အခန်း ၁၀၅၅
Vol. 71 Ch. 1055
1055 01
အခန်း ( ၁၀၅၅ ) နာမည်ပျက်သွားခြင်း။
ဝမ်ကျင့်ဖျင်ရဲ့ မျက်နှာက စိမ်းတစ်လှည့် ၊ ဖြူတစ်လှည့် အရောင်ပြောင်းနေခဲ့ပြီး စိတ်ထဲမှာ ဒီအခြေအနေကြီးကို လက်မခံနိုင်သလို မတရားခံရသလိုလည်း ခံစားရပေမဲ့ အဆုံးသတ်မှာတော့ အင်အားကြီးသူတွေနှင့် ထိပ်တိုက် မတွေ့ရဲတာကြောင့် နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်ကာ ခေါင်းညိတ်လိုက်သည်။
သူမ ထုတ်လုပ်ရေးအဖွဲ့ထဲက ထွက်လာပြီဆိုကတည်းက ထုတ်လုပ်ရေးအဖွဲ့သားတွေအတွက် ထောက်ပံ့ပေးထားတဲ့ ဟိုတယ်မှာ ဆက်နေဖို့ မသင့်တော်တော့ပါ။
အရင်တုန်းက သူမအတွက် သို့ထျန်းယီ ပေးထားတဲ့ နေရာထိုင်ခင်းတွေကိုလည်း လီယွဲ့က သူမ တင်းကြွယ်စစ်နှင့် အတူအိပ်ပြီး လက်ရှိ ထုတ်လုပ်ရေးအဖွဲ့ထဲကို ဝင်ရောက်လာကတည်းက ပြန်လည်သိမ်းယူသွားပြီ ဖြစ်သည်။
ကူကယ်ရာမဲ့သွားသော ဝမ်ကျင့်ဖျင်သည် သူမ စုဆောင်းထားတဲ့ ရှိစုမဲ့စု ငွေကြေး အနည်းငယ်ကို အသုံးပြုကာ ဟောင်းနွမ်းစုတ်ပြတ်နေသော စတူဒီယိုတစ်ခုကို ငှားရမ်းလိုက်သည်။
ဝမ်ကျင့်ဖျင်သည် နေချင်စရာမကောင်းသော စတူဒီယိုထဲမှာ သူမရဲ့ ပစ္စည်းတွေကို နေရာချပြီးရုံပဲရှိသေး ၊ နောက်ထပ် ဖုန်းကောလ်တစ်ခုကို လက်ခံရရှိလိုက်သည်။
မကြာသေးမီ အချိန်တုန်းက ယင်ကျစ်ဟုန်ရဲ့ အကူအညီဖြင့် သူမအတွက် ကြော်ငြာပရောဂျက် အသေးစားလေး ရအောင် ညှိနှိုင်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ အဲ့ဒီနောက် ယင်ကျစ်ဟုန်ရဲ့ အဆက်အသွယ်တွေကို မှီခိုအားကိုးကာ ခြောက်ယောက်မြောက် အမျိုးသမီးဇာတ်လိုက်နေရာရအောင် ကျားကုတ်ကျားခဲ ကြိုးပမ်းထားရတဲ့ တီဗီဇာတ်လမ်းတွဲ တစ်ခုကလည်း သူမကို ဖုန်းဆက်ကာ ထိုဇာတ်ကောင်နေရာအတွက် ပိုသင့်တော်တဲ့ မင်းသမီးတစ်ယောက်ကို ရှာတွေ့သွားပြီ ဖြစ်ကြောင်း ပြောလာခဲ့သည်။
သူမနှင့် လက်တွဲ အလုပ်မလုပ်နိုင်တော့တဲ့အတွက် ဝမ်းနည်းမိပါသည်တဲ့။ ဒါပေမဲ့ ထိုစကားလုံးတွေက သေချာပေါက် ဆင်ခြေတွေပဲ ဖြစ်သည်။
ဝမ်ကျင့်ဖျင်သည် လက်ထောက်ဒါရိုက်တာ ပြောတဲ့ စကားတွေရဲ့ အဓိပ္ပါယ်ကို နောက်ဆုံးတော့ နားလည်သွား၏။ ယင်ကျစ်ဟုန်ကို သူ့အဖေက ဖမ်းချုပ်ကာ အိမ်ကို ပြန်ခေါ်သွားခဲ့ပြီး သူဟာ သူ့ကိုယ်သူတောင် မကာကွယ်နိုင်ပေ။ သူ့အဖေက သူနှင့် စာရင်းရှင်းပြီးသောအခါ နောက်ထပ် စာရင်းရှင်းခံရမယ့်လူက သူမ ဖြစ်လာပါပြီ။
သူမ အခုလက်ရှိ ရင်ဆိုင်နေရတဲ့ ပြဿနာက ယင်ကျစ်ဟုန်ကို အားကိုးပြီး ဦးမော့စပြုလာတဲ့ သူမရဲ့ အသက်မွေးလုပ်ငန်းဟာ မြောင်းထဲ ပြန်ရောက်သွားရုံသာမက ယင်မိသားစုဆီမှာ နာမည်ပျက်စာရင်းသွင်းခံရပြီး နောက်ဆက်တွဲ ဖိနှိပ်မှုတွေလည်း ကြုံရနိုင်ချေရှိသည်။
ထိုအကြောင်းကို နားလည်သွားသော ဝမ်ကျင့်ဖျင်သည် ကြောက်ရွံ့မှုနှင့် ဒေါသကြောင့် လက်တွေ တဆတ်ဆတ် တုန်လာမိသည်။
သူမရဲ့ ဒေါသကို ဖြေဖျောက်ဖို့အတွက် တစ်ခုခုကို ပစ်ပေါက်ရိုက်ခွဲချင်သော်လည်း သူမ ထိုသို့ လုပ်ပါက လမ်းမပေါ်မှာ အဆုံးသတ်သွားရလိမ့်မည်ဆိုတာ သိသည်။ အကြီးအကျယ် ဒေါသပေါက်ကွဲနေသော ဝမ်ကျင့်ဖျင်သည် သူမရဲ့ ဒေါသတွေကို စနစ်ဆီမှာ သွန်အောဖြေဖျောက်ဖို့ ဆုံးဖြတ်လိုက်၏။
[ နင် ပြောတော့ ယင်ကျစ်ဟုန်က အိမ်မှာ ဖူးဖူးမှုတ်အလိုလိုက်ခံထားရတာဆို။ ငါတို့ သူ့ကို ထိန်းချုပ်နိုင်တာက ယင်မိသားစုကို ထိန်းချုပ်နိုင်တာနဲ့ အတူတူပဲဆို။ အခုတော့ ဘာတွေ ဖြစ်ကုန်တာလဲ။ သူက အိမ်ထဲမှာ ပိတ်လှောင်ခံထားရပြီ။ ]
အလွန် လျင်မြန်စွာ ပြောင်းလဲသွားပြီး ရုတ်တရက် ထိန်းချုပ်မှုကင်းမဲ့သွားတဲ့ အခြေအနေတွေကို စနစ်လည်း အံ့အားသင့်မိပေမဲ့ ဝမ်ကျင့်ဖျင်ရဲ့ သံသယတွေကို တာဝန်ကျေပွန်စွာ ရှင်းပြခဲ့သည်။
[ စစ်ဆေးမှုအရ Host နဲ့ တင်းကြွယ်စစ်ရဲ့ ကောလဟာလက ဟိုးလေးတကြော်ကြော်ဖြစ်သွားလို့ Host အပေါ် လူထုရဲ့ မျက်နှာသာပေးမှုက ၂၀ % အထိ လျော့ကျသွားပါတယ်။ ]
ဒီကိစ္စမတိုင်ခင်တုန်းက ဝမ်ကျင့်ဖျင်မှာ ပရိသတ်အခိုင်အမာ ရှိသော်လည်း ပရိသတ်အများစုက အတင်းအဖျင်းဝက်ဘ်ဆိုဒ်ပေါ်က သူမရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ကြည့်ရှုထားတဲ့ ပရိသတ်တွေ ဖြစ်သည်။
ကံမကောင်းစွာဖြင့် ထိုပရိသတ်တွေဟာ သူမ ရသစုံအစီအစဉ်မှာ ပါဝင်တုန်းက လုပ်ခဲ့သော လုပ်ရပ်တွေကြောင့် တဖြည်းဖြည်း လျော့သွားခဲ့သည်။ အဲ့ဒီနောက် သူမရဲ့ သရုပ်ဆောင်ပွဲဦးထွက်ကလည်း မအောင်မြင်ခဲ့တာမို့ ပရိသတ်မရခဲ့ပေ။
ဒဏ်ရာပေါ် ဆားသိပ်တဲ့ ပွဲကြည့်သူပလက်ဖောင်းကလည်း သူမရဲ့ လုပ်ရပ်တွေဟာ ဆိုးဝါးသော လွှမ်းမိုးမှုရှိနေပြီး ပလက်ဖောင်းအပေါ် မကောင်းတဲ့ ပုံရိပ်ကျရောက်စေသည်ဟု အခိုင်အမာပြောကာ သူမနှင့် စာချုပ်ကို အလျင်အမြန် ဖျက်သိမ်းသွားခဲ့လေသည်။ သူတို့က စာချုပ်ဖျက်သိမ်းခြင်းအတွက် သူမကို ပိုက်ဆံ တစ်ပြားတစ်ချပ်မှ မပေးတဲ့အပြင် သူမဘက်ကနေတောင် လျော်ကြေး ပြန်ပေးရအောင် လုပ်ခဲ့တာမို့ ဝမ်ကျင့်ဖျင်သည် ဒီအတောအတွင်း သူမ ခက်ခက်ခဲခဲ စုဆောင်းခဲ့တဲ့ ငွေကြေး တချို့ကို ညှစ်ထုတ်ပေးခဲ့ရသည်။
ဝမ်ကျင့်ဖျင်သည် ပလက်ဖောင်းရဲ့ ထောက်ပံ့မှုမရှိတော့ချိန်မှာ သဘာဝကျစွာပဲ အရင်တုန်းကလို တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု မလုပ်နိုင်တော့ပေ။ ထို့အပြင် လွန်ခဲ့တဲ့ ( ၁ ) နှစ် ၊ ( ၂ ) နှစ်အတွင်း သူမရဲ့ နာမည်ကို အဖတ်ဆယ်ဖို့ နည်းနည်းလေး ကြိုးစားတိုင်း ပိုဆိုးတဲ့ ကောလဟာလတွေကို ရင်ဆိုင်ခဲ့ရသည်။
1055 02
သူမရဲ့ ပရိသတ်တွေက ဘယ်လောက်ပံ သစ္စာရှိပါစေ ၊ သူမ ဒီလုပ်ရပ်တွေကို လုပ်ပြီးနောက်မှာ … အထူးသဖြင့် မကြာသေးခင်တုန်းက ကောလဟာလကြီးအပြီးမှာ သူမကို အားပေးသူ သိပ်မရှိတော့ပါ။ သူမ အိမ်ထောင်သည်ယောက်ျားတစ်ယောက်နှင့် ဖောက်ပြန်နေတယ်ဆိုတဲ့ သတင်းက သူမရဲ့ ပရိသတ်တွေအပေါ် ဘယ်လို သက်ရောက်မှု ရှိမလဲဆိုတာ စိတ်ကူးကြည့်လို့ရသည်။
ဝမ်ကျင့်ဖျင်ရဲ့ အမူအရာက အေးခဲသွားကာ ပထမဆုံးအကြိမ်အဖြစ် စနစ် ပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်ဖို့ ဉာဏ်မီသွားခဲ့သည်။
[ နင် ဘာကို ဆိုလိုတာလဲ။ ငါ့နာမည်ပျက်သွားတာတွေ၊ ယင်ကျစ်ဟုန်ကို ဆွဲချတဲ့ ကိစ္စတွေအတွက် ငါ့ကို လာအပြစ်တင်နေတာလား။ ]
စနစ်က မကြားချင်ယောင်ဆောင်ပြီး ဘာမှ မတုံ့ပြန်ခဲ့သော်လည်း သူ့ခေါင်းထဲက ပရိုဂရမ်လေးကတော့ တိတ်ဆိတ်စွာပဲ မကျေမနပ်ပြောနေခဲ့သည်။ ‘ အဲ့တော့ မင်းမှာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်နိုင်တဲ့ အသိတရားလေး နည်းနည်း ရှိသေးတာပဲ။ မင်းက သူ့ကို ဆွဲချနေတယ်ဆိုတာ မမြင်နိုင်လောက်တဲ့ထိ ညံ့ဖျင်းလိမ့်မယ်လို့ ငါ ထင်ထားတာ။ ’
+++