အခန်း ၁၀၅၁
Vol. 71 Ch. 1051
1051 01
အခန်း ( ၁၀၅၁ ) ပွဲကြည့်ကောင်းတော့မယ်။
ထိုစကားက နည်းနည်းလေးတော့ ကိုးရိုးကားရားနိုင်သည်။ စုယန်ယန်က စက္ကန့်ပိုင်းလောက် ဆွံ့အနေပြီးမှ သူ ပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။ [ ငါ ရှိနေလို့ သူက တည်ငြိမ်နေပြီး တခြားလူတွေနဲ့ ပဋိပက္ခမဖြစ်တာလို့ နင်က ပြောချင်တာလား။ ]
[ အဲ့လို ပြောလို့ ရပါတယ်။ ]
“ မဟုတ်သေးပါဘူး … အဲ့ဒါက ငါနဲ့ ဘာဆိုင်လို့လဲ။ ” သူမက ယင်ကျစ်ဟုန်အတွက် ဦးနှောက်ကို အသိစိတ်ကပ်စေတဲ့ ပစ္စည်းကိရိယာလား … ။
[ ယင်ကျစ်ဟုန်ရဲ့ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေက ကမ္ဘာ့အမျိုးသမီးဇာတ်လိုက်ဆီကနေ အခြေတည်လာခဲ့တာပါ။ Host က ကမ္ဘာ့အမျိုးသမီးဇာတ်လိုက်ရဲ့ လင်းရောင်ခြည်ကို လုယူထားတာမို့ ယင်ကျစ်ဟုန်က Host ရှေ့မှာဆို တည်ငြိမ်ပြီး ခဏလောက် အသိစိတ်ကပ်တာပါ။ ]
[ ငါ သဘောပေါက်ပြီ။ ]
ထိုနေ့တုန်းက ယင်ကျစ်ဟုန်ရဲ့ အပြုအမူက အရမ်း ထူးဆန်းနေတာ အံ့ဩစရာမရှိပါ။ သူမအပေါ် ကြမ်းတမ်းရိုင်းပျချင်သော စိတ်ကို ခပ်ရေးရေး ခံစားမိသော်လည်း သူက ကိုယ့်ကိုယ်ကိုယ် အလွန် ထိန်းချုပ်ထားပုံပေါ်သည်။ ပြီးတော့ မကြာခဏ စိတ်နှင့်ကိုယ်မကပ်သလို ပုံစံ ဖြစ်နေသည်။
[ ကမ္ဘာ့အမျိုးသမီးဇာတ်လိုက် အသုံးပြုထားတဲ့ ပစ္စည်းကိရိယာတွေနဲ့ စွမ်းရည်တွေက အဆင့်မမြင့်ပါဘူး။ သူက ပစ်မှတ်နဲ့ အချိန်အကြာကြီး ထိတွေ့ဆက်ဆံမှသာ ပစ်မှတ်ရဲ့ သူ့အပေါ် အမြင်ကို တဖြည်းဖြည်းနဲ့ ခိုင်မာအားကောင်းလာပြီး အရေးပေး ဆက်ဆံအောင် လုပ်နိုင်တာပါ။ ]
စုယန်ယန်က မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်ရင်း စနစ်ရဲ့ စကားလုံးတွေထဲက အဓိက ဆိုလိုရင်းကို ချက်ချင်း နားလည်သွားသည်။ [ ဒါဆို ဝမ်ကျင့်ဖျင်ရဲ့ ပစ္စည်းကိရိယာတွေရဲ့ အာနိသင်က ရေရှည် မတည်မြဲဘူးပေါ့။ ယင်ကျစ်ဟုန်က သူနဲ့ ခဏလောက် အဆက်အသွယ်မရှိတာနဲ့ သူက မူလအခြေအနေကို ပြန်ရောက်သွားပြီး စနစ်ရဲ့ အထောက်အပံ့တွေက အကျိုးသက်ရောက်မှု မရှိတော့ဘူးပေါ့။ ]
[ အဲ့လိုပဲ ဖြစ်မှာပါ။ ]
[ စိတ်ဝင်စားစရာပဲ။ ] စုယန်ယန်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက အနည်းငယ် ကော့တက်သွားကာ သူမရဲ့ မျက်လုံးထဲမှာ စိတ်ဝင်တစား အငွေ့အသက်လေးတွေ ယှက်သန်းသွားသည်။
အရင်တုန်းက ရှားကျွင်းရှန့်က သူမအား ယင်ကျစ်ဟုန်ရဲ့ ဝမ်ကျင့်ဖျင်အပေါ် ဆက်ဆံပုံက မျက်နှာသာမပေးဘူးဟု ပြောဖူးသည်။ ဝမ်ကျင့်ဖျင်ကလည်း ရိုက်ကူးရေးအတွင်းမှာ အမျိုးသားသရုပ်ဆောင် များစွာနှင့် ကောလဟာလတွေ ထွက်ခဲ့သည်ဟု ဆိုသည်။
ယင်ကျစ်ဟုန်ရဲ့ မူရင်း စိတ်နေစိတ်ထားအရ သူ ဝမ်ကျင့်ဖျင်ကို အရမ်း မုန်းတီးသင့်တာပါ။
သူမကို ရှောင်နိုင်သမျှ ရှောင်ရှားရင်း ရွံရှာစက်ဆုပ်သော အကြည့်နှင့် ကြည့်သင့်သော်လည်း စကားလုံးတွေနှင့် ရှင်းပြလို့ မရတဲ့ ပူးကပ်ခံရမှုအပြီးမှာ အခြေအနေတွေက တစ်မျိုးတစ်မည် ပြောင်းလဲသွားကာ ယင်ကျစ်ဟုန်က သူမအပေါ် အမြင်ကြည်လင်လာခဲ့သည်။ သူ့ကိုယ်သူ သတ်သေချင်လောက်အောင် အရှက်ရစေနိုင်တဲ့ တုံးအသော လုပ်ရပ်တွေ အများကြီးကိုလည်း သူမအတွက် လုပ်ပေးခဲ့သည်။
......
ယင်ကျစ်ဟုန်တစ်ယောက် နဂိုမူလအတိုင်း အသိစိတ်ကပ်သွားပြီး ထိုအဖြစ်အပျက်တွေကို သတိရသွားလျှင် တရားခံဖြစ်သော ဝမ်ကျင့်ဖျင်ဆီမှာ သူ့ဒေါသတွေကို သွန်အောပုံချပစ်တဲ့ထိ ရှက်စိတ်မွှန်သွားမှာလား ဆိုတာ စိတ်ဝင်စားစရာကောင်းသည်။
တကယ်ပဲ အဲ့ဒီလိုသာ ဖြစ်လျှင်တော့ ပွဲကြည့်ကောင်းပါလိမ့်မည်။
စုယန်ယန် မျှော်လင့်ထားတဲ့အတိုင်း ယင်ကျစ်ဟုန်က သူ့ကို အိမ်ထဲမှာ ပိတ်လှောင်ထားခြင်းကို လက်သင့်မခံနိုင်ပေ။
ဝမ်ကျင့်ဖျင်ရဲ့ အရှုပ်တော်ပုံကို သိထားတဲ့ အမျိုးသမီးယင်က သားဖြစ်သူရဲ့ လုပ်ရပ်တွေကို မထောက်ခံသော်လည်း သားအဖနှစ်ယောက်ဟာ အကြီးအကျယ် စကားများ ရန်ဖြစ်ပြီးချိန်ထိ စိတ်နှလုံးနူးညံ့နေသေးတာကို မြင်နိုင်သည်။
အမျိုးသမီးယင်သည် သားဖြစ်သူရဲ့ အခန်းထဲကို သွားပြီး သားအဖနှစ်ယောက်ကြား ငြိမ်းချမ်းရေးယူပေးချင်သည်။ သားဖြစ်သူကို အမြင်မှန်ရဖို့နှင့် သူ့အဖေကို ဒေါသမထွက်ဖို့ ဖြောင်းဖြပြောဆိုချင်သည်။
အဆုံးသတ်မှာတော့ ဝမ်ကျင့်ဖျင်နာမည်ကို ထည့်မပြောလျှင် ကိစ္စမရှိသော်လည်း ယင်ကျစ်ဟုန်က ထိုနာမည်ကို ကြားသည်နှင့် သူ့ခံစားချက်တွေကို ချက်ချင်းပဲ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားခဲ့သည်။ အဖေဖြစ်သူနှင့် စကားများပြီးတဲ့နောက် အမေဖြစ်သူနှင့်ပါ စကားများ ရန်ဖြစ်ခဲ့လေသည်။
1051 02
သူ့သားရဲ့ ပုန်ကန်တော်လှန်မှုကြောင့် အစကတည်းက ဒေါသထွက်နေသော လူကြီးမင်းယင်သည် သူ့သားက သူ့ချစ်ဇနီးကို အော်လိုက်ကြောင်း သိသောအခါ ပိုလို့တောင် ဒေါသထွက်သွားခဲ့သည်။
အမျိုးသမီးယင်သာ သူ့ကို မတားရင် အင်္ကျီလက်တွေကို ခေါက်တင်ပြီး အိမ်တွင်းအကြမ်းဖက်မှု လုပ်ပြီးတာ ကြာလှပါပြီ။
ထိုအဖြစ်အပျက်ကြောင့် ယင်ကျစ်ဟုန်ရဲ့ “ အကျဉ်းချခံရခြင်း ” အချိန်ကာလဟာ မထူးဆန်းစွာပဲ အကန့်အသတ်မရှိ တိုးသွားခဲ့သည်။ သို့သော်လည်း သူက သေမယ့်နေ့ကို ငြိမ်ငြိမ်လေး ထိုင်စောင့်မနေဘဲ သူ့မိဘတွေနှင့် စကားများ ရန်ဖြစ်သည့် နေ့ကစလို့ အစာငတ်ခံ ဆန္ဒပြခဲ့သည်။
လူကြီးမင်းယင်က ထိုအကြောင်းကို သိတော့ ဒေါသကြောင့် သွေးဆောင့်တိုးသွားသည်။ သူ အခုထိ ယင်ကျစ်ဟုန်ကို ဘာမှတောင် မလုပ်ရသေးပါဘဲနှင့် သူက အစာငတ်ခံ ဆန္ဒပြနေပြီတဲ့လား … ။ အဲ့ဒီ ခွေးကောင်လေးက တကယ့်ကို တရားလွန်နေပြီပဲ … ။
သူ အစာငတ်ခံ ဆန္ဒပြချင်ရင်လည်း ပြပေါ့။ ဘယ်သူက ဘယ်သူ့ကို တောင့်ခံကျော်လွန်နိုင်မလဲ ဆိုတာ ကြည့်ကြသေးတာပေါ့ … ။
သားအဖနှစ်ယောက်ဟာ စိတ်နေသဘောထား တူညီသည်ဟု ပြောလို့ ရသည်။ သူတို့နှစ်ယောက်လုံးက ညီမျှစွာပဲ ခေါင်းမာကာ ဘယ်သူကမှ အရင်ဆုံး လက်မလျှော့ချင်ခဲ့ပါ။
သားဖြစ်သူကို သနားသလို ဘာအမှားမှ လုပ်မထားတဲ့ ခင်ပွန်းဖြစ်သူကိုလည်း နားလည်ပေးနိုင်တဲ့ အမျိုးသမီးယင် တစ်ယောက်သာ ကြားညှပ်ကာ ဗျာများနေရသည်။ ဘယ်သူ့ဘက် လိုက်ရမလဲ ဆိုတာ ဝေခွဲမရဘဲ တိတ်တဆိတ် ငိုကြွေးမိသည်မှာလည်း အခါခါ။
ကံကောင်းစွာဖြင့် ထိုအခြေအနေက သိပ်မကြာလိုက်ပါ။ ယင်ကျစ်ဟုန်သည် ပိတ်လှောင်ခံထားရသည့် သုံးရက်မြောက်နေ့မှာပဲ ရုတ်တရက် အသိဉာဏ် အလင်းပွင့်သွားပုံဖြင့် အစာငတ်ခံ ဆန္ဒပြတာကို ရပ်တန့်ခဲ့သည်။
+++