← Chapters

အခန်း ၄၇၆

Vol. 24 Ch. 476

အခန်း ၄၇၆

Vol. 24 Ch. 476

အခန်း (၄၇၆) နှိပ်စက်ညှဉ်းပန်းခြင်း

တစ်ညတာ ကုန်လွန်သွားသောအခါ ချင်ယွမ်ဖုန်း၏ ထူးကဲလှသော ကိုယ်ခံစွမ်းအားနှင့် ဒဏ်ရာအလိုအလျောက် ပျောက်ကင်းနိုင်စွမ်းကြောင့် ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာအနာတဆာ အားလုံးမှာ သက်သာပျောက်ကင်းသွားခဲ့ချေပြီ ဖြစ်သည်။

အစောင့်အရှောက်နဂါး၏ တိုက်ခိုက်မှုများမှာ ပြင်းထန်လှသည် မှန်သော်လည်း ချင်ယွမ်ဖုန်းအား အိပ်ရာထဲက မထနိုင်လောက်သည်အထိ ဖြစ်မသွားစေခဲ့ပေ။

သို့ရာတွင် ချင်ယွမ်ဖုန်းမှာမူ အဆောင်ခန်းထဲမှ အပြင်သို့ လုံးဝမထွက်လိုတော့ပေ။ ဤနောက်ဆုံးအဆင့် အထူးလေ့ကျင့်ရေးမှာ အစောင့်အရှောက်နဂါးနှင့် ရှုဝမ်ချန်းတို့က သူ့အား နှိပ်စက်ရန် တိုင်ပင်ကြံစည်ထားသော အကွက်တစ်ခုသာ ဖြစ်သည်ဟု သူ အမြဲတစေ ခံစားနေရသောကြောင့် ဖြစ်သည်။

သို့သော်လည်း အခြေအနေအရပ်ရပ်မှာ သူဖြစ်ချင်သလို ဖြစ်မလာခဲ့ပေ။ ရှုဝမ်ချန်းသည် လေ့ကျင့်ရေးကွင်းတွင် ချင်ယွမ်ဖုန်းအား မတွေ့ရသောအခါ အဆောင်ခန်းသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်လာပြီး သူ့ခြေထောက်မှ ဆွဲကာ အပြင်သို့ တရွတ်တိုက် ဆွဲထုတ်သွားခဲ့လေသည်။

ထိုပုံစံမှာ လူသေကောင်တစ်ခုအား ဆွဲထုတ်လာသည့်နှိုင်း ပမာတူလှသည်။

ချင်ယွမ်ဖုန်းမှာ အစောင့်အရှောက်နဂါး၏ ရှေ့မှောက်သို့ အဓမ္မ ဆွဲခေါ်ခြင်း ခံလိုက်ရလေသည်။

အစောင့်အရှောက်နဂါးသည် ချင်ယွမ်ဖုန်းအား မြင်သည်နှင့် သူ၏ မျက်လုံးများမှာ အရောင်တောက်သွားခဲ့သည်။

"ဆရာ ကျွန်တော့်ကို လွှတ်ပေးပါဦး..." ချင်ယွမ်ဖုန်းက သနားစရာကောင်းလောက်အောင်ပင် တောင်းပန်တိုးလျှိုးရှာသည်။

ရှုဝမ်ချန်းက သူ၏ မျက်မှန်ကို အသာပင့်တင်လိုက်ရင်း "အောင့်အီးသည်းခံလိုက်စမ်းပါ" ဟု ခပ်အေးအေးပင် ဆိုလိုက်၏။

"ကျွန်တော်..."

ချင်ယွမ်ဖုန်းတစ်ယောက် ဆဲရေးတိုင်းထွာသည့် စကားပင် မဆုံးသေးမီမှာပင် နဂါးတစ်ကောင်၏ အရှိန်အဝါ ဩဇာတိက္ကမမှာ သူ့အပေါ်သို့ ရုတ်ခြည်း ကျရောက်လာခဲ့ချေပြီ။

ထို့နောက်တွင်မူ အစောင့်အရှောက်နဂါးသည် လေမုန်တိုင်းအလား ပြင်းထန်လှသော တိုက်ခိုက်မှုများကို တစ်ကိုယ်လုံး အနှံ့အပြား၊ နေရာလပ်မကျန် ရွာသွန်းဖြိုးချသကဲ့သို့ စတင်တိုက်ခိုက်လေတော့သည်။

ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်မှာ အနောက်သို့ အကြိမ်ကြိမ် လွင့်စင်သွားရပြီး သူ၏ အော်ဟစ်ညည်းတွားသံမှာလည်း ဝက်တစ်ကောင် အသတ်ခံရသည့်နှယ် စူးစူးဝါးဝါး ထွက်ပေါ်လာခဲ့သည်။

ရှုဝမ်ချန်းကမူ အနားတွင် ရပ်ကြည့်လျက် ချင်ယွမ်ဖုန်း အရိုက်ခံနေရသည်ကို အေးစက်စက် အကြည့်တို့ဖြင့် ကြည့်ရှုနေပြီး အလွန်ပင် ကျေနပ်အားရနေသည့် ပုံစံမျိုး ပေါက်နေချေသည်။

ချင်ယွမ်ဖုန်းသည် နေ့စဉ်နှင့်အမျှ အစောင့်အရှောက်နဂါး၏ အရိုက်အနှက်ကို ဤကဲ့သို့ ငြိမ်ခံမနေလိုသဖြင့် ပြန်လည်ခုခံရန် စိတ်အားထက်သန်လာမိသည်။

နဂါး၏ အရှိန်အဝါ ဩဇာအောက်တွင်ပင် ချင်ယွမ်ဖုန်းသည် ကိုယ်တွင်းစွမ်းအင်ကိုပင် မနည်းလှုံ့ဆော်နိုင်ခဲ့သော်လည်း ထိုကိုယ်တွင်းစွမ်းအင်မှာ ခန္ဓာကိုယ်အပြင်ဘက်သို့ ရောက်ရှိသွားသောအခါ လေလည်လိုက်သကဲ့သို့ အလွန်ပင် ပမာဏ အနည်းငယ်မျှသာ ရှိတော့သည်။

ဤသည်က အစောင့်အရှောက်နဂါး၏ ဒေါသကို ပိုမိုဆွပေးသကဲ့သို့ ဖြစ်သွားပြီး ချင်ယွမ်ဖုန်းအား ပိုမိုပြင်းထန် ရုန်းရင်းဆန်ခတ်စွာ တိုက်ခိုက်လေတော့သည်။

"ကိုယ်တွင်းစွမ်းအင် သုံးလို့မရရင်လည်း ခွန်အားပဲ သုံးတော့မယ်"

ချင်ယွမ်ဖုန်းက အော်ဟစ်ကြိမ်းမောင်းလိုက်ပြီးနောက် တစ်ခဏချင်းတွင်ပင် နဂါး၏ အရှိန်အဝါ ဖိနှိပ်မှုကို ကျော်ဖြတ်ကာ လက်သီးတစ်ချက်ကို ပြင်းထန်စွာ ထိုးနှက်လိုက်လေသည်။

သူ၏ လက်သီးချက်သည် အစောင့်အရှောက်နဂါး၏ ရင်ဘတ် တည့်တည့်သို့ ထိမှန်သွားခဲ့သည်။

အစောင့်အရှောက်နဂါးက ချင်ယွမ်ဖုန်းကို ကြည့်ကာ ကျေနပ်သည့်အလား ခေါင်းညိတ်ပြလိုက်ပြီးနောက် ပိုမိုကြီးမားလှသော နဂါးအရှိန်အဝါကို ထပ်မံထုတ်လွှတ်ကာ ဖိနှိပ်လိုက်ရာ ချင်ယွမ်ဖုန်းမှာ ဒူးထောက်လုနီးပါးပင် ဖြစ်သွားရရှာသည်။

ချင်ယွမ်ဖုန်းတစ်ကိုယ်လုံး ချွေးရွှဲအိုင်နေကာ ခန္ဓာကိုယ်မှ နာကျင်မှုများကိုပင် ဂရုမစိုက်နိုင်တော့ပေ၊ သို့သော်လည်း အစောင့်အရှောက်နဂါး၏ ရှေ့တွင် သူသည် လုံးဝ ဒူးမထောက်နိုင်ပေ။

သူသည် မလျှော့သော ဇွဲဖြင့် မတ်မတ်ရပ်ကာ တစ်ကိုယ်လုံး တုန်ရီနေလျက် အစောင့်အရှောက်နဂါးအား စိုက်ကြည့်နေမိသည်။

"မဆိုးဘူး... မဆိုးဘူး..." ထိုအချိန်တွင် ရှုဝမ်ချန်းက ခပ်အေးအေးပင် လှမ်းပြောလိုက်ပြီး "အစောင့်အရှောက်နဂါး... မင်း သူ့ကို နည်းနည်းလောက် ပိုပြီး ပြင်းပြင်းထန်ထန် ရိုက်လို့ရတယ်" ဟု ဆိုလေသည်။

ချင်ယွမ်ဖုန်းမှာ ချက်ချင်းပင် အားအင်များ ဆုတ်ယုတ်သွားပြီး ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားတော့သည်။

"ဆရာ... ကျွန်တော် ရှင်းပြပါရစေဦး..."

သို့သော်လည်း အစောင့်အရှောက်နဂါးမှာ ချင်ယွမ်ဖုန်းအား ရှင်းပြခွင့် မပေးတော့ဘဲ ပိုမိုပြင်းထန်သော တိုက်ခိုက်မှုများကို မိုးပမာ ရွာချလိုက်ရာ ချင်ယွမ်ဖုန်းမှာ မြေကြီးထဲသို့ပင် စိုက်ဝင်သွားမတတ် ဖြစ်ရလေသည်။

ဤနေ့ရက်သည် ချင်ယွမ်ဖုန်းအတွက် အရှည်လျားဆုံးသော နေ့တစ်နေ့ပင် ဖြစ်တော့သည်။

ချင်ယွမ်ဖုန်းသည် နာကျင်လှသော ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲကာ အဆောင်ခန်းသို့ မနည်းတွားသွား ပြန်လာခဲ့ရသည်။

"ဒါက နှိပ်စက်တာပဲ... ဒါက အထင်အရှား သက်သက်ညှဉ်းပန်းနှိပ်စက်တာ..." ချင်ယွမ်ဖုန်းက ကုတင်ပေါ်သို့ တွားတက်လိုက်ရင်း မကျေမနပ်ဖြင့် အော်ဟစ်လေတော့သည်။

မာထျန်းနှင့် ဝမ်ဝူးတို့သည် ချက်ချင်းပင် အပြေးအလွှား ရောက်ရှိလာကြပြီး ချင်ယွမ်ဖုန်းအား ကုတင်ပေါ်သို့ တွဲတင်ပေးကာ ထမင်းစားဆောင်မှ အစားအစာများကိုပင် ယူဆောင်ပေးကြသည်။

"မင်းတို့ကတော့ ငါ့အပေါ် အကောင်းဆုံးပဲ" ချင်ယွမ်ဖုန်းက စားသောက်ရင်း ငိုကြွေးရှာသော်လည်း သူ၏ မျက်လုံးများမှာ လျှပ်စစ်မီးသီးကြီးများကဲ့သို့ ဖူးဖူးယောင်နေသဖြင့် မျက်ရည်ပင် ထွက်မလာနိုင်တော့ပေ။

ချင်ယွမ်ဖုန်း၏ သနားစရာကောင်းလှသော အဖြစ်ကို မြင်ရသောအခါ ထိုနှစ်ယောက်မှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရရှာသည်။

ယခင်က ကျောင်းသားသစ်များကို ဦးဆောင်ကာ ချန်ပီယံလုပွဲတွင် အောင်ပွဲခံခဲ့စဉ်က ချင်ယွမ်ဖုန်း၏ သူရဲကောင်းဆန်သော အရှိန်အဝါများမှာ ယခုအချိန်တွင် မည်သည့်နေရာသို့ ရောက်ရှိပျောက်ကွယ်သွားပြီနည်း။

"ဟမ်း... ညီအစ်ကို... မင်းကို ငါပြောစရာတစ်ခု ရှိတယ်" မာထျန်းက လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး ပြောလိုက်၏။

"ပြောလေ" ချင်ယွမ်ဖုန်းက "မင်းတို့နှစ်ယောက်လုံး ငါ့အကျိုးကို ကြည့်ပေးတယ်ဆိုတာ ငါသိပါတယ်" ဟု ဆိုသည်။

"တကယ်တော့..." မာထျန်းက အနည်းငယ် တွန့်ဆုတ်နေဟန်ဖြင့် "ကျောင်းဆရာ ရှုက မင်းကို စောင့်ကြည့်ထားဖို့၊ ထွက်မပြေးစေဖို့နဲ့ နေ့တိုင်း အိပ်ရာကနေ နှိုးပေးဖို့ ငါတို့ကို အမိန့်ပေးထားတာ" ဟု ပြောလိုက်လေသည်။

ချင်ယွမ်ဖုန်းမှာ ဆွံ့အသွားရပြီးနောက် ချက်ချင်းပင် ဆဲရေးတိုင်းထွာလေတော့သည်။

"သစ္စာဖောက်တွေ... မင်းတို့ ငါ့ကို သစ္စာဖောက်လိုက်ကြတာပေါ့... ပူးပေါင်းကြံစည်ကြတာ... ပူးပေါင်းကြံစည်ကြတာ..."

ချင်ယွမ်ဖုန်းသည် အလွန်တရာ မကျေမနပ် ဖြစ်သွားရကာ "မရဘူး... ငါ ကျောင်းအုပ်ကြီးဆီ သွားပြောမယ်... ကျောင်းအုပ်ကြီးဆီ သွားပြီး တိုင်တန်းမယ်" ဟု အော်ဟစ်လေသည်။

မာထျန်းနှင့် ဝမ်ဝူးတို့သည် တံခါးဝသို့ တိတ်တဆိတ် ရွှေ့သွားကြပြီး တံခါးကို ပိတ်ဆို့ထားလိုက်ကြကာ "ဒါကတော့... ငါတို့ မင်းကို တားရလိမ့်မယ်... မဟုတ်ရင် ဒုက္ခရောက်မှာက ငါတို့ ဖြစ်သွားလိမ့်မယ်" ဟု ဆိုကြ၏။

ချင်ယွမ်ဖုန်းက သူ၏ ညီအစ်ကိုကောင်း နှစ်ယောက်ကို ကြည့်ကာ စိတ်မကောင်းခြင်းကြီးစွာဖြင့် "ဆရာရှုဝမ်ချန်းက မင်းတို့ကို ဘာအကျိုးအမြတ်တွေ ပေးလိုက်လို့ ငါတို့ရဲ့ ညီအစ်ကိုသံယောဇဉ်ကိုတောင် ဂရုမစိုက်ဘဲ ငါ့ကို သစ္စာဖောက်ရတာလဲ" ဟု မေးလိုက်သည်။

ဝမ်ဝူးက သက်ပြင်းတစ်ချက် ချလိုက်ရင်း "ကျောင်းဆရာ ရှုက ပြောတယ်လေ... အကယ်၍ ငါတို့ မင်းကို သေချာစောင့်မကြည့်ရင် မင်းကိုယ်စား ငါတို့ကပဲ အရိုက်ခံရမယ်တဲ့... ငါတို့က စာသင်တန်းတွေ တက်ရဦးမှာ... ပြီးတော့ မင်းလိုမျိုး ထူးဆန်းတဲ့ အနာကျက်စွမ်းရည်လည်း မရှိဘူးလေ... ဒါကြောင့် မင်းလိုမျိုး အဖြစ်ဆိုးနဲ့ မကြုံချင်ဘူး..." ဟု ဆိုရှာသည်။

"ရင်နာစရာကောင်းလိုက်တာ... တကယ်ကို ရင်နာစရာကောင်းတယ်"

ချင်ယွမ်ဖုန်းသည် ကုတင်ပေါ်သို့ တန်းတန်းမတ်မတ် လှဲချလိုက်ပြီး သူ၏ ညီအစ်ကိုနှစ်ယောက်ကို ထပ်မကြည့်ချင်တော့ဟန်ဖြင့် မျက်နှာလွှဲထားလိုက်တော့သည်။

မာထျန်းနှင့် ဝမ်ဝူးတို့လည်း အနည်းငယ် အားနာသွားကြသဖြင့် သူ့အနားသို့ ချက်ချင်း ဝိုင်းလာကြကာ "ယွမ်ဖုန်း... စိတ်မပူပါနဲ့... မနက်ဖြန်ကျရင် မင်းအတွက် ဝက်ကင်တစ်ကောင် ဝယ်လာပေးမယ်လေ" ဟု ချော့မော့ကြသည်။

ချင်ယွမ်ဖုန်းကမူ သူတို့ကို စကားမပြောချင်သဖြင့် တစ်ခွန်းမျှ ပြန်မပြောတော့ပေ။

မာထျန်းနှင့် ဝမ်ဝူးတို့ သက်ပြင်းချကာ ၎င်းတို့၏ ကုတင်များသို့ အသီးသီး ပြန်သွားကြပြီး ကျင့်ကြံခြင်းကိုသာ အာရုံစိုက်လိုက်ကြတော့သည်။

ညဉ့်နက်ပိုင်း ရောက်သောအခါ မာထျန်းနှင့် ဝမ်ဝူးတို့သည် အခါအားလျော်စွာ မျက်လုံးများကို ဖွင့်ကြည့်ကာ ချင်ယွမ်ဖုန်း အိပ်ပျော်၊ မအိပ်ပျော်ကို တိတ်တဆိတ် စစ်ဆေးနေကြဆဲ ဖြစ်သည်။

၎င်းတို့သည် ချင်ယွမ်ဖုန်းကဲ့သို့ အရိုက်အနှက် ခံရမည့်အဖြစ်ကို လုံးဝ မလိုလားကြပေ။

ချင်ယွမ်ဖုန်း နိုးမလာသည်ကို မြင်ရသောအခါမှသာ ၎င်းတို့သည် နောက်ဆုံးတွင် စိတ်အေးသွားကြတော့သည်။

ဤအချိန်တွင် နေထွက်ရန် သုံးနာရီခန့်သာ လိုတော့သဖြင့် ချင်ယွမ်ဖုန်း ထွက်ပြေးမည်ကို မစိုးရိမ်ကြတော့ပေ။

ထိုသို့ တွေးတောရင်း ၎င်းတို့သည် မျက်လုံးများကို ဖြည်းညင်းစွာ ပိတ်လိုက်ကြရာ အံ့ဩစရာကောင်းလောက်အောင်ပင် မျက်ခွံများမှာ ပိုမိုလေးလံလာပြီး နောက်ဆုံးတွင် အိပ်မောကျသွားကြလေတော့သည်။

ထိုအချိန်တွင် ချင်ယွမ်ဖုန်းသည် ကုတင်ပေါ်မှ မျက်လုံးများကို ဖွင့်လိုက်ပြီး လှည့်ကွက်ဆန်သော အပြုံးတစ်ခုကို ပြုံးလိုက်သည်။

"ငါ့ညီအစ်ကို နှစ်ယောက်... တကယ်ပဲ စိတ်မကောင်းပါဘူးကွာ... ဒါပေမဲ့ မနက်ဖြန်တော့ ငါ့ကိုယ်စား မင်းတို့နှစ်ယောက် တစ်ရက်လောက် သွားပြီး အရိုက်ခံပေးဖို့ ဒုက္ခရှာရလိမ့်မယ်"

ချင်ယွမ်ဖုန်းက ခပ်ပြုံးပြုံးဖြင့် ဆိုကာ သူ၏ လက်ထဲမှ ကျောက်စိမ်းပုလင်းငယ်လေးကို ခါယမ်းလိုက်သည်။

ဤအရာမှာ သူကိုယ်တိုင် ဖော်စပ်ထားသော ဆေးဝါးတစ်ခု ဖြစ်ပြီး အာနိသင် အလွန်မပြင်းထန်လှသော်လည်း အိပ်မောကျစေရန်သာ တတ်နိုင်စွမ်းရှိသည်။

မာထျန်းနှင့် ဝမ်ဝူးတို့ကဲ့သို့ အကာအကွယ်မဲ့နေပြီး သူ့ကို စောင့်ကြည့်ရန် ညဉ့်နက်သည်အထိ နေခဲ့သူများအတွက်မူ အထိရောက်ဆုံး ဖြစ်ပေသည်။

"ငါ ကျောင်းအုပ်ကြီးဆီ သွားပြီးတော့ ရှုဝမ်ချန်း ငါ့ကို နှိပ်စက်နေတာကို တားခိုင်းရမယ်" ချင်ယွမ်ဖုန်းသည် တရားမျှတမှု ဆောင်ကျဉ်းပေးမည့် တမန်တော်တစ်ဦးအလား လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်လေသည်။

ချင်ယွမ်ဖုန်းသည် ဝရဇိန်ခန္ဓာပညာရပ်ကို ကျင့်ကြံထားသူ ဖြစ်သည့်အပြင် ရှုဝမ်ချန်း၏ အထူးလေ့ကျင့်ပေးမှုကြောင့် တစ်နေ့ကုန် အထူးဆေးရည်များဖြင့် ရေချိုးထားရသူ ဖြစ်သည်။

ထို့ကြောင့် သူ၏ ခန္ဓာကိုယ် အနာကျက်စွမ်းရည်မှာ အလွန်ပင် ကောင်းမွန်လှချေသည်။ ညဉ့်နက်ပိုင်းမျှသာ ရှိသေးသော်လည်း ချင်ယွမ်ဖုန်း ခန္ဓာကိုယ်ပေါ်ရှိ ဖူးယောင်နေမှု အားလုံးမှာ လျော့ပါးသက်သာသွားခဲ့ပြီ ဖြစ်သည်။

ကျန်ရှိနေသော ဒဏ်ရာအနာတဆာများမှာလည်း မကြာမီ အချိန်အတွင်း အလိုအလျောက် ပျောက်ကင်းသွားပေလိမ့်မည်။

ထို့ကြောင့် ချင်ယွမ်ဖုန်းသည် မျောက်တစ်ကောင်ကဲ့သို့ သွက်လက်ဖျတ်လတ်စွာ လှုပ်ရှားနိုင်သွားခဲ့သည်။

ချင်ယွမ်ဖုန်းသည် လောလောဆယ် လူသူကင်းရှင်းနေသည်ကို အခွင့်ကောင်းယူကာ အဆောင်ခန်းထဲမှ အမြန်ပြေးထွက်ခဲ့ပြီး ကျောင်းအုပ်ကြီး နေထိုင်ရာ နေရာသို့ တည့်တည့်မတ်မတ် ဦးတည်သွားခဲ့လေတော့သည်။

ယနေ့ညတွင် ကျောင်းအုပ်ကြီးနှင့် မတွေ့ဆုံနိုင်ခဲ့လျှင်ပင် ကျောင်းအုပ်ကြီး၏ တံခါးဝတွင် မနက်အစောကြီးအထိ စောင့်ဆိုင်းကာ ဤကိစ္စကို အရင်ဆုံး တိုင်တန်းပြီး ရှုဝမ်ချန်း၏ ယုတ်မာသော လုပ်ရပ်များကို ဖွင့်ချမည်ဟု ချင်ယွမ်ဖုန်းက စိတ်ကူးယဉ်နေမိသည်။

ချင်ယွမ်ဖုန်းသည် ထိုသို့ တွေးတောရင်း ကျောင်းအုပ်ကြီး၏ အိပ်ခန်းအပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။ သူသည် အချိန်အတော်ကြာ တွန့်ဆုတ်နေပြီးနောက် နောက်ဆုံးတွင် ကျောင်းအုပ်ကြီး၏ တံခါးကို ခေါက်လိုက်လေတော့သည်။

သို့သော်လည်း အခန်းတွင်းမှ မည်သည့်အသံမျှ ထွက်မလာဘဲ တိတ်ဆိတ်လျက်သာ ရှိနေချေသည်။

"ကျောင်းအုပ်ကြီး အိပ်ပျော်သွားပြီ ထင်တယ်" ဟု ချင်ယွမ်ဖုန်းက တွေးတောမိနေတော့သည်။

All Chapters