အခန်း ၅၇-၅၈
Vol. 6 Ch. 57-58
Chapter 57+58
~
အခန်း ၅၇+၅၈ : ပုံမှန် မဟုတ်သော ယန်လောင်အာ
~
အခြားရွေးချယ်စရာ မရှိတော့၍ နားမကြားသော အဘွားကြီးက ယီကျုံးဟိုင်အား အဓိပ္ပါယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်၏ ။
ယခု သူမ တက်နိုင်သမျှ ကြိုးစားခဲ့သော်လည်း ယန်လောင်အာဆိုသည့် တိရစ္ဆာန် လေးအား မယှဥ်နိုင်ခဲ့ချေ ။
သူမ ရှာကျူးအတွက် လက်စားချေလိုသော်လည်း ဤသားရဲလေးအား ထိအောင် မရိုက်နိုင်သလို စကားဖြင့်လည်း အနိုင်မယူနိုင်ခဲ့ပေ ။
သတ်သေမည်ဟု ခြိမ်းခြောက်ခြင်းကိုပင် အနှီကလေးက လုံးဝမကြောက်ချေ ။
သူမ တက်နိုင်သမျှ လုပ်ခဲ့ပြီးလေပြီ ။
ဤအခြေအနေကို ကြည့်ပြီး ယီကျုံးဟိုင် စိတ်ပျက်သွား၏ ။
သူ၏ နောက်ဆုံး ဝှက်ဖဲ ထုတ်သုံးသည့်တိုင် ယန်လောင်အာအား အရှုံးပေးရမည်ဟု ထင်မထားခဲ့ပေ ။
ယန်လောင်အာ ၏မျှလောက်အထိ ညဏ်ကောင်းနေသည်ကို သူနားမလည်နိုင်တော့ ။
ယခင်က ယန်လောင်အာဆိုလျှင် ယဥ်ကျေးပြီး ရှက်ရွံ့တက်သော လူငယ်လေးတစ်ယောက်ဖြစ်ပြီး စကားပင် ဟဟ မပြောရဲချေ ။
အိမ်တွင်းအောင်းပြီးနောက် မည်သို့ကြောင့် ဤမျှအထိ ပြောင်းလဲသွားပါသနည်း ။
ဘဝ၏ ကြီးမားသော အတက်အကျ ကြုံတွေ့ရခြင်းက လူတစ်ယောက်၏ စရိုက်ကို ဤမျှအထိ ပြောင်းလဲသွားစေနိုင်သည်လော ။
ယီကျုံးဟိုင် နားမလည်နိုင်တော့ပေ ။ သိူ့သော်လည်း ယခုအချိန်က ထိုအကြောင်းကို တွေးနေရမည်မဟုတ် ။
နားမကြားသော အဘွားကြီး ခက်ခဲသော အနေအထားတွင် ရောက်နေ၍ သူ ဝင်ပါရမည် ။ မဟုတ်လျှင် အနာဂတ်၌ ဤဝှက်ဖဲကို သုံးရန် ခက်ခဲချေမည် ။
ယီကျုံးဟိုင်က မျက်မှောင်ကြုတ်ပြီး တိုးတိုးလေး ပြောလိုက်သည် ။
" ယန်လောင်အာ.. ဘိုးဘေးက ဘယ်သူလဲ မင်း သိလား.. မင်း စာအုပ်တွေ အများကြီး ဖတ်ဖူးပါတယ်.. အာဇာနည်မိသားစုဝင် တစ်ယောက်ကို အနိုင်ကျင့်ရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို မင်းသိသင့်တယ် .. အခုဖြစ်တဲ့ ကိစ္စကို ငါ လမ်းရုံး ဒါရိုက်တာဝမ် ကို တင်ပြလိုက်ရင် မင်းဘာဖြစ်သွားမယ်လို့ထင်လဲ.. "
ထိုစကားကို ကြားလျှင် လူတိုင်းက ယန်ကျီဝမ်အတွက် စိုးရိမ်သွားကြ၏ ။
အာဇာနည်မိသားစုဝင် တစ်ယောက်အား သေရန်ကျိန်ဆဲနေခြင်းက ပြင်းထန်သော ပြစ်ဒဏ် ကျရောက်လာနိုင်သည် ။
ကျားဒုံရွှီက စိတ်လှုပ်ရှားစွာဖြင့်...
" ဟုတ်တယ်.. ဟုတ်တယ် ..ငါ့ ဆရာပြောတာ မှန်တယ်.. ယန်လောင်အာ.. မင်း ဘိုးဘေးရိုက်တာကို ခံပြီး ရှာကျူး အတွက်ဆေးဖိုးကို နာနာခံခံနဲ့ ထုတ်ပေးလိုက် ..မဟုတ်လို့ကတော့.. ဟင်းဟင်းဟင်း.."
ယန်ကျီဝမ်က သူ့အား နှစ်ကြိမ်တိုင်တိုင် ကျိန်ဆဲခဲ့၏ ။ ယခု လက်တုန့်ပြန်ရန် အခွင့်အရေးပေါ်လာ၍ မည်သို့ လက်လွှတ်နိုင်ပါမည်နည်း ။
ထို့အပြင် ယန်ကျီဝမ် ပြောသည့်စကားက အနည်းငယ် မှန်ကန်သည်ဟု ထင်နေ၍ သူပို၍ပင် မကျေမနပ် ဖြစ်မိခြင်းပင် ။
သူ အသက်ရှင်လျက် ရှိသေးသော်လည်း ရှာကျူးသည် မည်သည့်အတွက်ကြောင့် ဤမျှအထိ ဝင်ပါချင်နေရသနည်း ။
သူ ရှာကျူးအပေါ် အမြင်မကြည်လင်မှု မစတင်လာခဲ့သည် ။ ရှာကျူးသာ အလောတကြီး ရှေ့ထွက်မနေလျှင် သူ အလှောင်ခံရမည် မဟုတ်ချေ ။
" ကြောက်... ကြောက်ပါတယ်ဗျ.. "
ယန်ကျီဝမ်က တုန်ရီနေပြီး...
" ဘိုးဘေး.. ဘိုးဘေး.. ကျွန်တော်မှားတာ ကျွန်တော် သိပါပြီ..ကျွန်တော့်ကို ဒါရိုက်တာဝမ်နဲ့ မတိုင်ပါနဲ့ ..ကျွန်တော် ငယ်ငယ်လေးပဲ ရှိသေးတယ် ထောင်ထဲ မဝင်ချင်သေးဘူး.. "
" ဟူးးးး..."
ခြံဝင်းထဲရှိ လူများအားလုံး သက်ပြင်းချလိုက်ကြ၏ ။အားလုံး မျှော်လင့် ထားသည့်အတိုင်းပင် ။
ယန်လောင်အာလို ညဏ်များသူပင်လျှင် ယီကျုံးဟိုင်တို့ အဖွဲ့အား လက်နက် ချလိုက်ရ၏ ။
ယီကျုံးဟိုင်တို့ အဖွဲ့က ခြံဝင်း၏ ဆရာကြီးများ ဖြစ်နေကြဆဲပင် ။ သူတို့အား ခုခံရန် ကြိုးပမ်းပါက ယန်လောင်အာလို ဖြစ်သွားမည်ဖြစ်သည် ။
ယန်မိသားစုသည်တော့ ဤအကြိမ်တွင် ကြီးကြီးမားမား ဆုံးရှုံးပေတော့မည် ။
ယန်ဖူကွေ့က ယန်ကျီဝမ်အား ဇဝေဇဝါဖြင့် ကြည့်လိုက်သည် ။
' ဒုတိယသား ဘာဖြစ်သွားတာလဲ ..ဘာလို့ နောက်ဆုတ်လိုက်တာလဲ.. ဒီရက်ပိုင်း သူ့အပြုအမူနဲ့ လုံးဝ မတူပါလား.. '
ယန်ကျီဝမ်၏ ကြောက်လန့်နေသော အမူအရာကို မြင်လျှင် ယီကျုံးဟိုင် အလွန် ကျေနပ်သွားသည် ။
' နောက်ဆုံးတော့ ဒီကလေး အညံ့ခံသွားပြီ..သူသာ အဆုံးထိ ခေါင်းမာနေရင် အခြေအနေက ကိုင်တွယ်ဖို့ အရမ်းခက်ခဲသွားလိမ့်မယ်.. '
' ဒီအချိန်မှာ နောက်ဆုတ်သွားလို့ တော်သေးတာပေါ့.. '
" အဟမ်း.. အဟမ်.."
ယီကျုံးဟိုင်က လည်ချောင်းရှင်းပြီး သဘောထားကြီးဟန်ဖြင့်...
" ကောင်းပြီ.. ကောင်းပြီ..မင်းက ကလေးပဲ ရှိသေးတာဆိုတော့ ငါ မင်းကို အပြစ်မတင်တော့ပါဘူး.. ဒါပေမဲ့ ဘိုးဘေးနဲ့ ရှာကျူးကို တောင်းပန်ပြီး ဆေးဖိုး ထုတ်ပေးလိုက်.. ပြီးရင် အများသုံး အိမ်သာကို တစ်လလောက် သန့်ရှင်းရေး လုပ်ရမယ် .."
သူ ခဏရပ်လိုက်ပြီး တစ်ခုခုကို သတိရသွားဟန်ဖြင့် ထပ်ပြောလိုက်သည် ။
" အိုး.. ဟုတ်ပြီ.. မင်းက ငါးမျှားတာ အရမ်းတော်တယ်ဆို.. အဲ့တာဆို မင်းငါးမျှားထွက်တိုင်း ဘိုးဘေး အတွက် ငါးတစ်ကောင် အမြဲပေးရမယ်.. အဲ့တာဆို အဆင်ပြေပြီ.."
" ဆရာ.. ကျွန်တော့် မိသားစု ကိစ္စ ကျန်သေးတယ်.. "
ကျားဒုံရွှီက မြန်မြန် သတိပေးလိုက်၏ ။
ယီကျုံးဟိုင် ခေါင်းညိတ်လိုက်ပြီး..
" အင်း ကျားမိသားစုနဲ့ ကိစ္စလည်း ရှိသေးတယ်.. အဲ့ကိစ္စက စကတည်းက ကြီးကြီးမားမားမှ မဟုတ်တာ.. မှားတာလည်း နှစ်ဖက်လုံး မှားကြတာပဲ.. အဲ့တာကြောင့် တောင်းပန်ရမယ့် ကိစ္စကို ဘေးဖယ်ထားလိုက်တော့ .."
နားမကြားသော အဘွားကြီးကလည်း ဤအစီအစဥ်ကို ခေါင်းတညိတ်ညိတ်ဖြင့် ကျေနပ်နေ၏ ။ အထူးသဖြင့် သူမ နေ့တိုင်းနီးပါး ငါးစားရမည်ကို မျှော်လင့်နေသည် ။
နားမကြားသော အဘွားကြီးက လျစ်လျူရှုဟန်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်ပြီး...
" ယီကျုံးဟိုင် ပြောမှတော့ ဒီကိစ္စကို ဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ် ..ဒါပေမယ့် နင်နောက်တစ်ခါ ဒီခြံဝင်းထဲမှာ ပြဿနာ ရှာရင်တော့ ဒီဘိုးဘေး က လွှတ်ထားတော့မှာ မဟုတ်ဘူးနော်.. ယန်လောင်အာ ငါပြောတာ ကြားလား.. "
" ဟုတ်..ဟုတ်..ဘိုးဘေး ပြောသမျှ နာခံ ပါ့မယ်ဗျ.."
ယီကျုံးဟိုင်တို့ အဖွဲ့ စိတ်ပြောင်းသွားမည်ကို ဆိုးသည့်အလား ယန်ကျီဝမ်က ကြက်အစာကောက်သလို ခေါင်းညိတ်လိုက်သည် ။
ယီကျုံးဟိုင်နှင့် သူ့အပေါင်းအပါများက ထိုသည်ကို ကျေနပ်စွာ ကြည့်ပြီး လှည့်ထွက်ရန် ပြင်လိုက်စဥ်...
" အဘွား.. အဘွား.. အမြန်ထွက်မသွားနဲ့အုံး.. "
ယန်ကျီဝမ်က ထပ်ပြောလိုက်သည် ။
ယီကျုံးဟိုင်က မျက်မှောင်ကြုတ်ပြီး မကျေမနပ်ဖြင့်...
" ယန်ကျီဝမ်.. မင်း ဘာလိုချင်သေးလို့လဲ.. ဒီတစ်ခါက မင်းရဲ့ ပထမဆုံး အမှားမို့ ငါတို့ သည်းခံလိုက်တာနော်.. မင်းကျေးဇူးတင်သင့်တယ်.. "
" မှန်ပါတယ် ..မှန်ပါတယ်ဗျ.."
ယန်ကျီဝမ်က အံကြိတ်လိုက်ပြီး ခါးသီးသော အမူအရာဖြင့်...
" ဒါပေမဲ့ ကျုပ်သေရမယ် ဆိုရင်တောင် ရှင်းရှက်းလင်းလင်း သိသွားချင်တယ် .. အာဇာနည်မိသားစုတွေက အသိအမှတ်ပြု လက်မှတ်နဲ့ ကမ္ပည်းပြား ရှိတယ်လို့ ကျုပ်ကြားဖူးတယ် ..ဒါပေမဲ့ ကျုပ်နောက်ဖေးခြံကို ခဏခဏ ရောက်ဖူးတယ် .. အဘွားရဲ့အိမ်ရှေ့မှာ ကမ္ပည်းပြားချိတ်ထားတာ တစ်ခါမှ မမြင်ဖူးဘူးနော်.. "
နားမကြားသော အဘွားကြီး ၏ အမူအရာက ပြောင်းလဲသွား၏ ။
( တစ်ခုပြောချင်တာက.. နားမကြားတဲ့ အဘွားအို ဆိုတာက အများပေးထားတဲ့ နာမည်နော် 🤣 ..သူက ကြားချင်တဲ့ စကားကို ကြားတယ်.. မကြားချင်ရင် နားလေးချင်ယောင် ဆောင်တက်လို့.. )
ယီကျုံးဟိုင် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး အမြန်ပြောလိုက်သည် ။
" အဘွားက ကြွားရတာ မကြိုက်လို့ သိမ်းထားတာ.."
" အင်း ..ဟုတ်တယ်.. "
နားမကြားသော အဘွားကြီးက အမြန်ထောက်ခံလိုက်သည် ။
" ဟုတ်တော့ မဟုတ်သေးပါဘူး .."
ယန်ကျီဝမ်က ဇဝေဇဝါ ဖြစ်သွားဟန်ဖြင့်...
" အာဇာနည် မိသားစု ဖြစ်ရတာက ဂုဏ်ယူစရာပါ.. ကြီးကျယ်ခမ်းနားတဲ့ ပေးဆပ်မှုတစ်ခုပါ ..နိုင်ငံအတွက် ကိုယ်ကျိုးစွန့်ခဲ့တဲ့ သူရဲကောင်းတစ်ယောက်ရဲ့ မိသားစုဝင်ပါ ..ဒါကို ဘယ်လိုလုပ် ကြွားတယ်လို့ သတ်မှတ်နိုင်မှာလဲ.. "
" ဟုတ်တယ် ယန်လောင်အာ ပြောတာ မှန်တယ်.. အာဇာနည်မိသားစုဝင် ဖြစ်ရတာ ဂုဏ်ယူစရာပါ.. ကြွားတာမဟုတ်ဘူး.. "
" ဟားဟားဟား.. ငါသာ အာဇာနည် မိသားဝင်ဖြစ်လို့ကတော့ အိမ်ရှေ့မှာ ချိတ်ထားမှာ.. ငါ့မိသားစုက အသက်နဲ့ရင်းခဲ့လို့ ရတာ ဂုဏ်ယူစရာပဲ..ငါဆို လူတိုင်း သိအောင် ပြောမှာပဲ.. "
" ယန်လောင်အာပြောမှ ငါလည်း သတိရတယ်.. ငါတို့လမ်းထဲက ခြံအမှတ် ၉၀ မှာ အာဇာနည်မိသားစုဝင် တစ်ယောက်ရှိတယ်.. သူလည်း အသက် ၆၀ ကျော် အဘွားကြီးပဲ.. သားနဲ့ ချွေးမ နှစ်ယောက်လုံးက အသက်စွန့်ခဲ့ကြလို့ မြေးလေး တစ်ယာက်ပဲ ကျန်တော့တာ.. သူ့အိမ်တံခါးမှာ အာဇာနည်ဆိုင်းဘုတ် ချိတ်ထားတယ်.. "
အိမ်နီးချင်းများ၏ ဆွေးနွေးသံများက ဆူညံလာ၏ ။
ယန်ဖူကွေ့လည်း ဒုတိယသား၏ လှည့်ကွက်ကို နားလည်သွားသည် ။
သို့ပေသိ ဤလှည့်ကွက်က ရက်စက်လွန်းလှ၏ ။
ယန်ဖူကွေ့အား ဤခြံဝင်းအတွင်း ညဏ်အကောင်းထဲတွင် သတ်မှတ်နိုင်ပြီး အချိန်အကြားဆုံး နေထိုင်သူထဲတွင် ပါဝင်သဖြင့် နားမကြားသော အဘွားကြီး၏ လက္ခဏာအစစ်အမှန်ကို သိပေသည် ။
အဘွားကြီးသည် အာဇာနည်မိသားစုဝင် လုံးဝမဟုတ် ။ အာမခံချက်ငါးခု... ( သက်ကြီးရွယ်အို ၊ မသန်စွမ်း နှင့် မိဘမဲ့ကလေး များအတွက် အစိုးရမှ ထောက်ပံ့ပေးသော လူမှုဖူလှုံရေး အစီအစဥ်) ရရှိထားသူသာ ဖြစ်၏ ။
ယခု နားမကြားသော အဘွားကြီးက အာဇာနည် မိသားစုဝင် ဖြစ်ကြောင်းကို ယီကျုံးဟိုင်က ထုတ်ပြောခဲ့ပြီး ကျားဒုံရွှီက ထောက်ခံခဲ့သည် ။
သူတို့က ပြောရင်းနှင့် သူတို့ကိုယ်တိုင်ပင် ယုံကြည်လာ၏ ။
နားမကြားသော အဘွားကြီးက အာဇာနည် မိသားစုဝင် မဟုတ်ကြောင်းကို သူမကိုယ်တိုင် အသိဆုံးဖြစ်သည် ။
သို့သော်လည်း သူမ အကျိုးအမြတ်ရမည်ဖြစ်၍ ငြင်းဆန်ခြင်း မပြုခဲ့ချေ ။
ယခု ထုတ်ဖော်ခြင်း ခံလိုက်ရ၍ ဆက်ပြီး ဟန်မဆောင်ရဲတော့ပေ ။
အဘွားကြီး၏ အဓိပ္ပါယ်ပါသော အကြည့်ဖြင့် ယီကျုံးဟိုင်အား ကြည့်လိုက်သည် ။
အာဇာနည် မိသားစုဝင် ဟန်ဆောင်ခြင်းက ကြီးလေးသော ရာဇဝတ်မှု ဖြစ်သဖြင့် ယီကျုံးဟိုင် ကိုယ်တိုင်ပင် ဇောချွေး ပြန်နေချေပြီ ။
ဤကိစ္စသာ ဒါရိုက်တာ ဝမ်၏ နားထဲ ရောက်သွားပါက တွေးဝံ့စရာပင် မရှိတော့ချေ ။
ယီကျုံးဟိုင်က အဘွားကြီးအား နှုတ်ခမ်းလှုပ်ပြလိုက်လျှင် အဘွားကြီးက ချက်ချင်းပင် မေ့လဲ သွား၏ ။
" အဘွား.. အဘွား.. ဘာဖြစ်တာလဲ.. "
ယီကျုံးဟိုင်က စိုးရိမ်တကြီးဖြင့် ကျားဒုံရွှီကို ညွှန်ကြားလိုက်သည် ။
" ဒုံရွှီ.. အဘွားက ဝမ်းနည်းစရာတွေ ပြန်သတိရသွားလို့ထင်တယ် မေ့လဲသွားပြီ.. မြန်မြန် အိမ်ကို ပြန်ခေါ်သွားမယ်.. "
" ဟုတ်..ဟုတ်.."
ကျားဒုံရှီက ရှုပ်ထွေးသွားသော်လည်း နာခံမှု ရှိရှိ ရှေ့တိုးလာ၏ ။
ယီကျုံးဟိုင်နှင့် ကျားဒုံရွှီတို့က နားမကြားသော အဘွားကြီးကို ဖေးမပြီး ထွက်သွားကြတော့သည် ။
ယန်ကျီဝမ်က စပ်ဖြီးဖြီးဖြင့်...
" ဟေး..အဘွား.. အဘွား.. မသွားနဲ့အုံးလေ.. ကျွန်တော် တောင်းပန်ရအုံးမယ်.. ရှာကျူးအတွက်လည်း ဆေးဖိုး ပေးရအုံးမယ်လေ .."