အခန်း ၅၉-၆၀
Vol. 6 Ch. 59-60
Chapter 59+60
~
အခန်း ၅၉+၆၀ : မြေခွေးလေး
~
အားလုံးထွက်သွားသည့် အခါမှသာ ယန်ဖူကွေ့က ယန်ကျီဝမ်ကို လက်ညှိုးထိုးပြီး ရယ်လေတော့သည် ။
" ဟားဟားဟား..ဒုတိယသား.. မင်းရဲ့ လှည့်ကွက်က အရမ်းမိုက်တယ်.. "
ယန်ကျီဝမ်ကလည်း ရယ်၍...
" သား ဘာလုပ်လို့လဲ.. အာဇာနည်ကမ္ပည်းပြားလေး မြင်ဖူးချင်ရုံပဲကို.. "
ယန်ဖူကွေ့ ခေါင်းခါလိုက်၏ ။ သူ မယုံ ။ ယန်ကျီဝမ်၏ ပုံစံအရ တမင်တကာ လုပ်ခြင်းသာ ဖြစ်ချေမည် ။
" ငါ့မှန်လှလှလေးတွေပဲ နှမြောစရာ.. တစ်ကန့်ကို ဆင့်ငါးဆယ်လောက် ကုန်တယ်ကွ.. "
ယန်ဖူကွေ့က မှန်ကွဲစ တစ်ခု ကောက်ယူရန် ငုံ့လိုက်သည် ။ ကံကောင်းသည်က ဤပြဿနာကို ဖြေရှင်းနိုင်ခဲ့ခြင်းပင် ။ မဟုတ်လျှင် အဆပေါင်းများစွာ ပို၍ ကုန်ကျနိုင်၏ ။
ယန်ကျီဝမ်က ခပ်ပေါ့ပေါ့ သာပြောလိုက်သည် ။
" ဘာမှ မဖြစ်ဘူး.. နောက်မှ ရှာကျူးအိမ်က သွားယူလိုက်မယ်.. "
" အဲ့တာဆို ခိုးတာ ဖြစ်မသွားဘူးလား.. "
ယန်ဖူကွေ့က ယန်ကျီဝမ်ကို မျက်ဖြူလှန်ပြလိုက်ပြီး..
" ဒုတိယသား.. မင်း အဲ့လို လုပ်လို့ မဖြစ်ဘူး.. ဒါက မှန်တစ်ခုပဲလေ.. ကွဲသွားတော့လည်း ကွဲသွားတယ်ပဲပေါ့.. မနက်ဖြန်မှ အသစ်ဝယ်ပြီး ပြန်ပြင်လိုက်မယ်..သူများဟာ သွားမခိုးနဲ့ဟ.. "
" ပြီးတာပဲ.. ပြီးတာပဲ.. အဖေ့ ဘာသာ လုပ်တော့.. "
ယန်ကျီဝမ်က ယနေ့ ငါးမျှား မထွက်ဖြစ်ခဲ့သည်ကို သတိရသွား၏ ။ ဤသို့သာ ဆက်ဖြစ်နေလျှင် မနက်ဖြန် ငါးမျှားရန်ပင် မသေချာချေ ။
ယန်ဖူကွေ့ ပြောသလိုပင် ။ ခြံဝင်း ၉၅ ဆိုသည်က ရေတိမ်အိုင်လေးအတွင်း လိပ်များ စုနေခြင်းဖြစ်ပြီး အကောင်အသေးဆုံး လိပ်ကပင် အဆုံးမရှိ ပြဿနာကို ဖြစ်ပေါ်စေနိုင်သည် ။
ဤသားရဲများနှင့် အချိန်ဖြုန်းမည့် အစား ငါးမျှားသွားခြင်းကသာ အကောင်းဆုံးဖြစ်သည် ။ သူ စက်ဘီးဝယ်ရန် ပိုက်ဆံ လိုအပ်နေ၏ ။
ယန်ကျီဝမ် သဘောတူသည်ကို ယန်ဖူကွေ့မြင်လျှင် စိတ်သက်သာရာ ရသွားပြီး...
" ဒါနဲ့.. နားမကြားတဲ့ အဘွားကြီးက အာဇာနည်မိသားစုဝင် မဟုတ်တာ မင်း ဘယ်လိုသိလဲ.. "
" သား မသိပါဘူးဗျာ..ကမ္ပည်းပြားလေး မြင်ဖူးချင်လို့ ပြခိုင်းတာကို သူတို့ဘာသာ နောက်ဆုတ်သွားတာ.. "
ယန်ကျီဝမ်က ပြုံး၍ ဖြေလိုက်သည် ။ မူရင်းဝတ္ထုကို ဖတ်ဖူး၍ သိသည်ဟုတော့ ဖြေ၍ မရပေ ။
သို့ရာတွင် ယန်ကျီဝမ်သည် သူကူးပြောင်းလာသည်က မူရင်းဝတ္ထုလော ၊ မူရင်းဇာတ်လမ်းတွဲလော ၊ အွန်လိုင်းဝတ္ထုများထဲလော ဆိုသည်ကို ခုထိ ဝေခွဲ မရသေးချေ ။
သူ စိုးရိမ်နေသည်မှာ တချို့ ဝတ္ထုထဲတွင် ထို နားမကြားသော အဘွားကြီးက အာဇာနည်မိသားစုဝင် ဖြစ်တက်သလို တစ်ခါတစ်လေ အကောင်ကြီးကြီး အမြီးရှည်ရှည် ဖြစ်တက်၍ စကားထိန်းပြောလိုက်ခြင်းပင် ။
ဤခေတ်ကြီးတွင် စကားတစ်ခွန်းပြောသည်ကိုပင် သတိထားနေရ၏ ။
သို့ပေသိ ယခု ယီကျုံးဟိုင်တို့၏ အမူအရာအရ နားမကြားသော အဘွားကြီးက ဘာမှ မဟုတ်ကြောင်း သိသာနေသည် ။
" ငါမင်းကို ယုံတယ်ထင်လား မယုံဘူးထင်လား.. "
ယန်ဖူကွေ့က စိတ်တိုတိုဖြင့် ပြောလိုက်သည် ။
ယန်ကျီဝမ်က ပုခုံးတွန့်လိုက်ပြီး...
" အဲ့တာဆို နားမကြားတဲ့ အဘွားကြီးက တကယ်အာဇာနည် မိသားစုဝင် မဟုတ်ဘူးပေါ့ .."
ယန်ဖူကွေ့က ပတ်ဝန်းကျင်ကို တစ်ချက်လှမ်းရှိုးလိုက်ပြီး ချောင်းနားထောင်နေသည့်သူ မရှိသည်ကိုမြင်လျှင် အထင်သေးဟန်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီး ..
" ဟမ့်.. ဘယ်ကလာ အာဇာနည် မိသားစုဝင် ဖြစ်ရမှာလဲ.. အာမခံချက်ငါးခု ရထားရုံပဲ ရှိတာ.. "
" ဒါပေမဲ့ ယီကျုံးဟိုင်က အာဇာနည် မိသားစုဝင်လို့ ပြောနေတာနော်.. ပြီးတော့ တပ်တော်ကိုတောင် ဖိနပ်ချုပ်ပေးဖူးတယ်ဆို.. "
" အဲ့ကောင်က သပ်သပ် ဉာဏ်နီဉာဏ်နက် များနေတာ.. အဲ့လို အဆင့်အတန်းမျိုး ပြောထားမှ သူ့ကို ဘယ်သူမှ မဆန့်ကျင် ရဲမှာလေ.. "
ယန်ဖူကွေ့က အထင်သေးဟန်ဖြင့် ပြောလိုက်သည် ။ သူ သိခဲ့သည့် အကြောင်းရင်းသည်တော့ ။ သူ ပေကျင်းသို့ ပြောင်းလာပြီး ဤခြံဝင်းသို့ ရောက်စဥ်က ဤခြံဝင်းတစ်ခုလုံး၏ ပိုင်ရှင်က နားမကြားသော အဘွားကြီးဖြစ်သည် ။
ယခုသူတို့နေထိုင်သော အိမ်သည် နားမကြားသော အဘွားကြီးထံမှ ဝယ်ထားခြင်းပင် ။
မှန်ပေသည် ။ ဤအိမ်က ယန်မိသားစုပိုင် ဖြစ်၏ ။ ထို့အပြင် ယီမိသားစု ၊ ရှာကျူး မိသားစု ၊ ရှီမိသားစုနှင့် လျှို မိသားစုတို့သည်လည်း အိမ်ပိုင်များ ဖြစ်သည် ။ ကျန်သည့် မိသားစုများက အလုပ်မှ နေရာချထားပေးခြင်းပင် ။
တရုတ်ပြည် လွတ်မြောက်ပြီးနောက်ပိုင်း ကွန်မြူနစ် အာဏာရလာချိန်၌ အဘွားကြီးသည် ထင်ကြေးပေးခံရမည်ကို ကြောက်၍ အိမ်အားလုံးကို လှူတန်းခဲ့ပြီး ယခု သူမ နေထိုင်သော အိမ်တစ်လုံးသာ ကျန်ရစ်ခဲ့သည် ။
( ထင်ကြေးအပေးခံရမှာ ဆိုတာက ..ကွန်မြူနစ် အာဏာ ရလာတဲ့ အချိန် မြေပိုင်ရှင်တွေ လူချမ်းသာတွေကို ဖမ်းဆီးတာ ၊ ပိုင်ဆိုင်မှုတွေ အကုန် အသိမ်းခံရမှာတွေကို ကြောက်လို့ ထောက်ခံသူပါဆိုပြီး လှူလိုက်တာ ..အဲ့ခေတ်က ပိုက်ဆံရှိရင်တောင် ပေါ်ပေါ်ထင်ထင် ထုတ်သုံးလို့မရဘူး အရင်းရှင်ဆိုပြီး ထင်ကြေးပေးခံရမှာ ကြောက်လို့ )
ထိုသို့ လှူတန်းခဲ့မှုကြောင့် သူမ တစ်ယောက်ထဲသာ ကျန်တော့သည်ကို လမ်းရုံးက သိသောအခါ အာမခံချက်ငါးခု ပေးထားလိုက်၏ ။
အာဇာနည် မိသားစုနှင့် တပ်တော်ကို ဖိနပ်ပို့သည်က ယီကျုံးဟိုင် ဖန်တီးထားခြင်း ဖြစ်သည် ။
နားမကြားသော အဘွားကြီးသည် ပေကျင်းမှ ထွက်မသွားဘူးသလို အဋ္ဌမလမ်းကြောင်း တပ်မတော်သည်လည်း ပေကျင်းကို ဖြတ်မသွားဖူး၍ သူမ မည်သို့ ဖိနပ်ပို့နိုင်ပါမည်နည်း ။
ဤသည်က ရယ်စရာ ကောင်းလွန်းလှ၏ ။
ယန်ကျီဝမ်က စိတ်လှုပ်ရှားစွာဖြင့်...
" အဖေ.. ဒါဆိုရင် ယီကျုံးဟိုင်တို့က အာဇာနည်မိသားစုဝင်အဖြစ် လိမ်နေကြတာပေါ့.. ဒါ ရာဇဝတ်မှုကြီးပဲ မလား.. "
ယန်ဖူကွေ့က စိတ်လှုပ်ရှားနေသော သူ၏ သားကို ကြည့်၍ မျက်မှောင်ကြုတ်ကာ...
" ခွေးမသားလေး.. မင်းသွားတိုင်ဖို့ စဥ်းစားနေတာလား.. "
" ဒါပေါ့.. ဘာလို့ မလုပ်ရမှာလဲ.. "
ယန်ကျီဝမ် မငြင်းချေ ။
" မတိုင်တာဘဲ ကောင်းလိမ့်မယ်.. လူအများကြီးကို စိတ်အနှောက်အယှက် ဖြစ်စေလိမ့်မယ်ဟ.. ပြီးတော့ သူ့မှာ အဆက်အသွယ်တွေ ရှိတယ်.. သက်သေ အတိအကျ မရှိရင် ဘာမှ ထူးလာမှာ မဟုတ်ဘူး.. "
ယန်ဖူကွေ့က မြန်မြန် ဖြောင့်ဖြလိုက်ရ၏ ။
ခြံဝင်းထဲရှိ လူများကို စည်းရုံးပြီး တိုင်မည်ဆိုလျှင်လည်း လက်တွေ့မကျပေ ။ ခြံဝင်းထဲရှိ လူများသည် ယီကျုံးဟိုင်ကို ကြောက်ကြ၍ မည်သူမှ ရှေ့ထွက်ရဲမည် မဟုတ် ။
" ဒီနေ့ ကိစ္စပြီးရင် ဒီကောင် နောက်ထပ် ရန်စရဲမှာ မဟုတ်ဘူး.. ဒီအတိုင်းသာ ထားလိုက်တာ ကောင်းပါတယ်.. "
" ပြီးတာပဲလေ.. "
သူတို့အိမ်ထဲတွင် သူတို့နှစ်ယောက်၏ စကားကို နားထောင်ပြီး မျက်လုံးများ တောက်ပလာသူ တစ်ယောက် ရှိကြောင်းကို သားအဖနှစ်ယောက် သတိထားမိပုံ မရချေ ။
မီးဖိုခန်းအတွင်း ဝင်ပုန်းသွားသူမှာ ယခုအထိ ပြန်ထွက်မလာသေးပေ ။
လျှိုဟိုင်ကျုံးသည် ယီကျုံးဟိုင်တို့ ပြန်သွားသည်နှင့် ထွက်လာရန် ပြင်လိုက်သော်လည်း ယန်ဖူကွေ့တို့ သားအဖပြောနေသည်ကို ကြားပြီး တိတ်တိတ်လေး နားထောင်နေလေ၏ ။
သူ၏ ခေါင်းထဲတွင် နေမင်းကြီး တောက်ပသွားသည် ။
လျှိုဟိုင်ကျုံးသည် ယီကျုံးဟိုင်ကို တိုင်ကြားရန် ဆုံးဖြတ်လိုက်တော့သည် ။
သို့ရာတွက် ယန်ဖူကွေ့ ပြောသလို အိမ်နီးချင်းများ ပါမလာမည်ကို စိုးရိမ်ရ၍ အရင်ဆုံး စည်းရုံးရေး ဆင်းရပေမည် ။
သူ ဆုံးဖြတ်ပြီးသည်နှင့် ခြောင်းဟမ့်လိုက်ပြီး ယန်သားအဖကို သူရှိနေကြောင်း သတိပေးလိုက်သည် ။
" အဟမ်း..အဟမ်း.."
ယန်ဖူကွေ့ လန့်သွား၏ ။
" အဘိုးကြီးလျှို.. ခင်ဗျား ထွက်မသွားရ သေးဘူးလား.. "
လျှိုဟိုင်ကျုံးက မတက်သာသည့် အမူအရာဖြင့်..
" ဟိုအဘွားကြီးလာတော့ ကျုပ် ထွက်ချိန် မရလိုက်ဘူး.. "
ယန်ဖူကွေ့ ခေါင်းညိတ်လိုက်သည်နှင့် လျှိုဟိုင်ကျုံးက ရှက်ရွံ့သော အပြုံးဖြင့်...
" အဘိုးကြီးယန်.. ကျုပ်မှာ လုပ်စရာလေးရှိလို့ သွားလိုက်အုံးမယ်နော်.. "
" ဟုတ်ပါပြီဗျာ.. "
လျှိုဟိုင်ကျုံး ထွက်သွားသည် ။
ယန်ဖူကွေ့ မျက်မှောက်ကြုတ်လိုက်၏ ။ သူ တစ်ခုခု လွဲချော်နေသလို ခံစားမိလိုက်သည် ။
ထို့နောက် မှန်ကွဲများကို သန့်ရှင်းရေး လုပ်နေရင်းမှ လက်ခုပ်ထတီးပြီး ...
" ဖြောင်း... ငါ သိပြီ.. "
ယန်ကျီဝမ်က ရှုပ်ထွေးစွာဖြင့် ...
" အဖေ ဘာလို့ လက်ခုပ်တီးပြီး ထအော်နေတာလဲ.. "
ယန်ဖူကွေ့က မျက်မှောင်ကြုတ်ပြီး ယန်ကျီဝမ်အနားသို့ တိုးကပ်ကာ တိုးတိုးလေး မေးလိုက်သည် ။
" ဒုတိယသား မှန်မှန်ပြော.. မင်း တမင်လုပ်တာမလား.. "
" ဘာကိုလဲ.. "
ယန်ကျီဝမ် ပို၍ပင် ရှုပ်ထွေးသွားသည် ။
" မင်း လျှိုဟိုင်ကျုံး ထွက်မလာသေးတာကို သိတယ်မလား.. ခုနက စကားတွေက သူကြားအောင် တမင် ပြောလိုက်တာမလား.. "
ယန်ဖူကွေ့က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည် ။
" ရပြီ.. ရပြီ.."
ယန်ကျီဝမ်က လက်မထောင်ပြလိုက်ပြီး အကူအညီမဲ့ဟန်ဖြင့်...
" အဖေက အဖေပီသလိုက်တာ.. အဖေ့ကို ပတ်လို့ မရဘူးဘဲ.."
မှန်ပေ၏ ။ ယန်ကျီဝမ် ရည်ရွက်ချက် ရှိရှိ လုပ်ခဲ့ခြင်းပင် ။
သူ ကိုယ်တိုင် တိုင်ရန် လုံးဝ မစဥ်းစားခဲ့ချေ ။ အောင်မြင်လျှင်ပင် အကျိုးအမြတ်ထက် အရှုံးကပို၏ ။
ထို့အပြင် ယီကျုံးဟိုင်အား ထောင်ထဲသို့ မထည့်နိုင်သည်မှာ သေချာလှသည် ။ ထို့ကြောင့် ရန်ပွဲကို နောက်တစ်ဆင့်သို့ တွန်းမပို့ချင်ပေ ။
သူ အရင်က တွေးခဲ့သလိုပင် ငါးမျှား သွားသည်ကမှ အကျိုးရှိချေမည် ။
ထို့အပြင် ယီကျုံးဟိုင်သည် ယနေ့ကိစ္စပြီးသည့်နောက်ပိုင်းတွင် သူ့အား ပြဿနာ ရှာမည်ဆိုလျှင် နှစ်ခါပြန် စဥ်းစားနေမည်ဟု သူယုံကြည်သည် ။
ထို့ကြောင့် တိုင်ရန် မလိုအပ်ပေ ။
သို့ပေသိ သူ မလုပ်ချင်လျှင်ပင် တခြားသူတစ်ယောက်အား ထိုးကျွေး၍ ရ၏ ။ ယီကျုံးဟိုင်အား ထောင်ထဲသို့ မထည့်နိုင်လျှင်ပင် စိတ်ဒုက္ခပေးနိုင်သည် ။
ထိုအခိုက် လျှိုဟိုင်ကျုံး ထွက်မလာသေးသည်ကို သတိရသွားပြီး ယန်ဖူကွေ့အား တမင် မေးလိုက်ခြင်းပင် ။
လျှိုဟိုင်ကျုံးသည် ပထမဦးလေး ဖြစ်လာမည့် အခွင့်အရေးတွေ့လျှင် ဖြစ်သည့်နည်းနှင့် ရအောင်လုပ်ပေမည် ။
ယခု လျှိုဟိုင်ကျုံး၏ အလျင်စလို အမူအရာကို ကြည့်လျှင် ငါးစာ ကိုက်မိသွားသည်မှာ သေချာလေ၏ ။
မနက်ဖြန်တွင် မမျှော်လင့်ထားသည့် ကိစ္စတစ်ခုခု ကြုံမလာခဲ့လျှင် ဤအဘိုးကြီး သေချာပေါက် လမ်းရုံးသို့ သွားပေတော့မည် ။
ယန်ကျီဝမ် ဝန်ခံလိုက်လျှင် ယန်ဖူကွေ့ လက်ညှိုးတထိုးထိုးနှင့် အချိန်အတော်ကြာအောင် ဆွံ့အသွားပြီးမှ စကားတစ်ခွန်းသာ ပြောလိုက်နိုင်၏ ။
" ကလိမ်ကကျစ်ကောင်...မြေခွေးလေး.. "