← Chapters

အခန်း ၆၁-၆၂

Vol. 6 Ch. 61-62

အခန်း ၆၁-၆၂

Vol. 6 Ch. 61-62

Chapter 61+62

~

အခန်း ၆၁+၆၂ : မနေ့ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား..

~

နောက်တနေ့ မနက်...

လျှိုဟိုင်ကျုံးသည် မနက်စာကို ပါးစပ်ထဲ ပလုပ်ပလောင်းထည့်၍ အပြင်သို့ ထွက်လာခဲ့၏ ။ သူ အလုပ်သွားရန် အလျင်လိုနေခြင်းမဟုတ် ။ ယနေ့ လမ်းရုံးသို့ အလည်သွားရန် အလျင်လို နေခြင်းပင် ။

အာဇာနည်မိသားစုအဖြစ် လိမ်ကြောင်း ဖော်ထုတ်ပြီးသည်နှင့် ယီကျုံးဟိုင်၏ ပထမဦးလေးနေရာက သူ့အတွက် ဖြစ်လာပေချိမ့်မည် ။

နောင်တစ်ချိန်တွင် ခြံဝင်းအတွင်း အာဏာအရှိဆုံးသူ ဖြစ်လာမည်ကို တွေးရင် လျှိုကျုံးဟိုင်က လမ်းလျှောက်ရသည်ကိုပင် တိမ်ပေါ် လွင့်နေသလို ခံစားမိနေသည် ။

သီချင်း တညီးညီးဖြင့် ဆက်လျှောက်လာခဲ့သည် ။

ယန်မိသားစု.....

ယန်ကျီဝမ်သည် မနေ့ညက စောစော အိပ်ရာဝင်ခဲ့သဖြင့် မနက်စောစော နိုးလာခဲ့၏ ။

မနက်စာ စားပြီသည်နှင့် တံခါးဝတွင် ထိုင်ကာ ငါးစာလုပ်နေသည် ။ သူ မနေ့က ငါးမမျှားခဲ့ရသဖြင့် အမှတ်မရခဲ့ပေ ။ ယနေ့ နှစ်ရက်စာ မျှားရန် ဆုံးဖြတ်ထားသည် ။

" ဟ မွှေးလိုက်တာ.. ဒုတိယသား ဘာလုပ်နေတာလဲ.. "

အလုပ်သွားရန် ပြင်နေသည့် ယန်ဖူကွေ့ နှာခေါင်းတရှုံ့ရှုံ့ဖြင့် ရောက်လာသည် ။

" ငါးအုံလုပ်ဖို့ ငါးစာ လုပ်နေတာ.. "

ယန်ကျီဝမ်က မော့မကြည့်ဘဲ ပြန်ဖြေသည် ။

" အမ်.. အရက်တွေရော ပါတာလား.."

ယန်ဖူကွေ့ ထိုင်ချ၍ သေချာကြည့်ပြီးနောက် စိတ်ဆင်းညိုသွားကာ ...

" အိုး ..ဘုရား.. ဘုရား ..ငါးစာလုပ်ဖို့ ထည့်တာတွေက စုံနေပါရောလား ..ပြောင်းဖူးမှုန့်တွေရော.. ဂျုံမှုန့်တွေရော.. မင်းကလည်း ဖြုန်းတီးလိုက်တာကွာ.. "

ယန်ကျီဝမ် ရယ်လိုက်ပြီး...

" ဟီးဟီး.. ငါးအုံ မလုပ်ရင် ဘယ်ငါးက လာမလဲ.. အဖေ့လို ကံကို အားကိုးပြီး လက်ဗလာနဲ့ အိမ်ပြန်လာရမှာလား.. "

" ပေါက်ကရ မပြောနဲ့.. ငါ ဘယ်တုန်းကမှ လေတပ်မှာ အမှုမထမ်းဖူးဘူး.. "

( ငါးမရဘဲ လက်ဗလာပြန်တဲ့ ငါးမျှားလောက တရုတ်ဗန်းစကား ..ဗလာ နဲ့ လေတပ် အစစာလုံး နာမည်တူလို့... )

ယန်ဖူကွေ့ ချက်ချင်းပင် တုန့်ပြန်လိုက်သည် ။

" ဟုတ်တယ်.. ဟုတ်တယ်.. အဖေက အမြဲလက်ဗလာ ပြန်တာ မဟုတ်ဘူး ငါးဖြူလေး တစ်ကောင်နှစ်ကောင်တော့ တစ်ခါတစ်လေ ပါတက်တယ်.. "

" ဒါပေါ့.. "

ယန်ဖူကွေ့က ဂုဏ်ယူစွာ ခေါင်းညိတ်လိုက်၏ ။ မည်မျှပင် သေးစေကာမူ ငါးသည်က ငါးသာဖြစ်သည် ။ လေတပ်သားဟု မစော်ကား သင့်ပေ ။

ထို့နောက် ယန်ဖူကွေ့က ဆက်ပြော၏ ။

" ပြီးတော့.. မင်းပြောင်းဖူးမှုန့် သုံးတာ မများဘူးလား.. ကြည့်အုံး အရက်ထည့်ပေမဲ့ ပိုင်ကျို အနံ့တောင် မထွက်တော့ဘူး.. ပိုက်ဆံ ဘယ်လောက်တောင် ကုန်လဲ.. "

ယန်ကျီဝမ်က ခေါင်းခါလိုက်ပြီး...

" အဖေ...ကပ်စီးအရမ်းနဲ မနေနဲ့ ..လိုချင်ရင် အပေးရှိရမယ်တဲ့.. ငါးစာ ကောင်းကောင်းသုံးမှ ငါးကြီးကြီး ရမှာပေါ့.. "

" ငါ ဘာမှ မပြောတော့ဘူး.. နှမြောစရာ ကောင်းလို့ပါ.. "

ဤသည်ကို ယန်ဖူကွေ့ နားလည်သော်လည်း တစ်သက်လုံး ချွေတာလာသူဖြစ်၍ နှမြောမိပေ၏ ။

" အဖေ.. ကျောင်းနောက်ကျတော့မယ် မြန်မြန်သွားတော့.. "

ယန်ကျီဝမ်က ပြုံးလိုက်ပြီး...

" ဒီနေ့ ငါးမျှားပြီးရင် အဖေ့အတွက် အရက်ကောင်းကောင်းတစ်လုံး ဝယ်ခဲ့ပေးမယ်.. အဆင်ပြေလား.. "

" မင်း သာ ငါးမိအောင် အရင်ဖမ်းစမ်းပါအုံး.. "

ပြောပြီသည်နှင့် ယန်ဖူကွေ့ ထွက်သွားတော့သည် ။ သို့ပေသိ သူ့သားက သူအပေါ်သိတက်နေ၍ အလွန်ပင် ပီတိဖြစ်နေသည် ။

' နှစ်တွေအများကြီးကြာအောင် ကလေးတွေကို ပျိုးထောင်ခဲ့တာ..ငါ နောက်ဆုံးတော့ သားသမီးတွေ သိတက်တာကို ပထမဆုံးအကြိမ် ခံစားဖူးတော့မယ်.. "

သားကြီး သည်ရော ။ ထည့်ကို မေးရန် မသင့်ချေ ။ အလုပ်လုပ်နေသည်မှာ ကြာပြီဖြစ်သော်လည်း မိဘကို သိတက်မှု မရှိသေးပေ ။

လစဥ် ပေးရမည့် လခကိုပင် မနည်းကုန်းရုန်းရှာနေရ၏ ။

" ယန်လောင်အာ.. "

ယန်ဖူကွေ့ ထွက်သွားပြီး မကြာခင် ရှာကျူးရောက်လာပြီး ယန်ကျီဝမ်အား နွားရိုင်းတစ်ကောင်လို ကြည့်လိုက်သည် ။

မနေ့က ယန်လောင်အာ ထိုးလိုက်သည့် လက်သီးကြောင့် ညသန်းခေါင်ယံအထိ အိပ်ပျော်နေခဲ့၏ ။

သူ နိုးလာလာခြင်း စာရင်းရှင်းရန် ပြင်လိုက်သော်လည်း သေချာစဥ်းစားပြီးနောက် မလုပ်ရန် ဆုံးဖြတ်ခဲ့သည် ။

" ဟားဟားဟားး.."

ယန်ကျီဝမ် မော့ကြည့်ပြီးနောက် ကျယ်လောင်စွာ ရယ်လိုက်၏ ။ ရှာကျူး၏ နှာခေါင်းက ယောင်ကိုင်းနေပြီး ဂွမ်းစတစ်ခု ထိုးထည့်ထားသည် ။

ယန်ကျီဝမ်က စလိုက်၏ ။

" သြော် နိုးလာပြီလား... မနေ့ညက အိပ်လို့မှ ကောင်းရဲ့လား.. "

ဤစကားက ရှာကျူးအား ​ဒေါသ ပေါက်ကွဲထွက်စေမတက်ပင် ဖြစ်သွားစေသည် ။

သူက လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး ဟိန်းဟောက်လိုက်၏ ။

" ယန်လောင်အာ.. မင်းကိုမင်း ဆရာကြီး ထင်မနေနဲ့.. မနေ့က ငါ သတိလွတ်သွားလို့ ခံလိုက်ရတာ.. "

" အိုး.. "

ယန်ကျီဝမ်က ခပ်ပေါ့ပေါ့သာ ပြန်ဖြေလိုက်သည် ။

" မင်းပြောချင်တာက ..နောက်တစ်ကြိမ် ထပ်စမ်းချင်လို့လား.. "

ထိုသို့ ပြောပြီးနောက် ယန်ကျီဝမ် မတ်တပ်ထရပ်လိုက်သည် ။

ထိုသည်ကို မြင်လျှင် ရှာကျူးသည် မနေ့က လက်သီးချက်ကို သတိရမိသွားပြီး ခေါင်းနည်းနည်း ပုဝင်သွား၏ ။

ယန်ကျီဝမ်၏ လက်သီးက အလစ်တိုက်သည်ဟု ပြော၍ ရနိုင်သော်လည်း ခွန်အားသန်မာမှုကိုမူ ငြင်း၍ မရချေ ။ သူ့ကို လက်သီးတစ်ချက်တည်းဖြင့် မှောက်အောင် ထိုးနိုင်သူကို ယခုမှသာ ကြုံဖူးခြင်းဖြစ်သည် ။

သူနောက်ဆုတ်ချင်သော်လည်း ဟန်လုပ်ရပေဦးမည် ။

" ယန်လောင်အာ မောက်မာ မနေနဲ့.. ငါ ဒဏ်ရာပျောက်သွားတဲ့အခါ မင်းကို သင်ခန်းစာ ကောင်းကောင်း သင်ပေးမယ် .."

ခပ်ကြမ်းကြမ်း ပြောပြီး​နောက် ရှာကျူးက ဒေါသတကြီး ထွက်သွားသည် ။

" ဝါးး.. အကိုနှစ် အရမ်းမိုက်တယ်.. ရှာကျူးတောင် အကို့ကို ကြောက်နေပြီ.. "

ထိုအခိုက် ကလေးနှစ်ယောက် ထွက်လာပြီး ယန်ကျီဝမ်အား လေးစားအားကျစွာ အော်လိုက်ကြသည် ။

သူတို့၏ အမြင်အရ ရှာကျူးဟူသည် ပြိုင်ဘက်ကင်း တိုက်ခိုက်ရေး သမားပင် ။ ယခု သူတို့၏ အကိုနှစ်က အနိုင်ယူလိုက်၍ သူတို့ အကိုနှစ်က ပြိုင်ဘက်ကင်း ဖြစ်သွားချေသည် ။

ရှာကျူးက အဝေးသို့ မရောက်သေးသဖြင့် ထိုအသံကို ကြားလိုက်ရပြီး ခလုတ်တိုက်မိမလိုပင် ဖြစ်သွား၏ ။

သူ စိတ်အနှောက်အယှက်ဖြစ်စွာ တွေးလိုက်မိသည် ။

' ကလေးစုတ်တွေ.. အမှန်တရားကို အကျယ်ကြီး အော်စရာလိုလို့လား.. ငါ့ရဲ့ ခြံဝင်းစစ်နတ်ဘုရား ဂုဏ်သိက္ခာကို ဘယ်နား သွားထားရမလဲ.. "

ထို့နောက် သူ၏ ခြေလှမ်း များကို အရှိန်မြှင့်တင်လိုက်သည် ။ ဤနေရာမှ မြန်မြန်ထွက်သွားမှ ဖြစ်ချေမည် ။

ယန်ကျီဝမ်က ပြုံးလိုက်ပြီး...

" မင်းတို့ မျက်နှာ နာနေသေးလား.. "

" နာတော့ မနာတော့ဘူး.. မေမေ မနေ့က ကြက်ဥနဲ့ လိမ့်ပေးတာ တော်တော်သက်သာ သွားပြီ.. "

ကလေးနှစ်ယောက်က ပြုံးရွှင်စွာ ပြောလိုက်သည် ။

ယန်ကျီဝမ်က သေချာစစ်ဆေးကြည့်လိုက်ရာ အရောင်ကျသွားသည်ကို မြင်မှ သက်ပြင်းချလိုက်သည် ။

ယန်ကျီခွမ်းက သတိထားပြီး မေးလိုက်၏ ။

" ငါးမျှားတဲ့နောက် သားတို့ရော လိုက်လို့ရမလားဟင်.. သားတို့ လျှောက်မပြေးပါဘူး ငြိမ်ငြိမ်လေး ထိုင်ကြည့်မယ်လေ.. "

ယန်ကျီတိကလည်း မျှော်လင့်တကြီး ကြည့်လိုက်သည် ။

ယန်ကျီဝမ်က ခေါင်းခါ၍...

" မရပါဘူးဆို.. ခြံဝင်းထဲမှာပဲ အေးဆေး ကစား.. ငါ အလုပ်ရှုပ်နေမှာဆိုတော့ မင်းတို့ကို လိုက်ကြည့် မနေနိုင်ဘူး.. "

" အကိုနှစ်...ကမ်းနား မကပ်ဘူးလေ.. အဝေးကပဲ ကြည့်နေပါ့မယ်.. ခေါ်သွားပေးပါနော်.. "

ယန်ကျီခွမ်းက လက်​မလျော့ချင်ပေ ။

" ဒုတိယသား.. သူတို့ကို ခေါ်သွားလိုက်ပါလား ..မနေ့ကလိုမျိုး ထပ်ဖြစ်နေမှာ စိုးရတယ်.. "

ထိုအချိန်၌ ရန်ရွေ့ဟွား ထွက်လာပြီး တိုက်တွန်းလိုက်၏ ။ သူမ တွင် အိမ်အလုပ်များစွာ ရှိ၍ ကလေးနှစ်ယောက်ကို အချိန်ပြည့် ကြည့်မနေနိုင်ချေ ။

" မဖြစ်ပါဘူးဗျာ ..ကန်နားမှာက အန္တရာယ် များလွန်းတာ်.. "

ယန်ကျီဝမ် ခေါင်းခါလိုက်ပြီး...

" အမေ စိတ်မပူပါနဲ့.. မနေ့က ဖြစ်ခဲ့တာကြောင့် သူတို့ ပြဿနာ ရှာရဲမှာ မဟုတ်တော့ဘူး.. "

ထို့နောက် ကလေးနှစ်ယောက်ကို ...

" မင်းတို့ အဲ့သားရဲလေးနဲ့ သွားမဆော့နဲ့.. ဆော့ချင်ရင် ဘေးခြံဝင်း သွားဆော့ကြ.. "

ယန်ကျီဝမ်၏ စကားကို ကြားလျှင် ရန်ရွေ့ဟွားက ဆက်၍မဖြောင့်ဖြတော့ချေ ။ ဟောက်ဟိုင်ကန်က ကလေးများအတွက် အန္တရာယ်များသည်က မှန်လေသည် ။

ကလေးနှစ်ယောက်က အနည်းငယ် စိတ်ပျက်သွားကြ၏ ။ မနေ့က ကိစ္စကြောင့် သူတို့ ထိတ်လန့်နေဆဲပင် ။ ပြိုင်ဘက်ကင်း သူတို့၏ အကိုနှစ်အနား နေရလျှင် ပို၍ ဘေးကင်းမည်ဟု သူတို့ ခံစားမိနေသည် ။

" ရော့.. သကြားလုံးတွေ ယူသွား.. ဒီနေ့ ဘေးခြံမှာ သွားဆော့လိုက်.. "

ထိုသည်ကို မြင်လျှင် ယန်ကျီဝမ် စိတ်မကောင်းဖြစ်သွားပြီး သကြားလုံးများ ထုတ်ယူကာ လက်ထဲသို့ ထည့်ပေးလိုက်သည် ။

" ကျေးဇူးတင်ပါတယ် အကိုနှစ်.. "

ကလေးနှစ်ယောက် ပျော်သွားကြသည် ။

" ဒါ.. အဖြူရောင်ယုန် နို့သကြားလုံးတွေမလား .."

ရန်ရွေ့ဟွား ထိတ်လန့်သွားပြီး...

" ဒုတိယသား ..ဒီသကြားလုံးတွေ ဘယ်က ရလာတာလဲ.. ပေးလိုက်တာလဲ အများကြီးပဲ ကြည့်စမ်း.. အရမ်းဖြုန်းတီးလိုက်တာ.. "

သူမက ကလေးနှစ်ယောက်ထံသို့ လက်ဆန့်ထုတ်ပြီး...

" ငါ့ကိုပေး.. တစ်ယောက်တစ်ခု စီပဲယူ.. အမေ သိမ်းထားပေးမယ် .."

ကလေးနှစ်ယောက်က ငိုမဲ့မဲ့ဖြင့် ယန်ကျီဝမ်အား အားကိုးတကြီး ကြည့်လိုက်ကြ၏ ။

" မင်းတို့ အကို ကို ဘာလို့ ကြည့်နေတာလဲ ..မြန်မြန်ပေး.. "

ရန်ရွေ့ဟွားက ခိုင်မာစွာ ပြောလိုက်၏ ။

" အမေကလဲ.. ဒါသကြားလုံးနည်းနည်းပဲကို ဘာဖြစ်မှာလဲ.. "

ယန်ကျီဝမ် ပြောလိုက်ပြီး ရန်ရွေ့ဟွား၏ လက်ထဲသို့ သကြားလုံး လက်တစ်ဆုပ်စာ ထည့်ပေးလိုက်ကာ ကလေးနှစ်ယောက်ကို မျက်ရိပ်ပြလိုက်သည် ။

ကလေးနှစ်ယောက်က နားလည်သွားပြီး ကစားရန် အပြင်သို့ လျင်မြန်စွာ ပြေးထွက်သွားကြ၏ ။

ရန်ရွေ့ဟွားက ယန်ကျီဝမ်ကို မျက်စောင်းထိုးလိုက်ပြီး ...

" ဘာကို သကြားလုံး နည်းနည်းလဲ.. အဲ့တာ မင်း မငတ်ဖူးလို့ပြောတာ ..ဘာမှ စားစရာမရှိတဲ့ အခါကြရင် ဒီသကြားလုံးနည်းနည်းက အသက်ကယ်နိုင်တယ်.. "

ထို့​နောက် သူမ သကြားလုံးသိမ်းရန် အိမ်ထဲသို့ ဝင်သွားတော့သည် ။

All Chapters