အခန်း ၂၃၉
Vol. 16 Ch. 239
အပိုင်း ( 239 )
ငါ့ကို မယုံဘူးလား။ မေ့လိုက်တော့
လုချန်ရှန်းက မတ်တပ်ထရပ်လိုက်သည်။ သူ၏ စကားလုံးများက နက်နဲသော ဆိုလိုရင်းတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
သူ၏ အမူအရာက အလွန်တရာ လေးနက်နေကာ ထိုလူများကို သတိပေးနေသည့်အလား ဖြစ်နေခဲ့သည်။ သို့သော် ၎င်းက ထိုလူတို့အား မျှော်လင့်ချက်ကို မြင်တွေ့သွားစေခဲ့သည်။
“ ကိစ္စက အဲ့လိုဖြစ်နေပြီဆိုမှတော့ အဲ့ဒီကံကြွေးကို ဘယ်လိုရှင်းထုတ်ရမလဲဆိုတာကို စီနီယာက သိမှာပါ “
“ ငါသိတယ် “
“ စီနီယာ ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ကို သင်ပြပေးပါ “
အားလုံးသည် စိတ်ပိုင်းဖြတ်ထားသော အမူအရာတို့ဖြင့် မတ်တပ်ထရပ်၍ ဦးညွတ်လာကြသည်။ ၎င်းက လုချန်ရှန်းကိုပင် စိတ်လှုပ်ရှားသွားစေခဲ့သည်။
ကံကြွေးအကြောင်းကို မည်သူကမှ အသေအချာ မပြောနိုင်ကြပေ။ သို့သော် သူတို့သည် လုချန်ရှန်းက လှေပေါ်တွင် ထိုင်ကာ တာအိုများကို ဆွဲထုတ်နေသည်ကို မြင်တွေ့ခဲ့ဖူးကြသည်။ ထို့ကြောင့် သူက မည်ကဲ့သို့ ဖြေရှင်းရမလဲဆိုသည်ကိုသိနေမည် ဖြစ်သည်။
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ဒီနေရာက ဘယ်လိုဖွဲ့စည်းထားလဲဆိုတာကို မင်းတို့တွေ သိကြမှာပဲ။ ပင်လယ်ထဲမှာ မိစ္ဆာဝိညာဥ်တွေနဲ့ သရဲတွေ မင်းတို့က လှေနဲ့သွားမှဖြစ်မယ်။ ဒါပင်မဲ့ လှေက မင်းတို့ဟာ မဟုတ်ဘူး။ အဲ့တာက တစ်ခြားတစ်ယောက်ဆီကနေ ငှားခဲ့ရတာ။ အဲ့အတွက် ကံကြွေးက သေချာပေါက် ဖြစ်လာမှာပဲ “
သူသည် ဖြည်းဖြည်းချင်း စကားပြောနေခဲ့ပြီး စကားလုံးတစ်ခုချင်းစီတိုင်းက လိုရင်းတိုရှင်းဖြစ်နေခဲ့သည်။
တစ်ချို့သော အရာများက နားမလည်နိုင်စရာဖြစ်သော်လည်း ဤနေရာ၏ တည်ရှိမှုက အမှန်ပင် ထူးဆန်းနေခဲ့နေသည့်အတွက် ထိုမျှကျင့်ကြံရေး မြင့်မားသည့် လူတစ်ဦးကို မြင်လိုက်ရသောအခါတွင် သူတို့က ထိုလူ့ကို မည်သို့မျှ သံသယမဝင်ဘဲ ယုံကြည်သွားကြ၏။
အဓိကအကြောင်းအရင်းကမူ ထျန်းကျီစံအိမ်၏ လူများက သူ့ကို ငြင်းဆိုခြင်း မပြုခဲ့သောကြောင့် ဖြစ်သည်။ သူတို့က ကောင်းကင်ဘုံအောက်ရှိ အရာအားလုံးကို သိရှိသည်ဟု ကြွေးကြော်ထားကြသော်လည်း ဤနေရာမှာ အလွန်တရာ ထူးခြားနေခဲ့သည်။ သူတို့က တစ်ချို့သော အရာများကိုသာ သိရှိထားခဲ့ပြီး အရာရာတိုင်းကို မသိကြသောကြောင့် ဆုံးဖြတ်ချက်တစ်ခုကို အလျင်စလို မချဝံ့ကြပေ။
ထို့အပြင် သူတို့က ထွင်းဖောက်မမြင်နိုင်သော ဤလူ၏ ရုတ်တရက် ရောက်ရှိလာမှုကို မေးမြန်းရန် လိုအပ်နေသေးသည်။
“ အဲ့တာဆိုရင် ကျွန်တော်တို့က အဲ့ဒီကံကြွေးကို ဘယ်လိုပြန်ပေးဆပ်ရမလဲဗျ “ တစ်စုံတစ်ဦးက အရေးကြီးသော မေးခွန်းတစ်ခုကို ထုတ်မေးလာခဲ့သည်။
လုချန်ရှန်းမှာ အချိန်အတော်ကြာ တွေးတောစဥ်းစားနေခဲ့ပြီးမှ ပြန်ပြောလိုက်သည် “ မင်းတို့ရဲ့ ခန္ဓာကိုယ်နဲ့ ပြန်ပေးဆပ်ရမှာ “
“ အဲ့တာက ……. “
“ မင်းတို့က အဲ့တာကို မလိုချင်လောက်ကြဘူး။ အဲ့တာကြောင့် အရိုးရှင်းဆုံး နည်းလမ်းကို သုံးလိုက်ကြတာပေါ့။ စတေးပြီးတော့ ဆုဆောင်းလိုက် “
“ ဘယ်လိုစတေးမှုမျိုးလဲဗျ “ ထျန်းရီ မြင့်မြတ်နယ်မြေ၏ လူတစ်ဦးက မေးမြန်းလာခဲ့သည်။
လုချန်ရှန်းက ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ စိတ်ဝိညာဥ် ဝိညာဥ်ကျောက်တုံး ဝိညာဥ်ဆေး စိတ်ဝိညာဥ်စမ်းရေ ……… စိတ်ဝိညာဥ်အဆီအနှစ်ပါတဲ့ ဘယ်အရာကိုမဆို စတေးလို့ရတယ် “
ဟမ်
ချက်ချင်းဆိုသလိုပင် လူတိုင်း အတွေးနက်သွားကြသည်။
အကြောင်းအရင်းတစ်ချို့ကြောင့် သူတို့သည် တစ်ခုခု ထူးဆန်းနေသည်ဟု အမြဲလိုလို ခံစားနေကြရသည်။
လူတစ်ဦးက ထပ်မံ၍ မေးမြန်းလာခဲ့၏ “ ဒါဆိုရင် ကျွန်တော်တို့က ဘယ်လိုမျိုး စတေးသင့်လဲဗျ “
လုချန်ရှန်းသည် အလောတကြီး မတုံ့ပြန်လိုက်ပေ။ ထို့အစား အေးအေးဆေးဆေး ပြန်ပြောလိုက်သည် “ တကယ်လို့ မင်းတို့က သွားဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်ဆိုရင် အဲ့တာတွေ ငါ့ကိုပေးလိုက်။ မင်းတို့ကိုယ်စား ငါစတေးပေးမယ် “
“ စီနီယာက ကျွန်တော်တို့က ဘယ်လောက်ပြင်ဆင်ထားသင့်လဲဗျ “
“ စတေးတာက ကမ်းလှမ်းတဲ့ ပစ္စည်းတွေနဲ့ သက်ဆိုင်တယ်။ အဲ့တာကလည်း ရိုးသားမှုအပေါ်မှာ မူတည်တယ်။ မင်းတို့ရဲ့ စိတ်နှလုံးသားတွေက ဘယ်လောက်ရိုးသားလဲဆိုတဲ့အပေါ်မှာ မူတည်တာပေါ့ “ ထို့နောက်တွင် လုချန်ရှန်းမှာ လှည့်ထွက်သွားခဲ့သည်။ ထိုစဥ် သူသည် တစ်စုံတစ်ခုကို အမှတ်ရသွားကာ စကားထပ်ပြောလိုက်သည် “ မင်းတို့က ကိုယ်ဟာကိုယ် စဥ်းစားထားလို့ရတယ်။ မနက်ဖြန်ကျမှ ငါ့ကို အဖြေပြန်ပေးကြ။ တကယ်လို့ မင်းတို့က တကယ်စတေးချင်ကြတယ်ဆိုရင် စိတ်ဝိညာဥ် သွေးအဆီအနှစ်ကို စတေးတာက အကောင်းဆုံးပဲ “
“ သွေးစတေးတာလား “
လူတိုင်း အတွေးနက်သွားကြရပြန်သည်။
သို့သော် လုချန်ရှန်းမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သို့ရာတွင် လူအနည်းစုက လျင်မြန်စွာ တုံ့ပြန်လာကြသည်။ ၎င်းက ရှေးဟောင်း ယဇ်ပူဇော်ပွဲများ(သို့) စတေးခြင်းတွင် တိရစ္ဆာန်များကို ပူဇော်သက္ကာများအဖြစ် အသုံးပြုခြင်းမှာ အတွေ့များသော ကိစ္စတစ်ရပ်ဖြစ်သည်။
သို့သော် ယခုတွင်မူ သူတို့က အချက်တစ်ချက်ကို နားမလည်နိုင်ဖြစ်နေကြသည်။ ရိုးသားရမယ်ဆိုတာက ဘာကိုဆိုလိုတာလဲ။
သူတို့အားလုံး တွေးတောစဥ်းစားနေစဥ်အချိန်မှာပင် ဝူရွှမ်က စကားစပြောလာခဲ့သည် “ ရိုးသားတဲ့ စိတ်ရင်းမှန်ကို ဘယ်လိုလုပ် မြင်နိုင်မှာလဲ။ သုံးကြိမ်ဦးချပြီးတော့ ကိုးကြိမ်ဝပ်တွားတာတောင်မှ ရိုးသားတယ်လို့ မပြောနိုင်ဘူး။ မြင်နိုင်တဲ့ တစ်ခုတည်းသော အရာက ပူဇော်သက္ကာတွေပဲ “
လူတိုင်း၏ မျက်လုံးများ တောက်ပသွားကာ စကားပြန်ပြောလာကြသည် “ မင်းပြောချင်တာက ပူဇော်သက္ကာများလေလေ ပိုရိုးသားရာရောက်လေလေလို့ ဆိုလိုချင်တာလား “
ချက်ချင်းဆိုသလိုပင် လူတိုင်း နားလည်သွားပုံရသည်။
မကြာခင်အချိန်မှာပင် သူတို့သည် ဆွေးနွေးပြောဆိုစရာရှိနေသည့်အလား ဤနေရာမှ ထွက်ခွာသွားကြသည်။
ဤနေရာက အလွန်ပင် လျှို့ဝှက်ဆန်းကြယ်လှသည်။ ဟွာရှုနယ်ပယ် ကျင့်ကြံသူတစ်ဦးကို ထွင်းဖောက်မမြင်နိုင်ခဲ့ပေ။
ထျန်းကျီစံအိမ်မှ လူအနည်းငယ်ကသာ သံသယအပြည့်ဖြင့် စောင့်ကြည့်နေခဲ့ကြသည်။
“ အဲ့လူရဲ့ ဇစ်မြစ်ကဘာလဲ။ သူက ဘာလို့ ဒီနေရာမှာ ရှိနေရတာလဲ “
သူတို့သည် မသိကြသောကြောင့် မေးခွန်းပေါင်းများစွာ ထုတ်မေးနေကြသည်။ ထျန်းကျီစံအိမ်၏ မှတ်တမ်းများအတွင်းမှာပင် ထိုကဲ့သို့သော ဥပမာ သာဓကမျိုးကို တစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ဖူးချေ။
ထို့နောက်တွင် သူတို့က သူတို့၏ သက်ဆိုင်ရာ အကြီးအကဲ အသီးသီးဆီသို့ သွားကာ မေးမြန်းရန်နှင့် လမ်းညွှန်မှုကို တောင်းခံခြင်းကို ပြုလုပ်ခဲ့ကြသည်။ ၎င်းက နက်နဲသော နည်းလမ်းများကို ပိုင်ဆိုင်ထားသည့် ဟွာရှုနယ်ပယ် အဆင့်၅အထက် ကျင့်ကြံရေးကို ပိုင်ဆိုင်ထားသည့် အစွမ်းထက် ပညာရှင်တစ်ဦးဖြစ်သည်။
သို့ရာတွင် ထိုအကြီးအကဲက ခေါင်းခါပြ၍ ပြန်ပြောလာခဲ့သည် “ ငါမသိဘူး။ အဲ့တာမျိုးကို ဘယ်မှတ်တမ်းထဲမှာမှ မမြင်ခဲ့ဖူးဘူး။ ဒါပင်မဲ့ မင်းတို့ပြောစကားတွေအရဆိုရင် အဲ့လူဆီမှာ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ နည်းလမ်းမျိုးတွေ တကယ်ရှိတယ်။ ဇစ်မြစ်ကလည်း ထူးခြားတယ် (ဒါမှမဟုတ်) သူက ဟန်ဆောင်နေတာလဲ ဖြစ်နိုင်တယ်။ ဘယ်သူကသိမှာလဲ “
“ ဟန်ဆောင်တယ်ဆိုမှပဲ ကျွန်တော်က လုချန်ရှန်းကို မထင်မှတ်ပဲ တွေးမိသွားတယ်။ ဒါပင်မဲ့ ဒီတစ်ခါတော့ ဝင်ပေါက်ရှေ့မှာ နည်းလမ်းမျိုးစုံကို ကြိုတင်ပြင်ဆင်ထားခဲ့ပါတယ်။ သူရောက်လာတာနဲ့ ကျိန်းသေပေါက် အဖော်ခံလိုက်ရမှာပါ။ အဲ့တာကြောင့် သူမဟုတ်နိုင်ဘူး “
အကြီးအကဲမှာ ခေါင်းခါပြ၍ စကားထပ်ပြောလာခဲ့သည် “ ငါလည်း မသေချာဘူး။ ဒါပင်မဲ့ ကြိုးစားကြည့်လို့ရတာပဲ “
သူတို့က သံသယတကြီး ဖြစ်နေကြသေးသည် သို့သော် သူတို့သည် စုမူယွဲ့က တိတ်ဆိတ်ငြိမ်သက်နေသည်ကို မြင်တွေ့သွားကြသည်။ သူမမှာ တစ်စုံတစ်ခုကို တွေးတောစဥ်းစားနေသည့်အလား တင်းတင်းကြပ်ကြပ် မျက်မှောင်ကြုတ်နေလျက်ရှိသည်။
“ မူယွဲ့ တစ်ခုခုကို တွေးမိလို့လား “
ထိုအခိုက်အတန့်တွင် အကြီးအကဲတစ်ဦးက မေးမြန်းလာခဲ့ကာ သူမ၏ စိတ်ခံစားချက်များကို သိနေခဲ့သည်။
စုမူယွဲ့က ထူးထူးခြားခြား မွေးဖွားလာခဲ့သောကြောင့် သူမက တစ်စုံတစ်ခုကို အမှန်တကယ် အာရုံနေနိုင်ပေသည်။
သို့ရာ၌ ဒုတိယမြောက်နေ့ရက် သူတို့အားလုံး ရောက်လာကြသည့် အချိန်တွင် လုချန်ရှန်းက ငါးပင်မျှားနေပြီဆိုသည်ကို မြင်တွေ့သွားကြ၏။
“ မင်းတို့ ရောက်လာကြပြီပဲ “
တည်ငြိမ်အေးဆေးသည့် သူ၏အသံမှာ ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။ ထိုမျှလောက် အချိန်အတော်ကြာ ပြင်ဆင်နေရခြင်းမှာ သူ၏ အမူအကျင့်နှင့် ကိုက်ညီနေလျက်ရှိသည်။
သို့ရာတွင် လုချန်ရှန်းမှာ သူတို့အတွက် စတေးခံပေးရန် သူတို့၏ စိတ်အားထက်သန်သော ဖိတ်ကြားချက်များကို စောင့်ဆိုင်းမနေခဲ့ပေ။ ထို့အစား တွေဝေတုံ့ဆိုင်းနေသော အတွေးနက်နေသော အမူအရာမျိုးဖြင့် အဝေးမှ စောင့်ကြည့်နေခဲ့သည်။
ဤတစ်ကြိမ်တွင် ထျန်းကျီစံအိမ်၏ ဟွာရှုနယ်ပယ် အဆင့်၅ ပညာရှင်ကပါ စကားဝင်ပြောလာခဲ့သည်။
“ စီနီယာက နက်နဲပြီးတော့ စက္ကူလှေရဲ့ ကံကြွေးကို ဖြေရှင်းနိုင်တယ်လို့ ကျွန်တော်ကြားခဲ့ရပါတယ်။ အဲ့တာက ဘယ်လိုကံကြွေးမျိုးလဲဆိုတာကို ကျွန်တော်သိလို့ရမလားဗျ “
ထိုအကြီးအကဲ၏ အေးဆေးတည်ငြိမ်သည့် အသံ ပေါ်ထွက်လာခဲ့ကာ တုံ့ပြန်မှုကို စောင့်ဆိုင်းနေခဲ့သည်။
လုချန်ရှန်းမှာ အံ့ဩမှင်သက်သွားခဲ့သည်။ သူက အရာအားလုံးကို လုပ်ကြံပြောဆိုခဲ့ခြင်းဖြစ်ပြီး ၎င်းက မည်ကဲ့သို့သော ကံကြွေးမျိုးလဲဆိုသည်ကို မည်သူမှ မသိကြပေ။
သို့ရာတွင် သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ပြန်ပြောလိုက်သည် “ မိစ္ဆာတွေကို နှင်ဖို့အတွက် တစ်ခြားလူတစ်ယောက်ရဲ့ ပစ္စည်းကို ချေးငှားမယ်ဆိုရင် ကံကြွေးတင်မှာလား “
လူတိုင်း မှင်သက်သွားကြသည်။ ၎င်းမှာ အဆိုပါ လှေက သူ၏ပစ္စည်း မဟုတ်ဘဲ တစ်စုံတစ်ဦးထံမှ ငှားယူထားခြင်းဖြစ်သည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။ ငှားယူထားသော ပစ္စည်းများက သေချာပေါက် ပြန်ပေးဆပ်ရမည် ဖြစ်သည်။
အကြီးအကဲက စကားထပ်ပြောလာခဲ့၏ “ ဒါဆိုရင် စီနီယာက စတေးတာကို ဘယ်လိုမျိုး လုပ်မှာလဲဗျ။ ဘယ်သူ့ကို (ဒါမှမဟုတ်) ဘာကို စတေးမှာလဲဗျ “
ထိုအချိန်တွင် လုချန်ရှန်းမှာ မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကိုနားလည်သွားခဲ့သည်။ သူတို့က သူ့ကို မယုံကြည်ကြခြင်းပင်ဖြစ်သည်။
သူသည် သူ၏ တာအိုကို ဖမ်းဆီးခြင်းနှင့် လွှတ်ပေးခြင်းကဲ့သို့ နက်နဲသော နည်းလမ်းများကပင် ထိုလူများကို အံ့အားသင့်သွားစေရန် မလုပ်ဆောင်နိုင်ခြင်းမျိုး ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထိုလူများက အလွန်တရာ သတိကြီးလွန်းလှသည်။
လုချန်ရှန်းထံတွင် မည်သည့်ရွေးချယ်စရာမှ မရှိတော့ပေ။ လူတစ်ဦးက ကိုယ့်အစွမ်းအစဖြင့် ငွေရှာနိုင်သော်လည်း လက်စွမ်းမပြဘဲ ငွေယူရခြင်းမှာ သင့်တော်သည်ဟု မခံစားရပေ။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် ဖြည်းဖြည်းချင်း မတ်တပ်ထရပ်လိုက်သည်။ သူ့လက်ထဲတွင်ရှိနေသည့် ငါးမျှားတံ ပျောက်ကွယ်သွားကာ ဓားဆန္ဒဖြင့် ဖွဲ့စည်းထားသော ငါးမျှားကြိုးပါ ပျောက်ကွယ်သွားခဲ့သည်။
အားလုံးက သူ၏အဖြေကို စောင့်ဆိုင်းနေကြသည့် အချိန်တွင် သူသည် ခြေတစ်လှမ်းလှမ်းကာ လှေငယ်ပေါ်မှ ဆင်းချလိုက်သည်။
ထိုလုပ်ရပ်တစ်ခုတည်းကပင် လူတိုင်း၏ အမူအရာများကို ချက်ချင်းပြောင်းလဲသွားစေခဲ့သည်။
သူ့ခြေထောက်များက ပင်လယ်ရေမျက်နှာပြင်နှင့် ထိတွေ့သွားသည့် အချိန်တွင် လှိုင်းတွန့်လေးများ ဖြစ်တည်လာခဲ့ပြီး သူ၏အမူအရာမှာ အတော်ပင် အေးဆေးတည်ငြိမ်နေလျက်ရှိသည်။ သူ၏လက်ကို မြှောက်လိုက်ရာ စက္ကူလှေက သူ့လက်ဝါးအတွင်းသို့ ဝင်ရောက်လာခဲ့ကာ ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက်တွင် သူသည် ကမ်းစပ်သို့ တစ်လှမ်းချင်း လျှောက်လှမ်းနေတော့သည်။
သူလှမ်းလိုက်သည့် ခြေလှမ်းတစ်ခုချင်းစီတိုင်းက လှိုင်းတွန့်လေးများကို ပျံ့နှံ့သွားစေခဲ့သည်။ သို့သော် ၎င်းက လူတိုင်း၏ နှလုံးသားများကို ဆွဲညှစ်လိုက်သည့်အလား ဖြစ်သွားခဲ့သည်။
ဤနေရာသို့ ရောက်ရှိလာခဲ့သည့်နောက်တွင် အလွန်တရာ အစွမ်းထက်သော မကောင်းဆိုးဝါးများ ရှိနေသည်ဆိုသည်ကို လူတိုင်းက သိထားကြသည်။ ဟွာရှုနယ်ပယ် ပညာရှင်များကပင် လွတ်လွတ်လပ်လပ် မလှုပ်ရှားဝံ့ဘဲ တစ်ချိန်လုံး သတိအပြည့်ကပ်နေခဲ့ရသည်။
သူတို့သည် ပင်လယ်ပြင်သို့ ခြေမချရဲကြပေ။
သို့သော် လုချန်ရှန်းကမူ အားလုံးရှေ့မှောက်မှာပင် ပင်လယ်ပြင်တွင် တစ်လှမ်းချင်းစီ လျှောက်လှမ်းနေလျက်ရှိသည်။
သူတို့ ကြောက်လန့်နေခဲ့ရသည့် မိစ္ဆာဝိညာဥ်တို့မှာ လုချန်ရှန်း၏ ခြေထောက်က ဆင်းသက်လာသည်နှင့်တစ်ပြိုင်နက် တစ်နေရာရာတွင် ပုန်းအောင်းနေသည့်ပမာ ချက်ချင်းပျောက်ကွယ်သွားကြသည်။
“ အဲ့တာက …… “
လူတိုင်း ဆွံ့အသွားကာ ဘာပြောရမှန်းမသိ ဖြစ်သွားကြ၏။
ထျန်းကျီစံအိမ်မှ အကြီးအကဲ၏ မျက်ဝန်းများအတွင်းမှာပင် အံ့အားသင့်မှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။
ထျန်းကျီစံအိမ်၏ မှတ်တမ်းများအတွင်းတွင် လုချန်ရှန်းကဲ့သို့သော တည်ရှိမှုမျိုးအကြောင်း မပါဝင်သော်လည်း မိစ္ဆာဝိညာဥ်နှင့်သက်ဆိုင်သည့် မှတ်တမ်းမှတ်ရာများ ပါဝင်နေလျက်ရှိ၏။ ၎င်းတို့က ဤနေရာတွင် မွေးဖွားကြပြီး အလွန်တရာ ရက်စက်ကြမ်းကြုတ်ကြကာ ဟွာရှုနယ်ပယ် ပညာရှင်များက မည်သို့မျှ မဖြတ်သန်းနိုင်ဘဲ နတ်ဘုရားနယ်ပယ် ကျင့်ကြံသူများကမူ ၎င်းတို့ကို ရှောင်ရှားသွားရုံသာ တတ်နိုင်ကြသည်။
သို့သော် သူတို့အရှေ့တွင် ရှိနေသည့် အကြီးအကဲကမူ ပင်လယ်ပြင်တွင် အေးအေးလူလူ လမ်းလျှောက်နေလျက်ရှိပြီး ၎င်းက သူတို့၏ စိတ်နှလုံးသားများကို ပြင်းပြင်းထန်ထန် လှုတ်ခတ်သွားစေခဲ့သည်။
လုချန်ရှန်း ချဥ်းကပ်လာမှုနှင့်အတူ အားလုံး၏ အမူအရာများ တင်းကြပ်သွားခဲ့သည်။
“ စီနီယာ …… “
လုချန်ရှန်းက ခေါင်းခါရမ်းကာ ဖြည်းဖြည်းချင်း တုံ့ပြန်လိုက်၏ “ မင်းတို့က မယုံတာကြောင့် ဘာမှ ထပ်ပြောနေဖို့ မလိုအပ်တော့ဘူး။ ဘာပဲဖြစ်ဖြစ် အဲ့တာက ငါနဲ့ဘာမှမဆိုင်ဘူးလေ “
ထို့နောက်တွင် သူသည် အဝေးသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားတော့သည်။
ထျန်းကျီစံအိမ်၏ အကြီးအကဲမှာလည်း ဘာမှထပ်မပြောတော့ပေ။ ယခင်က ရှိနေခဲ့သည့် စိုးရိမ်မှုနှင့် သံသယတို့က လုံးဝပျောက်ကွယ်သွားခဲ့ပြီဖြစ်ကာ ရိုသေလေးစားမှုတို့သာလျှင် ကျန်ရှိနေခဲ့သည်။
+-
………………………………………………………………………………………………………………………………………….