိုးယူရန် ကြံစည်ခဲ့ဖူးသည်ကို ပြန်လည်အမှတ်ရမိကာ နှစ်ဦးသား သက်ပြင်းကိုသာ အဖန်ဖန် ချမိကြလေတော့သည်။
"ဒီလိုပဲ ဖြစ်မှာပေါ့လေ... ဘယ်အဖေမဆို မိမိသမီးကို ရင်ခွင်ထဲကနေ အထွက်ခွာခံချင်ပါ့မလဲ..." မာထျန်းက တတ်နိုင်ခြင်းမရှိသည့် လေသံဖြင့် ဆိုသည်။
ထိုသို့ဖြင့် မာထျန်းနှင့် ဝမ်ဝူးတို့သည် သက်ပြင်းကိုယ်စီ ချရင်း ခေါင်းကိုသာ ရမ်းခါမိကြချေသည်။ ထို့နောက် ဝေးကွာသွားသော ချင်ယွမ်ဖုန်း၏ ကျောပြင်ကို လက်လှမ်းပြ နှုတ်ဆက်ကာ အဆောင်ခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။
အဆိုပါ သတ္တဝါကြီးမှာ အစောင့်အရှောက်နဂါးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် ၎င်းတို့အနေဖြင့် စိုးရိမ်ပူပန်ခြင်း မရှိကြတော့ပေ။
အကြောင်းမူကား အစောင့်အရှောက်နဂါးသည် ရှန်းဝူအကယ်ဒမီတွင် နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီဖြစ်ရာ အကယ်ဒမီ၏ အစိတ်အပိုင်းတစ်ခုသဖွယ် ဖြစ်တည်နေခဲ့သောကြောင့်ပင်။
အစောင့်အရှောက်နဂါး၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသော ချင်ယွမ်ဖုန်းမှာမူ ရင်ထိတ်တုန်လှုပ်သွားရသည်။
"ကျွန်တော်ပြောတာလည်း နားထောင်ပါဦး... ဒီတစ်ခါတော့ ငါမင်းကို ဘာမှမပြစ်မှားမိပါဘူး... ဘာလို့ ကျွန်တော့်ကို ဖမ်းခေါ်လာပြန်တာလဲ..." ချင်ယွမ်ဖုန်းက အော်ဟစ်မေးမြန်းလိုက်သည်။
သို့သော်လည်း အစောင့်အရှောက်နဂါးသည် ချင်ယွမ်ဖုန်း၏ စကားကို ပြန်လည်ဖြေကြားခြင်း မရှိဘဲ ကျောင်းတော်၏ အပြင်ဘက် ဆောက်တည်ရာ အရပ်တစ်ခုဖြစ်သည့် မြောက်ဘက်အကျဆုံး တောင်တန်းအောက်ခြေရှိ လေ့ကျင့်ရေးကွင်းပြင်ဆီသို့ လျင်မြန်စွာ ပျံသန်းခေါ်ဆောင်သွားပြီးလျှင် အရှိန်ဖြင့် ဆင်းသက်လိုက်လေတော့သည်။
ချင်ယွမ်ဖုန်းသည် မြေပြင်ပေါ်သို့ ပစ်ချခြင်းခံလိုက်ရသဖြင့် လဲကျသွားရာမှ အလျင်အမြန် ပြန်လည်ထရပ်ကာ "ကျွန်တော် ထမင်းတောင် ဝဝလင်လင် မစားရသေးဘူး... ဒါ ဘာလုပ်တာလဲ..." ဟု အပြစ်တင်စကား ဆိုလိုက်သည်။
ယင်းသို့ ပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် ကြီးမားလှသော ဖိအားကြီးတစ်ခု သက်ရောက်လာသည်ကို ရုတ်ချည်း ခံစားလိုက်ရချေသည်။
ဤသည်ကား... နဂါးဟိန်းသံအရှိန်အဝါပင်။
အနောက်ဘက် ပျံလွှားနဂါးများနှင့် အရှေ့ဘက် နဂါးစစ်စစ်တို့အကြား ကွာခြားချက် ကြီးမားလှသော်ငြား နဂါးမျိုးနွယ်စုများ ဖြစ်ကြသည့်အတွက်ကြောင့် ၎င်းတို့တွင် နဂါးတို့၏ ဘုန်းတန်ခိုး အရှိန်အဝါ ရှိနေကြသည်မှာ မလွဲဧကန်ဖြစ်ရာ ထိုအရှိန်အဝါကို များသောအားဖြင့် ထိန်းချုပ်ထားလေ့ ရှိကြသည်။
ထိုနဂါးအရှိန်အဝါ ပျံ့လွင့်လာသည်နှင့်အမျှ ချင်ယွမ်ဖုန်းသည် မိမိ၏ခန္ဓာကိုယ်ကြီးမှာ အဆမတန် လေးလံထိုင်းမှိုင်းသွားသည်ဟု ခံစားလိုက်ရပြီး လက်ညှိုးတစ်ချောင်းမျှ လှုပ်ရှားရန်ပင် အလွန်တရာ ခဲယဉ်းလှပေရာသည်။
"အစောင့်အရှောက်နဂါး.. မင်းဘာလုပ်မလို့လဲ..." ချင်ယွမ်ဖုန်းသည် လွန်စွာ တုန်လှုပ်ခြောက်ခြားသွားပြီး ကင်းစောင့် မည်သို့ကြံစည်နေသည်ကို နားမလည်နိုင်အောင် ဖြစ်ရချေသည်။
ကျောင်းတော်သို့ ပြန်ရောက်ကတည်းက မိမိသည် အထူးလေ့ကျင့်ခန်းများကိုသာ လုပ်ဆောင်နေခဲ့ပြီး ဖေးရွှယ်အား သွားရောက်ရန်စခြင်း လုံးဝမရှိခဲ့ချေ။
ဖေးရွှယ်မှတစ်ပါး အစောင့်အရှောက်နဂါးအနေဖြင့် မိမိအား တိုက်ခိုက်ရမည့် အခြားအကြောင်းရင်းကို ရှာမတွေ့နိုင်တော့ပေ။
အစောင့်အရှောက်နဂါးသည် ချင်ယွမ်ဖုန်းအား မထင်မဲ့မြင် ပြုသည့် အကြည့်ဖြင့် ကြည့်ရှုလိုက်ပြီးနောက် ၎င်း၏ အတောင်ပံကြီးကို ရုတ်ချည်း ဝေ့ယမ်းလိုက်ချေသည်။
ချင်ယွမ်ဖုန်းသည် ရှောင်တိမ်းရန် ကြံစည်သော်လည်း ခန္ဓာကိုယ်မှာ လေးလံလွန်းလှသဖြင့် မလှုပ်ရှားနိုင်တော့ချေ။
အထူးလေ့ကျင့်ခန်းများ ပြုလုပ်ထားခဲ့သည့်တိုင်အောင် ဤနဂါးအရှိန်အဝါအောက်တွင်မူ ချင်ယွမ်ဖုန်း၏ ခွန်အားမှာ မပြောပလောက်အောင် အားနည်းလွန်းလှပေသည်။
အစောင့်အရှောက်နဂါး၏ ကျင့်စဉ်အစစ်အမှန်မှာ နတ်သားရဲနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်တန်ရာသည်၊ သို့တည်းမဟုတ် သန့်ရှင်းသော သားရဲနယ်ပယ်သို့ပင် ဝင်ရောက်နေပြီ ဖြစ်တန်ရာသည်။
မည်သို့ပင်ဆိုစေကာမူ လက်ရှိ ချင်ယွမ်ဖုန်း၏ အခြေအနေမှာ အသားလှီးခုံပေါ်က ငါးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး စိတ်တိုင်းကျ ခြယ်လှယ်ခြင်းကို ခံရတော့မည့် အလားပေတည်း။
အစောင့်အရှောက်နဂါး၏ အတောင်ပံသည် လေတိုးသံပြင်းပြင်းနှင့်အတူ ချင်ယွမ်ဖုန်း၏ ရှေ့မှောက်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာပြီးလျှင် အတောင်ပံဖျားဖြင့် ချင်ယွမ်ဖုန်း၏ မျက်နှာကို ခပ်ပြင်းပြင်း ရိုက်နှက်လိုက်လေသည်။
ချင်ယွမ်ဖုန်းသည် မျက်နှာတစ်ခြမ်းလုံး ချက်ချင်း ဖူးယောင်တက်လာသည်ဟု ခံစားလိုက်ရပြီး ခန္ဓာကိုယ်မှာ နောက်ပြန်လွင့်စင်ကာ မြေပြင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ကျရောက်သွားရှာသည်။
"ဟေး... လူတစ်ဖက်သားရဲ့ မျက်နှာကိုတော့ မရိုက်သင့်ဘူး မဟုတ်လား..." ချင်ယွမ်ဖုန်းသည် လွန်စွာ နာကျည်းဝမ်းနည်းမိချေသည်။
သို့သော်လည်း အစောင့်အရှောက်နဂါးသည် ချင်ယွမ်ဖုန်း၏ ပြောစကားကို မကြားချင်ယောင်ဆောင်ကာ ပြင်းထန်လှသော တိုက်ခိုက်မှုများကို ဆက်တိုက်ဆိုသလို ကျူးလွန်တော့သည်။
အစောင့်အရှောက်နဂါးသည် အခြားသော တန်ခိုးစွမ်းအားများကို အသုံးပြုခြင်းမရှိဘဲ အတောင်ပံများနှင့် လက်သည်းများဖြင့်သာ ချင်ယွမ်ဖုန်းအား ရက်ရက်စက်စက် ရိုက်နှက်ပုတ်ခတ်လေသည်။
ထိုနဂါးအရှိန်အဝါအောက်တွင်မူ ချင်ယွမ်ဖုန်းသည် အနည်းငယ်မျှပင် ပြန်လည်ခုခံနိုင်ခြင်း မရှိချေ။
ဤသို့ အရိုက်အနှက် ခံရခြင်းသည် အလွန်တရာ ကြာမြင့်လှသောကြောင့် ချင်ယွမ်ဖုန်းသည် သုံးကြိမ်တိုင်တိုင် မေ့မြောသွားခဲ့ရပြီး အစောင့်အရှောက်နဂါးက နှိုးလိုက်သည့်အခါမှသာ ပြန်လည်သတိရလာရချေသည်။
ယခုအခါတွင်မူ သူ၏မျက်နှာမှာ ဝက်ခေါင်းပမာ ဖူးယောင်နေပြီး ခန္ဓာကိုယ်အနှံ့တွင်လည်း ဒဏ်ရာဒဏ်ချက်များစွာ ရရှိနေခဲ့ပြီဖြစ်သည်။ အရိုးပေါင်း မည်မျှ ကျိုးပဲ့သွားသည်ကို မသိရသော်လည်း အပြင်ပန်း သွေးထွက်သံယို ဒဏ်ရာဟူ၍မူ တစ်ခုမျှ မရှိချေ။
အကယ်၍ ချင်ယွမ်ဖုန်းသည် သုံးလကြာ အထူးလေ့ကျင့်ခန်းများကို ပြုလုပ်ကာ ခန္ဓာကိုယ်၏ ခံနိုင်ရည်စွမ်းအားကို မြှင့်တင်ထားခြင်း မရှိခဲ့ပါက ဤမျှကြာအောင် ကြံ့ကြံ့ခံနိုင်လိမ့်မည် မဟုတ်ပေ။
အစောင့်အရှောက်နဂါးသည် ဒေါသအာဃာတများ ပြေပျောက်သွားပုံရပြီး နဂါးအရှိန်အဝါ ဖိနှိပ်မှုကို လျှော့ချပေးလိုက်ကာ ချင်ယွမ်ဖုန်းအား နောက်ပြောင်ကျီစယ်လိုသော မျက်လုံးများဖြင့် ကြည့်ရှုနေချေသည်။
"ရွှေရုပ်တုတောင် ဒေါသထွက်တတ်သေးတာပဲ... ကျွန်တော် တကယ် ဒေါသထွက်လာပြီ..."
ချင်ယွမ်ဖုန်းသည် မြေပြင်ပေါ်တွင် လဲလျောင်းရင်း ညည်းတွားနေရှာပြီး ကြည့်ရသည်မှာ အလွန် သနားစဖွယ် ကောင်းလှပေသည်။
ထိုစဉ် ကောင်းကင်စွန်းမှ လူရိပ်တစ်ခု လျင်မြန်စွာ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ ထိုသူသည် ရှန်းဝူအကယ်ဒမီအတွင်းမှ ပျံသန်းလာခြင်းဖြစ်ပုံရပြီး ချင်ယွမ်ဖုန်း၏ အနောက်ဘက်သို့ အရှိန်ဖြင့် ဆင်းသက်လိုက်ချေသည်။
ချင်ယွမ်ဖုန်းသည် ထိုသူကို မြင်တွေ့လိုက်ရသောအခါ ကယ်တင်ရှင်ကြီးကို တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး မြေပြင်ပေါ်တွင် လူးလိမ့်လျက် ထိုသူ၏ ခြေဖျားနားသို့ တိုးကပ်သွားကာ ဝမ်းနည်းကြေကွဲမှု အပြည့်ဖြင့် မျက်နှာမူလိုက်သည်။
"ဆရာ.. ကျွန်တော့်ကို ကယ်ပါဦး... အစောင့်အရှောက်နဂါး ရူးသွားပြီ ထင်တယ်..." ချင်ယွမ်ဖုန်းက နာကျင်ကြေကွဲစွာဖြင့် အော်ဟစ်ငိုယိုရှာသည်။ မျက်နှာတစ်ခုလုံး ဖူးယောင်နေသောကြောင့် စကားလုံးများမှာ သဲသဲကွဲကွဲ မရှိလှချေ။
ရောက်ရှိလာသူမှာ အခြားသူမဟုတ်ဘဲ ရှုဝမ်ချန်း ပေတည်း။
ရှုဝမ်ချန်းက သက်ပြင်းတစ်ချက်ချကာ "အင်း... အစောင့်အရှောက်နဂါး မင်း ဘာတွေလုပ်နေတာလဲ..." ဟု မေးမြန်းလိုက်သည်။
ချင်ယွမ်ဖုန်းသည် မျှော်လင့်ချက် ရောင်ခြည်ကို မြင်တွေ့လိုက်ရပြီး ရှုဝမ်ချန်းက မိမိအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးလိမ့်မည်ဟု ထင်မှတ်မိချေသည်။
သို့သော်လည်း နောက်တစ်စက္ကန့်တွင်မူ ချင်ယွမ်ဖုန်းအား သွေးပျက်သွားစေမည့် စကားလုံးများကို ကြားလိုက်ရလေတော့သည်။
"သူ့ကို မနက်ဖြန်မှ မင်းဆီ ခေါ်လာခဲ့မယ်လို့ ငါပြောထားသားပဲ... ဘာလို့ ဒီညကြီး လာဖမ်းခေါ်ရတာလဲ... ကြည့်စမ်း... မင်း သူ့ကို လူရုပ်မပေါက်အောင် ရိုက်နှက်ထားလိုက်ပြီ..." ရှုဝမ်ချန်းက တတ်နိုင်ခြင်းမရှိသည့် လေသံဖြင့် ဆိုချေသည်။
ချင်ယွမ်ဖုန်းသည် မြေပြင်ပေါ်တွင် နောက်တစ်ကြိမ် လူးလိမ့်ကာ ရှုဝမ်ချန်းနှင့် ဝေးရာသို့ ရုန်းကန်ရွေ့လျားသွားမိသည်။
ယခုအခါတွင်မူ သူသည် ရှုဝမ်ချန်းအား နတ်ဆိုးတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်ရှုနေမိတော့သည်။
ထိုသို့ဆိုလျှင် ဤအရာအားလုံးမှာ ကျောင်းဆရာ၏ စီစဉ်မှုသာ ဖြစ်ချေသည်။
ကင်းစောင့် ရူးသွပ်သွားရခြင်းမှာ ကျောင်းဆရာ၏ ညွှန်ကြားချက်ကြောင့် ဖြစ်နေသည်မှာ မလွဲဧကန်ပင်။
ချင်ယွမ်ဖုန်းသည် ဤနေရာမှ အလျင်အမြန် ထွက်ပြေးချင်စိတ်သာ ရှိတော့သော်လည်း ရှုဝမ်ချန်းက ရှေ့သို့ လှမ်းလျှောက်လာပြီး ချင်ယွမ်ဖုန်း၏ ခြေထောက်ကို ဆွဲကာ နောက်သို့ ပြန်လည်ဆွဲခေါ်ခဲ့ချေသည်။
အစောင့်အရှောက်နဂါးသည်လည်း နောင်တရသည့် အရိပ်အယောင် စိုးစဉ်းမျှမရှိဘဲ ချင်ယွမ်ဖုန်းအား အေးစက်စက်တစ်ချက် ကြည့်ရှုပြီးနောက် အတောင်ပံများကို ခတ်ခတ်ကာ ရှန်းဝူအကယ်ဒမီဆီသို့ တိုက်ရိုက် ပျံသန်းပြန်လည်သွားလေတော့သည်။
"ဆရာ..." ချင်ယွမ်ဖုန်းသည် မျက်ရည်ဝိုင်းနေသော မျက်ဝန်းများဖြင့် ရှုဝမ်ချန်းအား ကြည့်ရှုလိုက်မိသည်။
ရှုဝမ်ချန်းက သူ၏ မျက်မှန်ကို အသာအယာ ပင့်တင်လိုက်ပြီး တည်ငြိမ်အေးစက်သော မျက်နှာပေးဖြင့်ပင်-
"အစောင့်အရှောက်နဂါးက မင်းကို ဒီည လာဖမ်းလိမ့်မယ်လို့ ငါမထင်ထားမိဘူး... မင်း ဖေးရွှယ်ကို ခိုးယူဖို့ ကြံစည်ခဲ့တုန်းက အာဃာတ ရှိနေခဲ့လို့ ထင်ပါတယ်... ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ငါမင်းကို ပေးမယ့် နောက်ထပ် အထူးလေ့ကျင့်ခန်းပဲ..." ဟု အေးစက်စက် ဆိုသည်။
"အထူးလေ့ကျင့်ခန်း ဟုတ်လား... အရိုက်ခံရတာက အထူးလေ့ကျင့်ခန်းလား..." ချင်ယွမ်ဖုန်းက နားမလည်နိုင်သည့် မျက်နှာပေးဖြင့် မေးမြန်းလိုက်သည်။
ရှုဝမ်ချန်းက ခေါင်းညိတ်ပြကာ "စိတ်မပူပါနဲ့... အစောင့်အရှောက်နဂါးနဲ့ ငါ သဘောတူညီချက် ရယူထားပြီးသားပါ... သူ မင်းကို အသက်အန္တရာယ်ဖြစ်အောင် လုပ်မှာမဟုတ်ဘူး..." ဟု ဆိုချေသည်။
"မဖြစ်နိုင်တာ ဆရာရာ... အရိုက်ခံရတာက ဘယ်လိုလုပ်ပြီး အထူးလေ့ကျင့်ခန်း ဖြစ်နိုင်မှာလဲ..." ချင်ယွမ်ဖုန်းမှာ ငိုချင်စိတ် ပေါက်သွားရသည်။
"အရိုက်ခံရတာကလည်း ပညာရပ်တစ်ခုပဲလေ... ဘယ်လိုနည်းနဲ့ တိုက်ခိုက်မှုကို အနည်းဆုံးသော ထိခိုက်မှု ဖြစ်အောင် ခံယူမလဲဆိုတာ လေးနက်တဲ့ ဘာသာရပ်တစ်ခုပဲ... ဆက်ပြီး ကြိုးစားပါဦး..."
ရှုဝမ်ချန်းသည် ချင်ယွမ်ဖုန်း၏ ပုခုံးကို အသာအယာ ပုတ်လိုက်ပြီးနောက် လေ့ကျင့်ရေးကွင်းပြင်မှ လျင်မြန်စွာ ထွက်ခွာသွားလေတော့သည်။
ချင်ယွမ်ဖုန်း တစ်ယောက် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွားရချေသည်။ မိမိသည် နဂါးအရှိန်အဝါ၏ ဖိနှိပ်မှုကို ခံထားရပါလျှင် မည်သို့ တုံ့ပြန်နိုင်ပါမည်နည်း၊ တိုက်ခိုက်မှုများကိုသာ ငြိမ်ခံနေရုံမှတစ်ပါး အခြားမရှိချေ။
သူသည် ဆီးနှင်းများအကြားတွင် လဲလျောင်းရင်း အလွန်တရာ အထီးကျန်လှသည်ဟု ခံစားနေရသည်။
ဤညဉ့်သည်ကား အိပ်စက်၍မရနိုင်သော ညတစ်ည ဖြစ်ပေလိမ့်မည်၊ အကြောင်းမူကား ဒဏ်ရာများ၏ နာကျင်မှုကြောင့် အိပ်ပျော်ရန် မဖြစ်နိုင်သောကြောင့်ပင်။
သို့သော်လည်း အစောင့်အရှောက်နဂါး၏ ရိုက်နှက်ချက်များသည် ပြင်းထန်လှသော်ငြား အတိုင်းအတာတစ်ခုအထိ ထိန်းညှိထားခြင်း ဖြစ်သည်။
ချင်ယွမ်ဖုန်းအနေဖြင့် ဤဒဏ်ရာများကို တစ်ညတာအတွင်း ပြန်လည်သက်သာစေနိုင်မည်ဖြစ်ရာ နောက်ရက်တွင်လည်း ဤအထူးလေ့ကျင့်ခန်းကို ဆက်လက်လုပ်ဆောင်နိုင်ပေလိမ့်မည်။