← Chapters

အခန်း ၁၀၅၄

Vol. 71 Ch. 1054

အခန်း ၁၀၅၄

Vol. 71 Ch. 1054

1054 01

အခန်း ( ၁၀၅၄ ) နောက်ဆုံးလက်ကျန် ဂုဏ်သိက္ခာ။

သူတို့ ပြန်ဆုံတွေ့ဖို့ မဖြစ်နိုင်သော်လည်း တစ်ဖက်လူရဲ့ နာမည်မပျက်မချင်း ဘယ်လိုပဲဖြစ်ဖြစ် သူ့ဒေါသတွေကို မမျိုချနိုင်ပါ။

ဘယ်သူမှ မသိတဲ့အရာကတော့ ယင်ကျစ်ဟုန် အသိစိတ်ကပ်သွားသည့် အခိုက်အတန့်မှာပဲ ဒီပြဿနာရဲ့ တရားခံဖြစ်သော ဝမ်ကျင့်ဖျင်သည် ကျောရိုးတစ်လျှောက် ကြက်သီးစိမ့်ဖြာထသွားပြီး နှလုံးသားထဲမှာလည်း စိတ်မသက်မသာ ခံစားချက်ကို ခံစားလိုက်ရတယ် ဆိုတာပါပဲ။

ထုတ်လုပ်ရေးအဖွဲ့ရဲ့ အမျိုးသားဇာတ်လိုက် ဖြစ်တဲ့အလျောက် ယင်ကျစ်ဟုန်ဟာ ရိုက်ကူးရေးအတွင်း ထုတ်လုပ်ရေးအဖွဲ့ထဲကနေ အကြာကြီး ပျောက်သွားလို့ မရပါ။

သို့သော်လည်း မူလကတည်းက ဒီဇာတ်လမ်းတွဲရဲ့ ရိုက်ကူးရေးက ရက်အနည်းငယ်လောက် ခရီးပေါက်နေပြီးသားမို့ ယင်ကျစ်ဟုန်ကို သူ့အဖေ အိမ်ခေါ်သွားတဲ့အချိန်မှာ သူ ရိုက်ကူးရမယ့် ဇာတ်ဝင်ခန်းတွေ သိပ်မကျန်တော့ပေ။

ပြီးတော့ လီမိသားစုက ဒီဇာတ်လမ်းတွဲရဲ့ ရင်းနှီးမြုပ်နှံသူတွေထဲကတစ်ယောက် ဖြစ်ပြီး ယင်မိသားစုနှင့် လီမိသားစုက ရင်းနှီးတဲ့ ဆွေမျိုးတွေ ဖြစ်သောကြောင့် ဒါရိုက်တာပင်လျှင် သားဖြစ်သူကို ဆုံးမဖို့ အိမ်ခေါ်သွားတဲ့ လူကြီးမင်းယင်အား မတားဆီးနိုင်ပေ။

ထို့ကြောင့် သူတို့က ယင်ကျစ်ဟုန် ရိုက်ကူးဖို့ကျန်တဲ့ ဇာတ်ဝင်ခန်း အနည်းငယ်ကို ခဏ ဘေးဖယ်ထားပြီး တခြားသူတွေကို အရင် ရိုက်ကူးခဲ့သည်။

ပြဿနာတိုင်းအတွက် ဖြေရှင်းနည်းတွေ ရှိပါသည်။ ယင်ကျစ်ဟုန် ပေါ်မလာခြင်းက ထုတ်လုပ်ရေးအဖွဲ့ရဲ့ မူလ ရိုက်ကူးရေးအစီအစဉ်ကို ပျက်ပြားသွားစေခဲ့သော်လည်း ကြီးကြီးမားမား ထိခိုက်မသွားစေခဲ့ပါ။ ညှိနှိုင်းပြောင်းလဲမှု တချို့ လုပ်ပြီးသည်နှင့် မူလအစီအစဉ်အတိုင်း ဟန်မပျက်အောင် ထိန်းထားနိုင်ခဲ့သည်။

နားမလည်နိုင်ဖြစ်ရတဲ့ လူကတော့ ဝမ်ကျင့်ဖျင်တစ်ယောက်တည်းသာပင်။ သူမသည် ယင်ကျစ်ဟုန်ကို သူ့အဖေ ခေါ်ထုတ်သွားချိန်တုန်းက ဒီပြဿနာရဲ့ အတိမ်အနက်ကို နားမလည်ခဲ့ဘဲ သူဟာ အိမ်မှာ လုပ်စရာရှိလို့ ပြန်သွားခြင်းသာ ဖြစ်ပြီး နှစ်ရက်အတွင်း ပြန်လာလိမ့်မည်ဟု ထင်ထားခဲ့၏။

သို့သော် အဆုံးသတ်မှာတော့ ထိုနှစ်ရက်အတွင်း ယင်ကျစ်ဟုန် ပြန်ရောက်လာရမည့်အစား လက်ထောက်မန်နေဂျာက သူမကို မောင်းထုတ်ခဲ့လေသည်။ သူမကို မောင်းထုတ်ဖို့ အမိန့်ပေးတဲ့လူကတော့ သေချာပေါက် လူကြီးမင်းယင်ပဲ ဖြစ်သည်။

ယင်ကျစ်ဟုန်သာ ရှိလျှင် ဘယ်လောက် ကောင်းလိုက်မလဲ … ။ ပုံမှန်ဆို အမျိုးသားဇာတ်လိုက်တွေဟာ ရိုက်ကွင်းကို နေ့တိုင်း လာပြီး ရိုက်ကူးရလေ့ရှိသည်။

သူမကတော့ ဒီဇာတ်လမ်းတွဲမှာ ဖြတ်လျှောက်သရုပ်လေးသာ ဖြစ်သည်။ သူမရဲ့ ဇာတ်ဝင်ခန်းတွေကို ဟိုးအရင် လဝက်လောက်ကတည်းက ရိုက်ကူးပြီးသား ဖြစ်သော်လည်း သူမကတော့ ရိုက်ကွင်းက ထွက်မသွားခဲ့ပေ။ သူမမှာ တခြား အကြံအစည်တွေ ရှိနေတာ သိသာထင်ရှားသည်။

ဝမ်ကျင့်ဖျင်သည် ရိုက်ကွင်းထဲက မောင်းထုတ်ခံရချိန်မှာ မယုံကြည်နိုင်အောင် ဖြစ်မိသည်။ သူမကို ထွက်သွားခိုင်းသော လက်ထောက်ဒါရိုက်တာအား ယင်ကျစ်ဟုန်က သူမကို ကာကွယ်ပေးနေကြောင်းနှင့် သူ မရှိတာကို အခွင့်ကောင်းယူ၍ သူမကို မောင်းထုတ်ပါက သူ ပြန်ရောက်လာလျှင် ဖြေရှင်းရခက်မည်ဖြစ်ကြောင်း အရိပ်အမြွက်ပြော၍ သတိပေးလိုက်သည်။

လက်ထောက်ဒါရိုက်တာက သူမရဲ့ စကားကို ကြားတော့ ရယ်မောသည်။ “ မိန်းကလေးဝမ်ကို သခင်လေးယင်က ကာကွယ်ပေးတယ်ဆိုတာ ကျွန်တော် သိပါတယ် ၊ ဒါပေမဲ့ မင်းကို ထုတ်လုပ်ရေးအဖွဲ့ထဲက ထွက်သွားခိုင်းတဲ့လူက ဥက္ကဌယင်ပါ။ ငါတို့လည်း ဘေးကြပ်နံကြပ်ဖြစ်ရတယ်။ မိန်းကလေးဝမ်က ဉာဏ်ကောင်းတော့ ငါတို့ရဲ့ အခက်အခဲတွေကိုလည်း နားလည်လောက်မှာပါ။ ဒါ့ကြောင့် ငါတို့ကို အခက်တွေ့အောင် မလုပ်ပါနဲ့။ ”

ဝမ်ကျင့်ဖျင် ဆွံ့အသွားကာ သူမရဲ့ မျက်နှာအမူအရာကလည်း အနည်းငယ် ‌ပြောင်းလဲသွားသည်။ “ ဥက္ကဌယင် … ဟုတ်လား။ ဘယ်က ဥက္ကဌယင်လဲ။ ”

“ ဥက္ကဌယင်က ဘယ်နှယောက် ရှိလို့လဲ။ သခင်လေးယင်ရဲ့ အဖေပဲပေါ့။ ”

ဝမ်ကျင့်ဖျင်ရဲ့ ရင်ဘတ်ထဲမှာ ရုတ်တရက် ဒိန်းခနဲခုန်သွားကာ အန္တရာယ်အငွေ့အသက်ကို နောက်ဆုံးတော့ အာရုံခံမိသွားသည်။ “ ဥက္ကဌယင်က ဘာလို့ … ”

“ ဘာလို့ ဒီလို အသေးအဖွဲကိစ္စလေးအတွက် ငါတို့ကို ဆက်သွယ်ပြီး ထုတ်လုပ်ရေးအဖွဲ့ရဲ့ အရေးကိစ္စတွေကို ဝင်စွက်ဖက်တာလဲလို့ မေးမလို့လား။ ” လက်ထောက်မန်နေဂျာက ဝမ်ကျင့်ဖျင်ကို အပြုံးတစ်ခုဖြင့် ကြည့်သော်လည်း သူ့မျက်လုံးထဲမှာ အထင်သေးမှုတွေ ၊ ရွံရှာ‌မှုတွေ ယှက်သန်းနေသည်။ “ အဲ့မေးခွန်းကို မင်းကိုယ်မင်း ပြန်မေးကြည့်ပေါ့ မိန်းကလေးဝမ်။ ”

“ ကျွန်မကိုယ်ကျွန်မ ပြန်မေးရမယ်တဲ့လား။ ” ဝမ်ကျင့်ဖျင်ရဲ့ အမူအရာက တောင့်တင်းသွားကာ သူ့မျက်လုံးတွေနှင့် အကြည့်ချင်းမဆုံအောင် ချက်ချင်း အကြည့်လွှဲလိုက်သည်။ “ ကျွန်မက ဘယ်လိုလုပ် သိမှာလဲ။ ”

“ သခင်လေးယင် ရိုက်ကွင်းကို ဒီရက်ပိုင်း ဘာလို့ မလာတာလဲဆိုတာ မိန်းကလေးဝမ် သိလား။ ”

“ ဘာ … ဘာလို့ မလာတာလဲ။ ”

1054 02

“ သူ့ကို လူကြီးမင်းယင်က ပေးမလွှတ်လို့ပေါ့။ လူကြီးမင်းယင် သူ့ကို ပေးမလွှတ်ရတဲ့ အကြောင်းအရင်းကတော့ … ” လက်ထောက်ဒါရိုက်တာက တစ်စုံတစ်ခုကို ညွှန်ပြနေသလို အကြည့်ဖြင့် ဝမ်ကျင့်ဖျင်ကို ကြည့်ပြီး အပြုံးလေးဖြင့် ပြောသည်။ “ အဲ့အကြောင်းအရင်းကို မိန်းကလေးဝမ်လည်း အနည်းနဲ့အများတော့ ခန့်မှန်းနိုင်မှာပါ။ အခု ဥက္ကဌယင်က ငါတို့ကို မင်းကို ထွက်သွားခိုင်းဖို့ ပြောထားတော့ မင်းသာ အသာတကြည် ထွက်သွားရင် မင်းအတွက် ဂုဏ်သိက္ခာတချို့ ကျန်ဦးမှာပါ။ အဲ့လို မဟုတ်ဘဲ ဥက္ကဌယင်ကိုယ်တိုင် ဝင်ပါရင် မင်း အဆင်ပြေမှာ မဟုတ်ဘူး။ ”

လက်ထောက်ဒါရိုက်တာ ပြောတဲ့ စကားလုံးတွေရဲ့ အဓိပ္ပာယ်က ထင်ရှားသည်။ သူမကို ယင်ကျစ်ဟုန် ကာကွယ်ပေးနေတာ မှန်သော်လည်း ယင်ကျစ်ဟုန်က ဘယ်လောက်ပဲ အာဏာရှိပါစေ ၊ သူက ဥက္ကဌယင်ရဲ့ သားဖြစ်နေတုန်းပါပဲ။

အခု သူမကို မောင်းထုတ်ချင်နေသူက ဥက္ကဌယင် ဖြစ်သည်။ ယင်ကျစ်ဟုန်ကိုယ်တိုင်ပင်လျှင် ဒီလို လက်ထောက်ဒါရိုက်တာလေးကိုတောင် မဟန့်တားနိုင်ပါဘဲ သူမလို အမှုန်အမွှားလေးကို ဘယ်လိုလုပ် ကာကွယ်ပေးနိုင်မှာတဲ့လဲ။

ထုတ်လုပ်ရေးအဖွဲ့က သူမကို ထွက်သွားဖို့ ညှိညှိနှိုင်းနှိုင်း ပြောနိုင်နေသေးပေမဲ့ သူမသာ မပါးနပ်လျှင်တော့ နောက်တစ်နေ့မှာ ဂုတ်ကဆွဲ၍ လွှင့်ပစ်မောင်းထုတ်မှာ ဖြစ်လေသည်။

++++

All Chapters