← Chapters

အခန်း ၅၃-၅၄

Vol. 6 Ch. 53-54

အခန်း ၅၃-၅၄

Vol. 6 Ch. 53-54

Chapter 53+54

~

အခန်း ၅၃+၅၄ : တကယ့် ပြဿနာ စတင်လာခြင်း

~

" အဘိုးကြီးလျှို.. အဲ့တာဆို ခင်ဗျား ဘာလုပ်ချင်လို့တုန်း.. "

ယန်ဖူကွေ့က မသိချင်ယောင်ဆောင်၍ မေးလိုက်သည် ။

" သဘာဝအတိုင်းပဲလေ.. ကျုပ် က ပထမဦးလေး ဖြစ်သင့်တာပေါ့ .."

လျှိုဟိုင်ကျုံးက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည် ။

" အဘိုးကြီးယန်.. ခင်ဗျား ကျုပ်အကြောင်းကို ကောင်းကောင်းသိပါတယ်.. ကျုပ်မှာ တခြားအရည်အချင်းတွေ အများကြီး မရှိပေမဲ့ တရားမျှတမှုကို တန်ဖိုးထားတဲ့ လူတစ်ယောက်ပါ.. ကျုပ်သာ ပထမဦးလေး ဖြစ်လာရင် လုံးဝ ဘက်မလိုက်ဘဲ တရားမျှမျှတတ ဆုံးဖြတ်မယ်.. "

ယန်ဖူကွေ့က လျှိုင်ဟိုင်ကျုံး မမြင်အောင် နှုတ်ခမ်းမဲ့လိုက်၏ ။

' မင်းပြောတဲ့ စကားကို မင်းကိုယ်တိုင်တောင် ယုံရဲ့လား.. '

ခြံဝင်းတစ်ခုထဲတွင် အတူတူနေသည်မှာ ကြာလှပြီဖြစ်၍ လျှိုဟိုင်ကျုံးအကြောင်းကို အူမချေးခါး မကျန် သိပေသည် ။

လျှိုဟိုင်ကျုံးသာ ပထမဦးလေး ဖြစ်လာပါက ယီကျုံးဟိုင်ထက်ပင် ဆိုးချေမည် ။ သူ၏ မိသားစုထဲတွင်ပင် သားအကြီးဆုံးကိုသာ ပစား ပေးထားခြင်းဖြစ်သည် ။

ဤသည်က လူ့သဘော သဘာဝပင် ။

လျှိုဟိုင်ကျုံးက အမှန်အတိုင်းပြောလိုက်လျှင် ယန်ကျီဝမ်၏ ပါးပြင်များ တုန်လာ၏ ။ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည် ။ ယန်ဖူကွေ့သာ သတိပေးသည့် အကြည့်ဖြင့် ကြည့်မနေလျှင် သူ အကျယ်ကြီး အော်ရယ်မိပေမည် ။

ယန်ဖူကွေ့က စိတ်မပါသည့် သဘောဖြင့် ပြန်ဖြေလိုက်သည် ။

" အဘိုးကြီး လျှို ကျုပ် ခင်ဗျားကို ထောက်ခံပေးချင်ပေမဲ့ အဘိုးကြီး ယီကို ဖြုတ်ချဖို့က ထင်သလောက် မလွယ်ဘူးနော်.. "

လျှိုဟိုင်ကျုံးက...

" အဲ့တာကြောင့် ကျုပ်မနက်ဖြန် လမ်းရုံးကို သွားဖို့ စဥ်းစားထားတယ်.. ဒီအကြောင်းကို ဒါရိုက်တာဝမ် သိအောင် တိုင်ရမယ်.. အဲ့တာမှ ယီကျုံးဟိုင် ဘယ်လို လုပ်နေလဲ ဆိုတာ သိသွားမှာ.. "

ဒါရိုက်တာဝမ်သည် ဤ မြို့နယ်လမ်းရုံး၏ ဒါရိုက်တာ ဖြစ်သလို အမျိုးသမီးအဖွဲ့ချုပ်၏ ဒုဥက္ကဋ္ဌလည်းဖြစ်သဖြင့် အဆင့်မြင့် အရာရှိ တစ်ယောက်ဟု သတ်မှတ်နိုင်သည် ။

ရပ်ကွက်လူကြီး ရာထူးများကို ဒါရိုက်တာ ဝမ်ကိုယ်တိုင် ခန့်အပ်ခဲ့ခြင်းဖြစ်သည် ။

ထိုသည်ကို ကြားလျှင် ယန်ဖူကွေ့ တိတ်တိတ်လေး မျက်ဖြူလှန်ပြလိုက်သည် ။

ဤ ဦးနှောက်မျိုးနှင့် တိုက်စစ်မှူး လုပ်ချင်နေသည်လော ။ နေ့ခင်းကြီး အိမ်မက် မက်နေခြင်းသာဖြစ်၏ ။

သို့သော်လည်း ဤကိစ္စက သူ့မိသားစုနှင့် ပက်သက်နေ၍ ယန်ဖူကွေ့က စိတ်ရှည်စွာဖြင့်...

" အဘိုးကြီးလျှို.. ဒီကိစ္စတစ်ခုတည်းဆို ကျုပ်တော့ အောင်မြင်နိုင်မယ် မထင်ဘူးနော်.. "

" ဒါပေါ့.. ဒီတစ်ခုတည်း ဘယ်ဟုတ်ပါ့မလဲ.. "

လျှိုဟိုင်ကျုံးက ...

" ဒီနှစ်တွေ တလျောက် ကျားမိသားစုနဲ့ ရှာကျူးကို ယီကျုံးဟိုင် ကာကွယ်ခဲ့တဲ့ ကိစ္စတွေ အားလုံးကို တိုင်မှာ.. ဒါရိုက်တာဝမ်သာ ဒီအကြောင်းကို ခြံဝင်းထဲ လာမေးလို့ကတော့.. ဟမ့်.."

လျှိုဟိုင်ကျုံးက သူ့အကြံသူ သဘောကျသွားပြီး ပြုံးလိုက်၏ ။ ဤအကြံအစည်က ယီကျုံးဟိုင်အားသေချာပေါက် ဖြုတ်ချနိုင်မည်ဟု သူ ယုံကြည်သည် ။

" ဒီလိုလုပ်တာက အလုပ်မဖြစ်မှာ ကျွန်တော်ကြောက်တယ်.. "

" အမ်.."

လျှိုကျုံးဟိုင် မျက်မှောင်ကြုတ်လိုက်၏ ။ အဘယ်ကြောင့်ဆိုသော် ဝင်ပြောလိုက်သူက ယန်ကျီဝမ် ဖြစ်နေ၍ပင် ။ ကလေးတစ်ယောက်က လူကြီးစကားဝိုင်းထဲ ဝင်ရှုပ်သည်ကို သူ မကြိုက်ပေ ။

ယန်ကျီဝမ်က လျစ်လျူရှု၍ ပြုံးကာ ဆက်ပြောသည် ။

" ဒုတိယဦးလေး.. သေချာ စဥ်းစား ပြီးပြီလား.. တကယ်လို့ ဒါရိုက်တာဝမ်က ဒီခြံဝင်းထဲကို လာမေးရင်တောင် သက်သေအဖြစ် ထွက်လာဖို့ ဆန္ဒရှိကြမှာလား.. "

လျှိုဟိုင်ကျုံးက ဘာလို့ မထွက်ရမှာလဲဟု ပြန်ဖြေရန် ပြင်လိုက်သော်လည်း အသံထွက်မလာတော့ချေ ။

သူ ငတုံး မဟုတ်ပေ ။ ယန်ကျီဝမ်၏ ဆိုလိုရင်းကို နားလည်သွား၏ ။

ခြံဝင်းထဲရှိ လူများသည် ယီကျုံးဟိုင် လက်စားချေမည်ကို ကြောက်သဖြင့် ရှေ့ထွက်ရဲမည် မဟုတ်ချေ ။

ထိုသည်ကို စဥ်းစားမိလိုက်လျှင် လျှိုဟိုင်ကျုံး၏ မျက်နှာထက်တွင် စိတ်ပျက်သော အမူအရာ ပေါ်လာတော့သည် ။

ယန်သားအဖက အကြည့်ချင်း ဖလှယ်ပြီး ခေါင်းခါလိုက်ကြသည် ။

ဤကဲ့သို့ ဦးနှောက်မျိုးနှင့် ဆိုလျှင် ယီကျုံးဟိုင်၏ အကျိုးစီးပွားကို သွားထိပါက မည်သို့မည်ပုံ သေမှန်းမသိ သေသွားနိုင်သည် ။

ယန်သားအဖသည် လျှိုဟိုင်ကျုံးကို အထင်သေးသော်လည်း အသုံးဝင်သည့် နေရာရှိနေသေးသဖြင့် အကြံဉာဏ်ပေးလိုက်သည် ။

လျှိုဟိုင်ကျုံးက ယီကျုံးဟိုင်ကို ပြဿနာ ရှာနေလျှင် ကြက်နှစ်ကောင်ခွပ်သည်ကို ထိုင်ကြည့်နေပြီး ပင်ပန်းသွားမှ ဝင်ကောက်ရုံပင် ။

ယန်ကျီဝမ်က...

" ဒုတိယ ဦးလေး.. နည်းလမ်းတစ်ခုတော့ ရှိတယ်..ဒါပေမဲ့ အလောတကြီး မလုပ်ဘဲ အချိန်ယူပြီး လှုပ်ရှားရမယ်.. "

" ဘယ်လိုနည်းလမ်းလဲ.. ကျီဝမ်.. ဦးလေးကို မြန်မြန်ပြောပြ.. "

လျှိုဟိုင်ကျုံး၏ မျက်လုံးများ တေက်ပသွားပြီး အမြန်မေးလိုက်သည် ။

ယန်ကျီဝမ်က ရယ်လိုက်ပြီး...

" ဟီးဟီး ..အဲ့တာက လွယ်ပါတယ်.. နောက်ပိုင်း ဒီလို ကိစ္စမျိုး ဖြစ်လာရင် ရဲခေါ်လိုက်ရုံပဲလေ.. "

" အဲ့လို လုပ်လို့ မဖြစ်ဘူး.. "

လျှိုဟိုင်ကျုံးက တုန့်ဆိုင်းခြင်းမရှိ ငြင်းလိုက်ပြီး ...

" ခြံဝင်းကိစ္စ ခြံဝင်းထဲမှာပဲ ရှင်းရမယ်.. အပြင်ကို ထုတ်လို့ မဖြစ်ဘူး.. "

" အဲ့တာဆိုရင်​တော့ မပြောတက်တော့ဘူး.. "

ယန်ကျီဝမ် ပုခုံးတွန့်လိုက်သည် ။

သူ လျှိုဟိုင်ကျုံး၏ အတွေးကို နားလည်လေသည် ။ အကယ်၍ ရဲခေါ်လိုက်ပါက ခြံဝင်းဦးလေးများ၏ အာဏာကို လျော့ပါးသွားစေနိုင်သည် ။

သို့သော်လည်း ယန်ကျီက ခပ်ပေါ့ပေါ့သာ အကြံပေးလိုက်ခြင်း ဖြစ်သည် ။

ဤကဲ့သို့ အခြေအနေမျိုး ထပ်ဖြစ်လာပါက သူကိုယ်တိုင် ရဲကို အကြောင်းကြားမည်ဖြစ်သည် ။

ဤသို့သော ကိစ္စမျိုးကို ကျွမ်းကျင်သူများသာ ကိုင်တွယ် သင့်ပေသည် ။

ခြံဝင်းအား ကိုယ်ပိုင်နယ်မြေအဖြစ် သတ်မှတ်ထားကြသည်လော ။ ပြောသမျှ ဥပဒေ ဖြစ်ရမည်လော ။

လမ်းရုံး ဒါရိုက်တာဝမ်သိလျှင် မည်သို့ ဖြစ်သွားမည်ကို သူ သိချင်နေသည် ။

ဤခြံဝင်းအိမ်အား တိုတိုတုတ်တုတ် ရှင်းပြရလျှင် လိပ်များဖြင့် ပြည့်နေသော ရေအိုင်ငယ်လေးနှင့်တူသည် ။

သာမန်ခြံဝင်းတစ်ခုသာ ဖြစ်သော်လည်း နေ့တိုင်း ပြဿနာများစွာ ဖြစ်ပေါ်နေပြီး တစ်ဦးကို တစ်ဦး ကြံစည်နေကြ၏ ။ နေ့တိုင်း ဤသို့သော ကိစ္စမျိုးအပြင် တစ်ခြားလုပ်စရာ မရှိသည့်ပုံပင် ။

ဤခေတ်ကြီးတွင် နေထိုင်ရသည်က အဝတ်အထည် အစားအသောက် အလွန်ခက်ခဲလှသော်လည်း ဤခြံဝင်းအိမ်တွင်တော့ တစ်ဦးကို တစ်ဦး အမြတ်ထုတ်ရန် ကြံစည်နေကြသည် ။

လူတိုင်းတွင် အခက်အခဲရှိနိုင်ပြီး မိသားစုတိုင်းတွင် ​ပြဿနာကြုံနေနိုင်သော်လည်း ဤသည်က ယန်ကျီဝမ်ဟု ခေါ်သော သူ နှင့် ဘာမှ မဆိုင်ပေ ။

ဤလူများ သူ့အား လာမစလျှင် မဆိုင်သလို နေပေးနိုင်သော်လည်း ဇာတ်ရှုပ်ထဲ ဝင်ကခိုင်းပါက ဇာတ်ခေါင်းကွဲအောင် လုပ်ပေးလိုက်မည်ဖြစ်သည် ။

" အဘိုးကြီးယန်.. ကျုပ်..."

" ခွမ်း.. "

လျှိုကျုံးဟိုင် စကားပြောရန် ပြင်လိုက်သော်လည်း ကျယ်လောင်သော မှန်ကွဲသံ ထွက်ပေါ်လာပြီး ခဲတစ်လုံး အိမ်ထဲဝင်လာသည် ။

ယန်ဖူကွေ့နှင့် ယန်ကျီဝမ် မျက်နှာပျက်သွား၏ ။ ဤသည်က သူတို့အိမ်၏ မှန်တံခါးအား တစ်ယောက်ယောက်က ခဲနဲ့ ထုလိုက်ခြင်းပင် ။

" ယန်ဖူကွေ့.. ယန်လောင်အာ.. နင်တို့ လဒနှစ်ကောင် ခုချက်ချင်း ထွက်ခဲ့ကြစမ်း.. "

" နောက်ခြံက အဘွားကြီး ရောက်လာပြီ.. "

လျှိုဟိုင်ကျုံး ဇက်ပုဝင်သွားပြီး မီးဖိုချောင်ထဲသို့ ပြေးပုန်းတော့သည် ။ ထိုအဘွားကြီးအား သူ ကြောက်ပေသည် ။

ယန်ဖူကွေ့က အကူအညီမဲ့စွာ စိတ်ပျက်လက်ပျက် ပြောလိုက်သည် ။

" ဒုတိယသား.. ​တကယ့်ပြဿနာတော့ စပြီ.. ယီကျုံးဟိုင်က ရင်ဆိုင်ရလွယ်ပေမဲ့.. ဒီတစ်ယောက်က စကားယှဥ်ပြောလို့ ရတဲ့သူ မဟုတ်ဘူး.. ဒီမှာပဲနေ ငါအပြင်ထွက်ပြီး အခြေအနေ သွားကြည့်လိုက်အုံးမယ်.. "

" အတူတူသွားမယ်လေ.. သူတို့သားကို မမြင်ရရင် ဒီကိစ္စ ပြီးမယ် မထင်ဘူး.. "

ယန်ကျီဝမ်က ခေါင်းခါပြီး ငြင်းပယ်လိုက်သည် ။

" ဒါဆိုလည်း သွားကြတာပေါ့.. "

ယန်ဖူကွေ့ ခဏ တွန့်ဆုတ်နေပြီးမှ သဘောတူလိုက်သည် ။

ဤသို့နှင့် သားအဖနှစ်ယောက် အပြင်သို့ ထွက်လာခဲ့ကြ၏ ။ အမြန်မထွက်လျှင် ပြတင်းပေါက်မှန်အားလုံး ကွဲသွားနိုင်သည် ။

" ယန်လောင်အာ သားရဲလေး.. နောက်ဆုံးတော​့ နင်ထွက်လာပြီပေါ့.. နင်ကများ ငါ့​မြေးကို ရိုက်ရဲတယ် တဲ့လား.. ငါ နင့်ကို သေအောင် ရိုက်သတ်မယ်.. "

ယန်ကျီဝမ် အပြင်သို့ ချေချလိုက်သည်နှင့် အဘွားအို တစ်ယောက်က တောင်ဝှေးကို မြှောက်၍ သူ့ကို ရိုက်လိုက်သည်ကို မြင်လိုက်ရသည် ။

" သတိထား. "

ယန်ဖူ​​ကွေ့ အမြန်​အော်လိုက်သည် ။

ယန်ကျီဝမ်က ထိုအချိန်၌ ဘေးသို့ ရှောင်ပြီးသားပင် ။

အဘွားအို၏ တောင်ဝှေးက မည်းနက်ပြီး မာကျောပုံ ရသဖြင့် ရပ်ခံနေရန် မမိုက်မဲပေ ။

နားမကြားသော အဘွားအိုက ယန်ကျီဝမ် ရှောင်လိုက်သည်ကို မြင်လျှင် ဒေါသထွက်စွာဖြင့် ...

" ယန်လောင်အာ သားရဲလေး.. နင် ပုန်းရဲတယ်လား.. ခုချက်ချင်း ငါ့ရှေ့မှာ လာရပ်ပြီး တုတ်တုတ်မှ မလှုပ်နဲ့.. "

ထိုသို့ပြောပြီးနောက် သူမက တောင်ဝှေးကို မြှောက်၍ ထပ်ရိုက်လိုက်ပြန်သည် ။

နားမကြားသော အဘွားအို၏ နောက်တွင် ယီကျုံးဟိုင်နှင့် ကျားဒုံရွှီတို့ ပြုံးစိစိဖြင့် ကြည့်နေကြ၏ ။

နားမကြားသော အဘွားကြီးသည် ယီကျုံးဟိုင် ပြောခဲ့သော အရန်အစီအစဥ်ပင် ။

လျှိုဟိုင်ကျုံးက ငြင်းပယ်ခဲ့ပြီးနောက် သူ နားမကြားသော အဘွားကြီးကို အကူအညီတောင်းရန်သာ ကျန်တော့သည် ။

ကျားဒုံရွှီသည် ယခုမှသာ ယီကျုံးဟိုင်၏ အရန်အစီအစဥ် ကိုနားလည်သွား၏ ။

ဤဘိုးဘေးက ဝင်စွက်သရွေ့ မည်သည့် ပြဿနာမဆို ပြေလည်သွားပေလိမ့်မည် ။

ယန်လောင်အာက နားမကြားသော အဘွားကြီးကို လက်ပါရဲမည်ဟု သူ မယုံချေ ။

နားမကြားသော အဘွားကြီးသည် အိုမင်းလှပြီ ဖြစ်၍ တစ်ခုခုဖြစ်သွားပါက ယန်ကျီဝမ် ဒုက္ခရောက်ပေမည် ။

ယန်ကျီဝမ်လည်း နားလည်၏ ။ ထို့ကြောင့် ပြန်မတုန့်ပြန်ရဲဘဲ ရှောင်ရုံသာ ရှောင်နေသည် ။

နားမကြားသော အဘွားကြီးသည် အကြိမ်အနည်းငယ် လိုက်ရိုက်ပြီးနောက် ဟောဟဲလိုက်ကာ အသက်ပြင်းပြင်း ရှူနေရတော့သည် ။ ဇရာ၏ အရေးအကြောင်းများကြောင့် သူမ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ပေ ။

အဘွားကြီး၏ တောင်ဝှေးက ယန်ကျီဝမ်ကို တစ်ချက်မှ မရိုက်မိသည်ကို ယီကျုံးဟိုင်နှင့် ကျားဒုံရွှီတို့ မြင်လျှင် စိတ်ပျက်သွားကြ၏ ။

သို့သော်လည်း ဤကိစ္စက မပြီးသေးချေ ။ ယခု ဘိုးဘေး ကိုယ်တိုင် ထွက်လာ၍ အ​​ဖြေတစ်ခု မထွက်မချင်း ပြီးမည်မဟုတ် ။

ယီကျုံးဟိုင်က စိတ်အေးလက်အေးသာ ဆက်ကြည့်နေသည် ။

ပြဿနာအား ဖြေရှင်းရန် ဆွေးနွေးကြမည်လော ။

ဤသည်က မဖြစ်နိုင်တော့ ။ အဘွားကြီးက အကြောင်းအကျိုး မသိရုံသာမက သူမ၏ မြေး( မြေးအရင်း မဟုတ်ဘူးနော် ..ရှာကျူးက စားဖိုမှူးဆိုတော့ အဘွားကြီးအတွက် ကောင်းတာလေးတွေ ချက်ပို့ရင်း ​မြေးအဖြစ် သတ်မှတ်ထားတာ ..) ဖြစ်သူကို အလွန်ကာကွယ်တက်၏ ။

ဤတစ်ကြိမ်တွင် ယန်မိသားစုသည်တော့ ကြီးကြီးမားမား ဆုံးရှုံးပေတော့မည် ။

All Chapters