အခန်း ၁၀၅၂
Vol. 71 Ch. 1052
1052 01
အခန်း ( ၁၀၅၂ ) သူ ပူးကပ်ခံလိုက်ရတာလား။
အမျိုးသမီးယင်က အလွန် ပျော်ရွှင်သွားသည်။ သူမရဲ့ သားဟာ ဉာဏ်အလင်းပွင့်သွားပြီး အဖေဖြစ်သူကို မဆန့်ကျင်တော့ဘူးလို့ သူမ ထင်ခဲ့မိသည်။ သို့သော်လည်း သူမရဲ့ သားဟာ အစာစားသော်လည်း စိတ်နှင့်ကိုယ်မကပ်သလို ငူငူငိုင်ငိုင်ကြီး ဖြစ်နေတာကို သတိထားမိသွားသည်။ ဆွံ့အနေသူကဲ့သို့ပင် စကားတစ်ခွန်းမှလည်း မပြောပါ။
ယင်ကျစ်ဟုန်ရဲ့ အသိစိတ်မကပ်ခြင်းက ယင်မိသားစုအား အတော်လေး အစိုးရိမ်ကြီးသွားစေခဲ့သည်။ ဆရာဝန်တွေကို တစ်ယောက်ပြီး တစ်ယောက် ပင့်ခဲ့ပေမဲ့ ဆရာဝန်တိုင်းက စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ အရာအားလုံးက ပုံမှန်အတိုင်း ဖြစ်ကြောင်း ၊ ယင်ကျစ်ဟုန် ကျန်းမာရေးကောင်းကြောင်းသာ တညီတညွှတ်လည်း ပြောခဲ့ကြသည်။
ဒါပေမဲ့ ယင်ကျစ်ဟုန်ရဲ့ အခြေအနေကတော့ ပုံမှန်မဟုတ်တာ သိသာထင်ရှားပါသည်။
ယင်မိသားစုသည် သူတို့ တူမလေးကို ကုသပေးနိုင်လောက်အောင်ပင် အရည်အချင်းရှိသည်ဟု သတင်းကြားထားသော သမားတော်ကို ပင့်ရင် ကောင်းမလားဟု တွေးနေတုန်းမှာပဲ ယင်ကျစ်ဟုန်က ရုတ်တရက် အသိစိတ်ဝင်လာခဲ့လေသည်။
“ ကျွန်တော် ဘာဖြစ်နေတာလဲ အဖေနဲ့ အမေ။ ”
ယင်ကျစ်ဟုန်က ဝမ်ကျင့်ဖျင်နှင့် မတွေ့တာ လဝက်နီးပါး ရှိသွားပြီ ဖြစ်သလို သူမနှင့် အသားချင်း အထိအတွေ့ ၊ အဆက်အဆံလည်း မရှိတော့ဘဲ သူ့စိတ်ထဲမှာ နောက်ကျိရှုပ်ထွေးနေခြင်းကိုသာ ခံစားရသည်။ သူ့ကိုယ်သူ တစ်စုံတစ်ခုကို မေ့လျော့နေသည်ဟု ခံစားရသော်လည်း တကယ်တမ်းမှာ ဘာကိုမှ မေ့လျော့ပုံမပေါ်ပါ။ ခေါင်းထဲမှာ နောက်ကျိရှုပ်ထွေးလျက် ဘယ်ဟာ အမှန် ၊ ဘယ်ဟာ အမှားဆိုတာ မဝေခွဲနိုင်ရုံသာ။
“ သား ဘာမှ မမှတ်မိဘူးလား။ ” အမျိုးသမီးယင်က အသံဗလံတွေကို ကြားသည်နှင့် သားဖြစ်သူနံဘေးကို ချက်ချင်း ပြေးသွားခဲ့ပြီး ထိုမေးခွန်းကို ကြားချိန်မှာတော့ ခင်ပွန်းဖြစ်သူကို စိတ်ရှုပ်ထွေးကာ နားမလည်နိုင်သော အကြည့်ဖြင့် လှည့်ကြည့်မိလိုက်သည်။
“ ဘာကို မှတ်မိရမှာလဲ။ ” ယင်ကျစ်ဟုန်က သူ့ခေါင်းကို လက်တစ်ဖက်ဖြင့် ထိန်းကိုင်လျက် ပတ်ဝန်းကျင်ကို ကျီးကန်းတောင်မှောက် ကြည့်နေသည်။ ခဏကြာသည်ထိ သူ အခြေအနေကို နားမလည်နိုင်သေး။
အမျိုးသမီးယင်က သူ့ကို ဒေါသထွက်အောင် လုပ်မိမှာကို စိုးရိမ်သောကြောင့် လေသံအေးလေးဖြင့် တွေးတွေးဆဆ ပြောလိုက်သည်။ “ မကြာသေးခင်တုန်းက ဖြစ်ခဲ့တာတွေကို သား မမှတ်မိတော့ဘူးလား။ သား ဘာလို့ အိမ်မှာ ရှိနေတာလဲ ဆိုတာကိုရော မမှတ်မိတော့ဘူးလား။ ”
“ အိမ်မှာ ရှိနေတာ … ” ထိုစကားလုံး ငါးလုံးက အခြေအနေကို ရုတ်တရက်ပဲ ပြောင်းပြန်လှန်လိုက်ပုံရသည်။
မကြာသေးခင်တုန်းက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်တွေမှန်သမျှဟာ ယင်ကျစ်ဟုန်ရဲ့ ခေါင်းထဲကို စုပြုံဝင်ရောက်လာခဲ့ပြီး ယင်ကျစ်ဟုန်ရဲ့ မူလတုန်းက စိတ်ရှုပ်ထွေးနေသော မျက်နှာဟာ အခံရခက်သော ၊ ညိုမည်းအုပ်ဆိုင်းသော ၊ ဒေါသဖြင့် ပြာနှမ်းနေသော မျက်နှာအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။
အမျိုးသမီးယင်က သားဖြစ်သူရဲ့ ရုတ်တရက် ပြောင်းလဲသွားသော အမူအရာကို ကြည့်ပြီး ဒိန်းခနဲ ရင်တုန်သွားရပြန်သည်။
“ သား အဆင်ပြေရဲ့လား ကျစ်ဟုန်။ ”
“ ကျွန်တော် အဆင်ပြေပါတယ် အမေ။ ” ယင်ကျစ်ဟုန်သည် ဒီအတောအတွင်း သူ လုပ်ခဲ့တဲ့ လုပ်ရပ်တွေအကြောင်း ပြန်တွေးမိသောအခါ သူ့မိဘတွေအပေါ် အပြစ်မကင်း ခံစားလိုက်ရ၏။ “ ကျွန်တော် အခုမှ ရုတ်တရက် အသိဝင်လာပြီး ဒီအတောအတွင်း ဖြစ်ခဲ့သမျှ ကိစ္စတွေကို မှတ်မိတာ။ ကျွန်တော် … ပူးကပ်ခံလိုက်ရသလိုပဲ။ ”
......
“ ပူးကပ်ခံလိုက်ရသလိုပဲ … ဟုတ်လား။ ” ယင်ဇနီးမောင်နှံ နှစ်ယောက် ထိတ်လန့်သွားသည်။
“ ဟုတ်တယ် ၊ ကျွန်တော် ဝမ်ကျင့်ဖျင်ကို နည်းနည်းလေးမှ သဘောမကျဘူး။ တကယ်တော့ သူ့ကို မုန်းတယ်လို့တောင် ပြောလို့ ရတယ်။ အထူးသဖြင့် ရိုက်ကွင်းပေါ်က အိမ်ထောင်သည်ယောက်ျားတစ်ယောက်နဲ့ သူနဲ့ ကောလဟာလထွက်လာအပြီးမှာပေါ့ … ”
ဟေးရီ အန်တာတိန်းမန့်ရဲ့ ထုတ်ပြန်ချက်က အနုပညာနယ်ပယ်ထဲက လူတွေကို အရူးလုပ်နိုင်ဖို့ နေနေသာသာ ဦးနှောက်မဲ့သော ပရိသတ်တွေကိုတောင် မလှည့်စားနိုင်ပါ။
1052 02
အဖြစ်မှန်ကို လူတိုင်း သိသော်လည်း သူတို့က ရိုက်ကူးရေးအဖွဲ့ တစ်ဖွဲ့တည်းမှာ ရှိနေတာကြောင့် အဖွဲ့သားအချင်းချင်း နောက်ကွယ်မှာ အတင်းပြောတာ မကောင်းပါ။ ထို့ကြောင့်သာ အလိုက်အထိုက် ဆက်ဆံခဲ့ရတာ ဖြစ်သည်။
ဒါပေမဲ့ အဲ့ဒီ အလိုက်အထိုက် ဆက်ဆံမှုအောက်မှာ သူတို့နှစ်ယောက်ကို အမှန်တကယ် နှစ်လိုခင်မင်တဲ့လူ ဘယ်နှယောက် ရှိမှာမို့လို့လဲ … ။
ယင်ကျစ်ဟုန်က ကိုယ်ကျင့်စာရိတ္တပျက်ပြားသူတွေကို နည်းနည်းလေးမှ လက်မခံနိုင်သော လူမျိုးပင်။ ကောလဟာလတွေကို ကြားတုန်းက တင်းကြွယ်စစ်ရဲ့ မူလဇနီးကို သူ ကရုဏာသက်ခဲ့မိတာကိုတောင် ခပ်ရေးရေး သတိရနေသေးသည်။ ဖောက်ပြန်တတ်သော လူယုတ်မာကောင်နှင့် မယားငယ်မကိုလည်း အတော်လေး စိတ်ပျက်ရွံရှာခဲ့မိသည်။
ထိုအဖြစ်အပျက်တွေအပြီး ရက်ပိုင်းလောက်အကြာမှာ သူက ဝမ်ကျင့်ဖျင်အပေါ် မကောင်းဆိုးဝါးတစ်ကောင်လိုမျိုး နားလည်ရခက်ဖွယ် အမြင်ကြည်လင်လာလိမ့်မည်လို့ ဘယ်သူက ထင်ခဲ့မှာလဲ။ သူ့အသိစိတ်က သူ့ကို ထိုအမျိုးသမီးနှင့် ဝေးဝေးနေခိုင်းသော်လည်း သူ့စိတ်ထဲမှာ ပဲ့တင်ထပ်နေသော အသံကတော့ သူမကို ကူညီခိုင်းနေသည် ၊ အလိုလိုက်ခိုင်းနေသည် ၊ ချစ်မြတ်နိုးခိုင်းနေသည်။
ယင်ကျစ်ဟုန်သည် အခုမှ သေချာ ပြန်တွေးကြည့်ရင်း ခေါင်းနားပန်းတွေ ကြီးလာမိသည်။ မူလတုန်းက သူ့အပိုင်ဖြစ်ခဲ့တဲ့ သူ့ခန္ဓာကိုယ်က ရုတ်တရက်ကြီး တခြားတစ်ယောက်ဆီမှာ ထိန်းချုပ်ခံလိုက်ရကဲ့သို့ အလွန် ကြောက်စရာကောင်းလှသည်။
အမျိုးသမီးယင်ကတော့ သားဖြစ်သူရဲ့ စကားတွေကို တထစ်ချ ယုံကြည်သည်။ သူမက သားဖြစ်သူရဲ့ စိတ်နေစိတ်ထားကို ထုံးလိုမွှေ ရေလိုနှောက် သိနားလည်သူ ဖြစ်သည်။ အရင်တုန်းက သားအဖနှစ်ယောက် ရန်ဖြစ်နေတာကို ညှိနှိုင်းဖြန်ဖြေပေးရင်း အလုပ်ရှုပ်နေတာမို့ ထိုအကြောင်းကို ရှည်ရှည်ဝေးဝေး မတွေးနိုင်ခဲ့တာပါ။
အခုတော့ သားဖြစ်သူရဲ့ စကားကြောင့် သူမရဲ့ စိတ်ထဲမှာ အတွေးတွေ တစ်စပြီး တစ်စ အမျှင်တန်းထွက်ပေါ်လာသည်။
“ နင် မသန့်စင်တဲ့ ပစ္စည်းတစ်ခုခုနဲ့ မတော်တဆ ထိခဲ့မိသေးလား … ဒါမှမဟုတ် အဲ့ဒီမိန်းမက နင့်ကို ထူးဆန်းတာ တစ်ခုခု ကျွေးသေးလား။ ”
++++