အခန်း ၄၇၇
Vol. 24 Ch. 477
အခန်း (၄၇၇) အစီရင်ခံစာ
ချင်ယွမ်ဖုန်းသည် အခန်းတံခါးကို ခေါင်းတငြိမ့်ငြိမ့်ဖြင့် အတန်ကြာ ခေါက်နေခဲ့သော်လည်း အတွင်းမှ အသံတစ်စုံတစ်ရာ မျှမကြားရဘဲ တိတ်ဆိတ်နေသည်ကို တွေ့ရသဖြင့် လက်ကိုဆန့်ကာ တံခါးကိုသာ တွန်းဖွင့်လိုက်လေသည်။
အခန်းတံခါးနှင့် တည့်တည့်တွင် ခုတင်တစ်လုံးရှိပြီး ထိုခုတင်ထက်၌ လူရိပ်တစ်ရိပ် ထိုင်နေသည်ကို တွေ့ရ၏။
“ကျောင်းအုပ်ကြီး... ”
အခန်းတွင်း၌ မီးထွန်းထားခြင်း မရှိသဖြင့် ချင်ယွမ်ဖုန်းမှာ မချင့်မရဲဖြင့် လှမ်း၍ မေးလိုက်ရခြင်း ဖြစ်ပေသည်။
သို့သော်လည်း ခုတင်ထက်မှ လူရိပ်မှာ မည်သို့မျှ တုံ့ပြန်မှုမရှိဘဲ ငြိမ်သက်နေဆဲဖြစ်ရာ ယင်းက ချင်ယွမ်ဖုန်းကို မျက်မှောင်ကုတ်သွားစေသည်။
ထိုသို့သော တရားမှတ်ခြင်း၊ ကျင့်ကြံခြင်းတို့ကို ပြုလုပ်နေသည်ဆိုစေဦးတော့ ယခုကဲ့သို့ စိတ်လျှော့ထား၍ မဖြစ်တန်ရာပေ။
ထိုသို့မဟုတ်ပါက အလစ်အငိုက် တိုက်ခိုက်ခြင်းကို ခံရလျှင် ခုခံနိုင်စွမ်း လုံးဝရှိတော့မည် မဟုတ်လော။
ချင်ယွမ်ဖုန်းသည် ခုတင်ဆီသို့ တစ်လှမ်းချင်း တိုးကပ်သွားသော်လည်း ထိုအခိုက်မှာပင် အခန်းတွင်းရှိ ဆီမီးခွက်သည် ရုတ်ချည်းပင် လင်းထိန်သွားခဲ့ချေသည်။
တစ်ခန်းလုံး လင်းခနဲ ဖြစ်သွားသဖြင့် ချင်ယွမ်ဖုန်းမှာ မျက်စိကို မဖွင့်နိုင်ဘဲ မှိတ်လိုက်ရပြီးမှ အမြန် ပြန်ဖွင့်ကြည့်လိုက်ရ၏။
ယင်းတွင်မူ သူ၏နှလုံးသားမှာ ချက်ချင်းပင် တုန်လှုပ်ချောက်ချားသွားခဲ့ရပေသည်။
အကြောင်းမူကား ခုတင်ထက်တွင် တရားထိုင်နေသူမှာ ကျောင်းအုပ်ကြီး ကျွမ်ယွမ် မဟုတ်ဘဲ ကျောင်းဆရာ ရှုဝမ်ချန်း ဖြစ်နေသောကြောင့်ပင်။
“ဆရာ.. မင်္ဂလာနံနက်ခင်းပါ...” ချင်ယွမ်ဖုန်းသည် တောင့်တောင့်ကြီး ဖြစ်နေသော သူ၏လက်ကို မနည်းဆန့်ထုတ်ကာ နှုတ်ဆက်လိုက်ရရှာသည်။
ရှုဝမ်ချန်းသည် သူ၏မျက်မှန်ကို အသာပင့်တင်လိုက်ရင်း “သန်းခေါင်ယံအချိန်ကြီးကို မအိပ်ဘဲနဲ့ မင်း ဒီနေရာမှာ ဘာလျှောက်လုပ်နေတာလဲ” ဟု အေးစက်စက် လေသံဖြင့် မေးလိုက်၏။
ချင်ယွမ်ဖုန်း၏ ရင်ထဲတွင်မူ “ဒါက ကျွန်တော့်အမေးကို ဆရာက ပြန်ဖြေရမှာ မဟုတ်ဘူးလား၊ ဆရာက ဘာလို့ ကျောင်းအုပ်ကြီး အခန်းထဲ ရောက်နေရတာလဲ” ဟု အော်ဟစ်လိုက်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေခဲ့သည်။
သို့သော်လည်း ချင်ယွမ်ဖုန်းသည် ထိုသို့ အမှန်တကယ် အော်ဟစ်ရန် မဝံ့ရဲချေ။ အကယ်၍ ယင်းအကြောင်းအရာသာ ပြင်ပသို့ ပေါက်ကြားသွားပါက ကျောင်းအုပ်ကြီးရော၊ ဆရာ ရှုဝမ်ချန်းအတွက်ပါ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ပေရာ ဖြစ်တန်ရာသည်။
“ကျွန်တော်... ဒီအတိုင်း လျှောက်ကြည့်နေတာပါ...” ချင်ယွမ်ဖုန်းက မချိုမချဉ် အပြုံးဖြင့် ပြောလိုက်ရရှာသည်။
“ဒီအတိုင်း လျှောက်ကြည့်နေတာ ဟုတ်လား။ မင်း ငါ့ကို တိုင်တန်းဖို့ လာတာမလား” ရှုဝမ်ချန်းက ခပ်အေးအေးပင် ထပ်မံ မေးခွန်းထုတ်လိုက်ပြန်သည်။
“လုံးဝ မဟုတ်ရပါဘူး...” ချင်ယွမ်ဖုန်းက ပြတ်ပြတ်သားသားပင် ငြင်းဆိုလိုက်ရင်း “ကျွန်တော် တကယ်ပဲ အိပ်မပျော်လို့ လမ်းလျှောက်ထွက်လာတာပါ၊ ဒါပေမဲ့ အခုတော့ အိပ်ချင်လာပြီမို့ ဆရာ ရှုဝမ်ချန်း ကျွန်တော် ပြန်ပါရစေဦး” ဟု ဆိုကာ ချက်ချင်းပင် တံခါးပြင်ပသို့ ဝုန်းခနဲ ပြေးထွက်ခဲ့တော့သည်။
ရှုဝမ်ချန်းမှာမူ မတတ်နိုင်သည့်နှယ် ခေါင်းကို ခါယမ်းရင်း “ကျောင်းအုပ်ကြီးက အခန်းထဲမှာ ကြွက်တွေရှိလို့ ဖမ်းပေးပါဦးဆိုလို့ လာကူညီတာပါ..” ဟု တစ်ဦးတည်း ရေရွတ်ကျန်ရစ်ခဲ့ချေသည်။
ချင်ယွမ်ဖုန်းသည် ဆရာနားနေဆောင်မှသည် ကျောင်းသားဆောင်အထိ တစ်ဟုန်ထိုး ပြေးလာခဲ့ပြီးမှသာ အသက်ကို ဝဝရှူနိုင်တော့သည်။
သူသည် ကျောင်းဝန်းအတွင်းသို့ လှည့်ကြည့်လိုက်ရာ လရောင်အောက်တွင် လူတစ်ယောက် လမ်းလျှောက်နေသည်ကို တွေ့ရသဖြင့် သေချာစွာ စူးစိုက်ကြည့်မိသောအခါ ထိုသူမှာ အခြားသူမဟုတ်ဘဲ ကျောင်းအုပ်ကြီး ဖြစ်နေသည်ကို တွေ့လိုက်ရပေသည်။
“ကျောင်းအုပ်ကြီး...”
ချင်ယွမ်ဖုန်းသည် ကောင်းကင်ပြိုမတတ် အော်ဟစ်ရင်း ကျောင်းအုပ်ကြီး၏ ခြေရင်းသို့ ဒူးထောက်လဲကျကာ သူ၏ခြေထောက်ကို ဖက်တွယ်လျက် သနားစဖွယ် မျက်နှာပေးဖြင့် ငိုယိုတော့သည်။
ကျောင်းအုပ်ကြီးသည်လည်း ချင်ယွမ်ဖုန်း၏ အပြုအမူကြောင့် ကြောင်အမ်းသွားရပြီး “ဒါ... ယွမ်ဖုန်း မဟုတ်လား၊ ဘာဖြစ်လို့လဲ၊ ထပါဦး၊ ငါ့ကို အေးအေးဆေးဆေး ပြောပါဦး” ဟု ဆိုရတော့သည်။
ချင်ယွမ်ဖုန်းသည် နှာရည်တရွှဲရွှဲ၊ မျက်ရည်တဖြိုင်ဖြိုင်ဖြင့် ရှုဝမ်ချန်း၏ နှိပ်စက်ညှဉ်းပန်းမှုများကို ရင်ဖွင့်ကာ ပုံကြီးချဲ့၍ ပြောဆိုတော့ရာ ရှုဝမ်ချန်းကို အစွယ်တစွန်းစွန်းဖြင့် မိစ္ဆာတစ်ကောင်ကဲ့သို့ ပုံဖော်လေတော့သည်။
ယင်းစကားများကို ကြားရပြီးနောက် ကျောင်းအုပ်ကြီးသည် အသာအယာ ရယ်မောလိုက်၏။
“ယွမ်ဖုန်း...” ကျောင်းအုပ်ကြီးက ချင်ယွမ်ဖုန်း၏ ပုခုံးကို ပုတ်ပေးရင်း “ငါ့ကိုယုံစမ်းပါ၊ ဝမ်ချန်းက မင်း ကောင်းဖို့အတွက် လုပ်ပေးနေတာပါ” ဟု ဆိုသည်။
“ကျွန်တော့် ကောင်းဖို့အတွက် ဟုတ်လာ...” ချင်ယွမ်ဖုန်းမှာ စိတ်ကို မထိန်းနိုင်တော့ဘဲ ထပ်မံ ငိုကြွေးချင်စိတ် ပေါ်လာပြီး “သူတို့က ကျွန်တော့်ကို ညှဉ်းပန်းနှိပ်စက်နေကြတာ၊ နေ့တိုင်း အဆောင်ကို ပြန်ရောက်ရင် တစ်ကိုယ်လုံး နာကျင်လွန်းလို့ အိပ်တောင် မအိပ်နိုင်ဘူး...” ဟု ပြောရှာသည်။
ကျောင်းအုပ်ကြီးကမူ ခေါင်းကို ခါယမ်းလိုက်ပြီး ယင်းနှင့်မသက်ဆိုင်သော အခြားအကြောင်းအရာ တစ်ခုကို ပြောင်းလဲပြောဆိုခဲ့ပေသည်။
“ယွမ်ဖုန်း... ဒီလိုနည်းလမ်းတွေ အားလုံးကို ဘယ်သူ တီထွင်ခဲ့လဲဆိုတာ မင်း သိလား” ကျောင်းအုပ်ကြီးက တည်ငြိမ်စွာ မေးလိုက်၏။
“ဆရာကြီး တီထွင်ခဲ့တာ ဟုတ်လား...” ချင်ယွမ်ဖုန်းမှာ ထိတ်လန့်သွားပြီး ‘ဒါက ကျားတွင်းက လွတ်ပြီး ဝံပုလွေတွင်းထဲ ရောက်သွားတာ မဟုတ်ပါလား၊ ဒါဆို ကျောင်းအုပ်ကြီးက ကျောင်းသားတွေကို နှိပ်စက်တဲ့နေရာမှာ စီနီယာ ဝါရင့် ပညာရှင်ကြီးပေါ့’ ဟု ရင်ထဲ၌ တွေးတောနေမိတော့သည်။
“ဟိုးတုန်းက... ဝမ်ချန်းဟာလည်း မင်းလိုပဲ အကယ်ဒမီမှာ အထူးချွန်ဆုံး တရားဝင်တပည့် တစ်ယောက် ဖြစ်ခဲ့ဖူးတယ်၊ အခုလို အေးစက်စက် နေတတ်တဲ့သူမျိုးလည်း မဟုတ်ခဲ့ဘူး၊ ဒါပေမဲ့ တစ်ခုသော အဖြစ်အပျက်က ဝမ်ချန်းကို လုံးဝ ပြောင်းလဲသွားစေခဲ့တယ်” ဟု ကျောင်းအုပ်ကြီးက စတင် ပြောပြလေသည်။
“အဖြစ်အပျက်တစ်ခု ဘာဖြစ်ခဲ့လို့လဲ ” ချင်ယွမ်ဖုန်းက မမေးဘဲ မနေနိုင်တော့ပေ။
“ရှန်းဝူ စကြဝဠာ တိုက်ကြီးဟာ တစ်ချိန်က ထူးခြားဆန်းပြားပြီး အလွန်တရာ တောက်ပတဲ့ အချိန်ကာလတစ်ခုကို ဖြတ်သန်းခဲ့ဖူးတယ်ဆိုတာ မင်း သိမှာပေါ့”
ချင်ယွမ်ဖုန်းက ခေါင်းကို အမြန် ညိတ်လိုက်သည်။ ထိုတောက်ပသော အချိန်ကာလမှာ ရှန်းဝူ စကြဝဠာ တိုက်ကြီးသို့ တစ်ပါးကျွန်းသား မိစ္ဆာများ မကျူးကျော်မီ အချိန်က ဖြစ်တန်ရာပြီး ထိုစဉ်က နတ်ဘုရားများမှာ ဒဏ္ဍာရီတစ်ခုမျှသာ မဟုတ်ခဲ့ပေ။
“အဲဒီအချိန်ကာလ ကုန်ဆုံးသွားပြီးတဲ့နောက် ရှေးဟောင်းအပျက်အစီး နေရာတွေ အများကြီး ကျန်ရစ်ခဲ့တယ်၊ အဲဒီနေရာတွေဟာ ရှန်းဝူ စကြဝဠာ တိုက်ကြီးရဲ့ ဘယ်နေရာမှာမဆို ဝှက်ကွယ်နေနိုင်ပြီး အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ ပေါ်လာတတ်ကြတယ်၊ သန့်ရှင်းသော နယ်မြေ အသီးသီးက သူတို့ရဲ့ တပည့်တွေကို အတွေ့အကြုံ ရစေဖို့နဲ့ အပျက်အစီးတွေထဲမှာ ကျန်ရစ်ခဲ့တဲ့ ရတနာတွေကို ရှာဖွေဖို့ စေလွှတ်လေ့ရှိကြတယ်”
“ဒါနဲ့ ဆရာ ရှုဝမ်ချန်းနဲ့ ဘာဆိုင်လို့လဲ” ချင်ယွမ်ဖုန်းက အလျင်စလိုပင် မေးလိုက်ပြန်သည်။
“ဝမ်ချန်း ကျောင်းသား ဘဝတုန်းက ငါဟာလည်း ကျောင်းဆရာ တစ်ယောက်ပေါ့၊ ရှေးဟောင်း အပျက်အစီး တစ်ခုကို သွားရောက် ကျင့်ကြံတဲ့ ခရီးစဉ်တစ်ခုမှာ သူနဲ့အတူ လိုက်ပါသွားခဲ့တဲ့ တပည့်တွေ အားလုံးဟာ သူ့မျက်စိရှေ့တင်ပဲ အသတ်ခံလိုက်ရရှာတယ်...” ကျောင်းအုပ်ကြီး ကျွမ်ယွမ် ထိုသို့ ပြောဆိုစဉ်တွင် သူ၏လေသံမှာ အလိုလို လေးလံသွားခဲ့ရပေသည်။
ချင်ယွမ်ဖုန်း၏ နှလုံးသားမှာ ဒိတ်ခနဲ ဖြစ်သွားရ၏။ ထိုအဖြစ်အပျက်သည် ရှုဝမ်ချန်း၏ ရင်ထဲတွင် နက်ရှိုင်းသော စိတ်အာဃာတနှောင်ကြိုးတစ်ခု ဖြစ်ကျန်ရစ်ခဲ့သည်မှာ သေချာလှပေသည်။
“တစ်ဖွဲ့လုံးမှာ သူတစ်ယောက်တည်းပဲ အသက်ရှင် ကျန်ရစ်ခဲ့တယ်၊ သူ အကယ်ဒမီကို ပြန်ရောက်လာတဲ့ အချိန်ကစပြီး အခုလို ဖြစ်သွားခဲ့တော့တာပဲ၊ ငါလည်း သူ့ကို ဘယ်လို စိတ်ပိုင်းဆိုင်ရာ အကြံပေးရမှန်း မသိတာနဲ့ အထူးကျင့်စဉ်တွေကိုပဲ ပြုလုပ်ခိုင်းခဲ့ရတယ်” ဟု ကျောင်းအုပ်ကြီးက အေးဆေးစွာ ဆိုသည်။
ချင်ယွမ်ဖုန်းမှာ ရုတ်ချည်း သဘောပေါက်သွားခဲ့ရပေပြီ။ ထိုအထူးကျင့်စဉ်မှာ ကျောင်းအုပ်ကြီး ကိုယ်တိုင် ရှုဝမ်ချန်းအတွက် ရည်ရွယ်၍ ဖန်တီးပေးခဲ့ခြင်း ဖြစ်ပေသည်။
“ဝမ်ချန်းဟာ အဲဒီလို ထိုးနှက်ချက်ကြောင့် စိတ်ဓာတ်ကျပြီး သူရဲ့ ကျင့်စဉ်အဆင့်တွေတောင် လျော့နည်းလာမယ့် အရိပ်အယောင်တွေ ရှိခဲ့တယ်၊ သူ့ကို စိတ်ဓာတ်ခွန်အား ပြန်ရစေဖို့အတွက် ငါက ဒီအထူးကျင့်စဉ်ကို ပြင်ဆင်ပေးခဲ့တာပဲ၊ နောက်ဆုံးတော့ အဲ့တာက သူ့ရဲ့ ကျင့်ကြံခြင်းကို ပိုမို တိုးတက်စေခဲ့ပြီး ယုံကြည်မှုတွေ ပြန်ရလာစေကာ ရှန်းဝူအကယ်ဒမီရဲ့ ကျောင်းဆရာတစ်ဦး ဖြစ်လာစေခဲ့တာပေါ့”
“ဒီလို အတိတ်မျိုးလည်း ရှိခဲ့တာပဲလား...” ချင်ယွမ်ဖုန်းက အသံတိုးတိုးဖြင့် ရေရွတ်ရင်း “ဆရာ ရှုဝမ်ချန်းကလည်း သနားစရာကောင်းတဲ့ သူတစ်ယောက်ပါပဲလား” ဟု ဆိုမိသည်။
“ဒါပေါ့... ဒါပေမဲ့ အဲဒီကိစ္စက လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းကပါ...” ကျောင်းအုပ်ကြီး ကျွမ်ယွမ်က ပြုံးလိုက်ရင်း “မင်းနဲ့ ချင်ဝူယန်းတို့ရဲ့ စိန်ခေါ်ပွဲအကြောင်း သူကြားသိရတဲ့အခါ မင်းရဲ့ အလားအလာတွေကို နိုးထလာစေပြီး ဘိုးဘေးနယ်ပယ်ကို အောင်မြင်စွာ တက်လှမ်းနိုင်ဖို့အတွက် ဒီအထူးကျင့်စဉ်ကို အသုံးပြုချင်ခဲ့တာပါ” ဟု ပြောလေသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး “လုပ်ငန်းစဉ်က အလွန် နာကျင်ရပေမယ့် ကျွန်တော့်ရဲ့ ခွန်အားတွေ တိုးတက်လာတာကို အမှန်တကယ် ခံစားမိပါတယ်” ဟု ဆိုသည်။
“အဲဒါပေါ့...” ကျောင်းအုပ်ကြီးက ရယ်မောလျက် “ကဲ... အမြန် ပြန်အိပ်တော့၊ မနက်ဖြန်ကျရင် အထူးကျင့်စဉ်ကို ဆက်လက် လေ့ကျင့်ပြီး ဘိုးဘေးနယ်ပယ် ဖြစ်တဲ့ ဘိုးဘေးနယ်ပယ်အဆင့်ကို အမြန်ဆုံး ရောက်အောင် ကြိုးစားပါဦး” ဟု မိန့်ကြားလေသည်။
“ဟုတ်ကဲ့ပါ ကျောင်းအုပ်ကြီး...” ချင်ယွမ်ဖုန်းက လေးလေးနက်နက် ပြန်လည် ဖြေကြားလိုက်၏။
“ဩော်... ပြီးတော့ ဒီအထူးကျင့်စဉ်ကို စမ်းသပ်တဲ့နေရာမှာ မင်းက ဒုတိယမြောက် လူသားပဲ၊ ကျောင်းသား အများစုကတော့ ဒီလို ဂရုစိုက်မှုကို မရနိုင်ကြပါဘူး” ဟု ကျောင်းအုပ်ကြီးက ချင်ယွမ်ဖုန်းအား ကြီးမားသော ကျေးဇူးတော်ကို ပေးသနားလိုက်သည့်အလား ပြောကြားခဲ့ပေသည်။
ချင်ယွမ်ဖုန်းသည် အဆောင်ဆီသို့ ပျော်ရွှင်စွာ လမ်းလျှောက်ပြန်လာခဲ့သော်လည်း လမ်းတစ်ဝက်သို့ ရောက်သောအခါမှ ထိုကျောင်းအုပ်ကြီးသည် သူ့အား လှည့်စားလိုက်ခြင်း ဖြစ်သည်ကို ရိပ်မိသွားတော့သည်။
ဆရာ ရှုဝမ်ချန်း၏ အကြောင်းအရာမှာ အမှန်ဖြစ်နိုင်သော်လည်း ကျောင်းအုပ်ကြီး၏ ရည်ရွယ်ချက်မှာ သူ့အား အထူးကျင့်စဉ်ကို ဆက်လက် လေ့ကျင့်စေရန်သာ ဖြစ်ပေသည်။
“မြေခွေးအိုကြီးတွေ... ငါ သူတို့နှစ်ယောက်လုံးရဲ့ လှည့်ကွက်ထဲ ရောက်သွားခဲ့တာပဲ...” ချင်ယွမ်ဖုန်းမှာ ရင်ဘတ်ကို ထုကာ ခြေဆောင့်နေခဲ့သော်လည်း မည်သို့မျှ မတတ်နိုင်တော့ချေ။
ကျောင်းအုပ်ကြီးထံ တိုင်တန်းရန် သွားရောက်ခြင်းမှာလည်း နည်းလမ်းကောင်း မဟုတ်တော့ပေ။
နောက်တစ်နေ့ အရုဏ်မတက်မီ အချိန်မှာပင် ချင်ယွမ်ဖုန်းသည် ခုတင်ထက်မှ ဆွဲချခြင်းခံရပြီး အဆောင်ပြင်ပသို့ လွှင့်ပစ်ခြင်း ခံလိုက်ရလေတော့သည်။
အကြောင်းမူကား မာထျန်းနှင့် ဝမ်ဝူးတို့ နှစ်ယောက်လုံး နိုးလာကြပြီး ချင်ယွမ်ဖုန်း၏ မနေ့ညက အပြုအမူငယ်များကို သိရှိသွားကြသဖြင့် သူ့အား အဆောင်ပြင်သို့ မောင်းထုတ်လိုက်ကြခြင်း ဖြစ်ပေသည်။
ချင်ယွမ်ဖုန်းမှာ အလွန်တရာ အားကိုးရာမဲ့မှုကို ခံစားလိုက်ရသဖြင့် မြေပြင်မှ ထရပ်ကာ ကျင့်ကြံရေး ကွင်းပြင်ဆီသို့သာ ဖြည်းညှင်းစွာ လျှောက်လှမ်းခဲ့ရတော့သည်။
သူ့အား စောင့်ကြိုနေသည်မှာ တစ်နေ့တာလုံး အဆက်မပြတ် တိုက်ခိုက်မည့် အစီအစဉ်များသာ ဖြစ်ပေသည်။
ရှုဝမ်ချန်းသည် ကျင့်ကြံရေး ကွင်းပြင်၌ စောစီးစွာ စောင့်ဆိုင်းနေခဲ့ပြီး သူနှင့်အတူ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းသော အစောင့်အရှောက်နဂါးကြီးလည်း ရှိနေခဲ့ပေသည်။