အခန်း ၁၀၅၇
Vol. 71 Ch. 1057
1057 01
အခန်း ( ၁၀၅၇ ) ဆိုးဝါးလာတဲ့ အခြေအနေ။
စုယန်ယန်ရဲ့ လှုပ်ရှားမှုတွေက ရုတ်တရက် ရပ်တန့်သွားပြီး သူမရဲ့ မျက်လုံးထဲမှာ အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။
“ နောက်ဆုံးတော့ … ” စုယန်ယန်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက ကော့တက်သွားသည်။ “ ဒါပေမဲ့ ဘာဖြစ်သွားတာလဲ။ အောင်မြင်မှုရမှတ်တွေက ရုတ်တရက်ကြီး အများကြီး ထိုးတက်သွားပါလား။ ”
[ အထောက်အပံ့ပစ္စည်းတွေရဲ့ အချိန်အကန့်အသတ်ကြောင့် ယင်ကျစ်ဟုန်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမျိုးသမီးဇာတ်လိုက် အသုံးပြုထားတဲ့ အာနိသင်တွေက ထိရောက်မှုမရှိတော့လို့ ဖြစ်ပါလိမ့်မယ်။ ]
စုယန်ယန်ရဲ့ ခေါင်းထဲမှာ ဖျတ်ခနဲ လင်းသွားသည်။ “ ဒါဆို ယင်ကျစ်ဟုန်က အခု အပြည့်အဝ အသိစိတ်ကပ်သွားပြီ ဆိုတဲ့ အဓိပ္ပာယ်လား။ ”
အချိန်ကြာမြင့်စွာ မှိုင်းမိနေသူတစ်ယောက်ဟာ ရုတ်တရက်ပဲ အသိစိတ်ကပ်သွားခဲ့ပါပြီ။ ဒီအတောအတွင်း သူ လုပ်ခဲ့သမျှ လုပ်ရပ်တွေအကြောင်း ပြန်တွေးမိသောအခါ သူ အချိန်ခရီးသွားပြီး ထိုအစွန်းအထင်းတွေကို ဆေးကြောချင်နေမှာ သေချာသည်။
ဝမ်ကျင့်ဖျင်က သူမမှာ ရှိသမျှ အရာအားလုံးကို ယင်ကျစ်ဟုန်အပေါ် လောင်ကြေးထပ်ခဲ့တာ ဖြစ်သည်။ သူမက ယင်ကျစ်ဟုန်ရဲ့ အဆက်အသွယ်တွေနှင့် မိသားစုနောက်ခံကို မျက်စိကျနေပြီး ထိုအရာတွေဟာ သူမကို အနုပညာနယ်ပယ်ထဲမှာ အလျင်အမြန် ခြေကုပ်ယူနိုင်စေလိမ့်မည်ဟု ယုံကြည်ခဲ့သည်။
အခုတော့ ယင်ကျစ်ဟုန်က အသိစိတ်ကပ်သွားပြီမို့ အရင်တုန်းက သူ့အကူအညီတွေက သူမကို နာကျင်စေနိုင်တဲ့ ထက်မြည့်သော လက်နက်တွေအဖြစ် ပြောင်းလဲသွားပြီပင်။
ဝမ်ကျင့်ဖျင်သည် ယင်မိသားစုရဲ့ အဆက်အသွယ်တွေဆီမှာ အတိုင်းအတာတစ်ခုထိ ကန့်သတ်ပိတ်ပင်ခံထားရသည်။
“ လူတွေက အရမ်း လောဘကြီးလို့ မရဘူး။ ”
သူမနှင့် မသက်ဆိုင်သော အရာတွေကို လိုချင်တပ်မက်ကာ ကျားကုတ်ကျားခဲ ကြိုးစားခဲ့တဲ့ သူမဟာ အဆုံးသတ်မှာ သူမနှင့် ထိုက်တန်တဲ့ အကျိုးဆက်တွေကိုသာ ရိတ်သိမ်းရပါလိမ့်မည်။
စုယန်ယန်သည် ဝမ်ကျင့်ဖျင်ရဲ့ ကိုယ့်သေတွင်းကိုယ်တူးနိုင်စွမ်းကို တိတ်တဆိတ် အံ့အားသင့်မိကာ အောင်မြင်မှုရမှတ်တွေကို ပြန်အာရုံစိုက်ထားလိုက်သည်။
ဒီကမ္ဘာရဲ့ မူလအချစ်တော် ဖြစ်တဲ့ ဝမ်ကျင့်ဖျင်ရဲ့ အမျိုးသမီးဇာတ်လိုက် လင်းရောင်ခြည်တွေဟာ လွင့်စင်ပပျောက်လုနီးပါး ဖြစ်နေပါပြီ။ သူမကိုယ်တိုင် ရွေးချယ်ထားတဲ့ အမျိုးသားဇာတ်လိုက်တွေထဲက တစ်ယောက်က သူမကို ဆန့်ကျင်ကာ ဘုရားသာ သိနိုင်တဲ့ နေရာကို ထွက်ပြေးသွားခဲ့သည်။ နောက်တစ်ယောက်ကတော့ သူမကို လှည့်တောင် မကြည့်ပါ။
သူမရဲ့ အမာခံ ထောက်ခံသူတွေ ၊ အချနင်းခံ ကျောက်တုံးတွေ ဖြစ်ရမယ့် အရံ အမျိုးသားဇာတ်ကောင်တွေကလည်း စုယန်ယန်ရဲ့ လက်ချက်ကြောင့် ရန်သူတွေအဖြစ် ပြောင်းလဲသွားတာလည်း ရှိသည် ၊ သူမနှင့် ဆုံတွေ့ဖို့ အခွင့်အရေးမရသေးခင်မှာပဲ ဖယ်ရှားခံလိုက်ရတာလည်း ရှိသည်။
နောက်ဆုံးလက်ကျန် ၁၅% က ဝမ်ကျင့်ဖျင် နောက်ထပ်ယောက်ျားတစ်ယောက် ထပ်ရှာနိုင်မလား ဆိုတဲ့အချက်ပေါ် မူတည်နေသည်။ သို့မဟုတ် သို့ထျန်းယီက အဓိကကျတာလည်း ဖြစ်ရင် ဖြစ်နိုင်သည်။
1057 02
စုယန်ယန်သည် ဟောက်ချန်ဟွမ်းရဲ့ အမျိုးသားဇာတ်လိုက် အောင်မြင်မှုရမှတ်တွေနှင့် ကိုက်ညီနေသော သူမရဲ့ ရမှတ်တွေအကြောင်း တွေးမိလျှင် ဒုတိယတစ်ခုကပဲ ပိုဖြစ်နိုင်ချေရှိသည်ဟု ခံစားလိုက်ရသည်။
ဒါဆို ပြဿနာကို အမြစ်ကနေ ဖယ်ရှားပြီး သူမရဲ့ ဘဝကို အပြည့်အဝ ထိန်းချုပ်ချင်ရင် အဓိကပြဿနာဖြစ်တဲ့ သို့ထျန်းယီနဲ့ ရင်ဆိုင်တိုက်ခိုက်ရမှာလား … ။
“ ဒီလို ဆိုတော့မှ ငါ သို့ထျန်းယီရဲ့ သတင်းမကြားတာ တော်တော်လေး ကြာပြီ။ ”
အသေးငယ်ဆုံး မကျေနပ်ချက်တစ်ခုအတွက်ပင် လက်စားချေလေ့ရှိတဲ့ အဲ့ဒီလို အကြင်နာတရားကင်းမဲ့သူဟာ သူမကိုလည်း သေချာပေါက် ဖိအားပေးလိမ့်မည်ဟု ထင်ထားခဲ့တာကြောင့် အချိန်တစ်ခုထိ နေမထိထိုင်မသာဖြစ်ကာ စိုးရိမ်ခဲ့မိသည်။ ဒါပေမဲ့ အဆုံးသတ်မှာတော့ အလွန် ငြိမ်းချမ်းနေသည်။
သူ သေချာ ဆင်ခြင်တွေးခေါ်ပြီးတော့ တခြားသူတွေကို အတင်းအကြပ် ဖိအားပေးတာ မကောင်းဘူးဆိုတာ နားလည်သွားလို့လား ၊ ဒါမှမဟုတ် ဒီအခြေအနေက မုန်တိုင်းမလာခင် လေပြည်တွေ တိုက်ခတ်နေတာလား … ။
သို့ထျန်းယီ ငြိမ်နေတာကတော့ သူ့ရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေကြောင့် ဆိုတာကိုတော့ စုယန်ယန်တစ်ယောက် မသိပေ။ လက်ရှိအချိန်မှာ ဟောက်ချန်ဟွမ်းနှင့် ကျန်လူတွေကို ထိပ်တိုက် ရင်ဆိုင်ဖို့ သူ့အတွက် အဆင်မပြေသေးပါ။
“ ဘော့စ် … ” လီယွဲ့က ဆေးထိုးပြွန်ပေါင်းစုံကို ခန္ဓာကိုယ်ထဲ ထိုးသွင်းထားကာ ဆေးရုံခုတင်ထက်မှာ လဲလျောင်းနေသော ဖြူဖတ်ဖြူရော်မျက်နှာနှင့် သူ့ဘော့စ်ကို စိုးရိမ်တကြီး မျက်လုံးများဖြင့် ကြည့်နေမိသည်။
လွန်ခဲ့တဲ့ လဝက်လောက်တုန်းက သို့ထျန်းယီရဲ့ ကျန်းမာရေးအခြေအနေဟာ ရုတ်တရက် ပိုဆိုးလာခဲ့သည်။ အရေးပေါ် ဆေးရုံတက်ရောက်ကုသပြီးတဲ့ထိ တိုးတက်မှု နည်းနည်းလေးတောင် မရှိသေးပါ။
အထူးသဖြင့် အရင်တစ်ပတ်တုန်းက သို့ထျန်းယီဟာ အရေးပေါ်အခန်းထဲကို သုံးကြိမ် ဝင်ခဲ့ရသည်။ တာဝန်ကျ ဆရာဝန်တွေဟာ လူနာကို အသက်လု ကုသရသော အခြေအနေကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီး လီယွဲ့အပါအဝင် လူတိုင်းက သို့ထျန်းယီ သိပ်ကြာကြာမခံတော့ဘူးလို့ ထင်ထားကြသည်။
သို့ထျန်းယီက မျက်လုံးတွေကို ဖွင့်ပြီး သူ့ကို စောင်းငဲ့ကြည့်လိုက်သည်။ “ အဲ့လောက် အားလျော့မနေစမ်းနဲ့။ ငါ အခုထိ မသေသေးဘူး။ ဒီရက်ပိုင်း ကုမ္ပဏီမှာ အခြေအနေ ဘယ်လိုရှိလဲ။ ”
“ ဥက္ကဌချီနဲ့ ဌာနခေါင်းဆောင်ကျန်းက အခုနောက်ပိုင်း အစေးကပ်လာပါတယ်။ ဒုတိယ ဥက္ကဌဖန့်ကတော့ … ” လီယွဲ့က ခဏ စကားရပ်ပြီးမှ သို့ထျန်းယီကို ဂရုတစိုက် ကြည့်ကာ ပြောလိုက်သည်။ “ ဒုတိယ ဥက္ကဌသို့ကို ဆက်သွယ်ဖို့ နည်းလမ်းပေါင်းစုံ ရှာနေပုံပါပဲ။ ”
++++