အခန်း ၁၀၅၉
Vol. 71 Ch. 1059
1059 01
အခန်း ( ၁၀၅၉ ) နှုတ်မြိန်စာ။
သို့သော်လည်း နောက်ကွယ်က လူက ဘယ်သူလဲဆိုတာကိုတော့ သို့ထျန်းယီ မသေချာပါ။ သူ လီယွဲ့ကို ဒီကိစ္စအား စုံစမ်းခိုင်းဖို့ ပါးစပ်ပြင်နေတုန်းမှာပဲ လီယွဲ့ရဲ့ ဖုန်းက နောက်တစ်ကြိမ် ထပ်မြည်လာခဲ့သည်။
ကုမ္ပဏီမှာ နောက်ထပ် ပြဿနာတက်ပြန်ပြီလို့ ထင်သွားတဲ့ လီယွဲ့က သို့ထျန်းယီရဲ့ ညွှန်ကြားချက်ကို စောင့်မနေတော့ဘဲ အရင်ဆုံး ဖုန်းကိုင်လိုက်လျှင် မျှော်လင့်မထားစွာဖြင့် ဒီဖုန်းကောလ်က ကုမ္ပဏီက ဆက်တာ မဟုတ်ပေ။
“ လူကြီးမင်းက ဘော့စ်နဲ့ တွေ့ချင်လို့လား။ လူကြီးမင်း ဘယ်သူလဲဆိုတာ မေးလို့ ရမလား … ” လီယွဲ့ရဲ့ မျက်နှာအမူအရာက အနည်းငယ် တောင့်တင်းသွားကာ သို့ထျန်းယီကို ကြောက်ရွံ့မှု တစ်စွန်းတစ်စဖြင့် လှမ်းကြည့်သည်။
သို့ထျန်းယီက သူ့မျက်နှာအမူအရာ ပြောင်းလဲသွားတာကို ကြည့်ပြီး “ ဘယ်သူလဲ။ ” ဟု အေးစက်စွာ မေးလိုက်သည်။
“ ဟောက် … ဟောက်ကော်ပိုရေးရှင်းက လူကြီးမင်းဟောက်ပါ။ ”
“ ဟောက်ကော်ပိုရေးရှင်း ….. ” သို့ထျန်းယီက အံ့အားသင့်သွားပေမဲ့ လီယွဲ့ ရည်ညွှန်းပြောဆိုတဲ့ လူကို ချက်ချင်း နားလည်သွားကာ သူမျက်လုံးတွေက အနည်းငယ် အေးစက်သွားလေသည်။ “ ငါ့ကို ဖုန်းပေး။ ”
လီယွဲ့သည် ကျဉ်းထဲကြပ်ထဲက လွတ်မြောက်သွားသလို ခံစားလိုက်ရကာ သူ့လက်ထဲမှာ အာလူးပြုတ်ပူပူတစ်လုံးကို ဆုပ်ကိုင်ထားသကဲ့သို့ ဖုန်းကို သို့ထျန်းယီလက်ထဲ အလျင်အမြန် ထည့်ပေးလိုက်သည်။
“ ဟောက်ချန်ဟွမ်းလား။ ”
ဟောက်ချန်ဟွမ်းက သို့ထျန်းယီရဲ့ အသံကို ကြားသည်နှင့် ကွေ့ဝိုက်မနေဘဲ တည့်တိုးပြောလိုက်သည်။ “ ငါ ပို့လိုက်တဲ့ လက်ဆောင်ကို ဥက္ကဌသို့ ရပြီးလောက်ပြီ ထင်ပါတယ်။ စိတ်တိုင်းကျရဲ့လား။ ”
သို့ထျန်းယီရဲ့ မျက်နှာက မည်းမှောင်သွားသည်။ “ လတ်စသတ်တော့ မင်းလက်ချက်ကိုး။ ”
“ ဟုတ်တယ် ၊ ငါ့လက်ချက်ပဲ။ ” ဟောက်ချန်ဟွမ်းက ဗြောင်ကျကျ ဝန်ခံလိုက်သော်လည်း သူ့အသံထဲမှာ အေးစက်မှုတွေ ရောနှောပျော်ဝင်နေပါသည်။ “ ဥက္ကဌသို့က ငါ့မိန်းမရဲ့ မိသားစုကို လက်ဆောင်အကြီးကြီး ပေးထားတော့ ငါတို့က ကျေးဇူးမတုံ့ပြန်ဘဲ နေလို့ ဘယ်ဖြစ်မလဲ။ ”
“ တကယ်ပဲ မင်း ဖြစ်နေတာပဲ။ ” မျှော်လင့်မထားသော်လည်း သူ မှန်းဆထားတဲ့ အကြောင်းပြချက်အတွင်းမှာပဲမို့ သို့ထျန်းယီ အံ့ဩမသွားပါ။ ဟောက်ချန်ဟွမ်းနှင့် ဒီလောက် မြန်မြန် ထိပ်တိုက်ရင်ဆိုင်ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ရုံသာ ရှိ၏။
1059 02
“ ဒါပေါ့။ မင်း သိချင်မှ သိမှာဆိုပေမဲ့ ငါက စိတ်သဘောထားသေးသိမ်တဲ့ လူပဲ။ ငါ့ပစ္စည်းတွေကို လာထိတာ ၊ အထူးသဖြင့် ငါ့မိသားစုကို စိုးရိမ်ပူပန်အောင် လုပ်တဲ့ လူတွေကို ငါ သဘောမကျဘူး။ ငါ့မိန်းမကို ပြန်ပေးဆွဲပြီး ခြိမ်းခြောက်ဖို့ နေနေသာသာ သူ့ကို တစ်စက္ကန့်လောက် ကြည့်တာကိုတောင် ငါ သည်းမခံနိုင်ဘူး။ ”
“ အိုး။ ” သို့ထျန်းယီက မျက်ခုံးပင့်ပြီး ခပ်တိုးတိုး ရယ်လိုက်သည်။ “ တကယ်လို့ တစ်ယောက်ယောက်က အဲ့လို လုပ်ခဲ့ရင် ဥက္ကဌဟောက်က သူ့ကို ဘာလုပ်မှာလဲ။
“ မမှီမကမ်းကို ခေါင်းမော့ပြီး ထိချင်ရင် အဲ့ဒီခေါင်းကို ဖြတ်ရိုက်ခံရမယ်။ မမှီမကမ်းကို လက်လှမ်းချင်ရင်တော့ အဲ့ဒီလက်ကို ဖြတ်ပစ်မယ်။ တချို့ လူတွေက သူတို့ရဲ့ လက်တွေကို မလိုချင်ဘူး ဆိုရင် ငါကလည်း ကူညီပေးဖို့ ဝန်မလေးပါဘူး။ ”
သို့ထျန်းယီက နှာခေါင်းကလေထွက်ရုံ ရယ်လိုက်သည်။ “ ဥက္ကဌဟောက်မှာ အဲ့ဒီလို အရည်အချင်းမျိုး မရှိမှာကို စိတ်ပူမိတယ်။ ”
“ ဒီစကားက အပြောသက်သက်ပဲ မဟုတ်ပါဘူး။ ဒီနေ့ ဖြစ်ခဲ့တာတွေက အစပဲ ရှိသေးတယ်။ ဥက္ကဌသို့ နောက်ဆုံးအချိန်ထိ ကြိုးကြိုးစားစား အသက်ရှင်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ အဲ့ဒါမှ ငါ့မှာ တချို့လူတွေရဲ့ လက်ကို ဖြတ်ပစ်နိုင်တဲ့ အရည်အချင်းရှိလား ဆိုတာ ကြည့်နိုင်မှာလေ။ ”
ဟောက်ချန်ဟွမ်းရဲ့ စကားက သို့ထျန်းယီရဲ့ နှလုံးသားထဲကို တည့်တည့်မတ်မတ် ထိုးစိုက်သွားသည်။ သူက အသက်ရှင်နိုင်ဖို့အတွက်နှင့် ကိစ္စတွေအများကြီးကို များစွာ အင်အားစိုက်ထုတ်၍ ဖန်တီးခဲ့တာပင်။
ဟောက်ချန်ဟွမ်းက ထိုသို့ ပြောပြီးသည်နှင့် သို့ထျန်းယီရဲ့ တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ ချက်ချင်း ဖုန်းချပစ်လိုက်၏။
ဒီဖုန်းကောလ်က သူ ထိုကောင့်ကို သတိပေးလိုက်တာပဲ ဖြစ်သည်။ သူ့ရဲ့ လက်စားချေခြင်း စတင်နေပြီဖြစ်ကြောင်း အသိပေးလိုက်သော်လည်း ထိုကောင် လုပ်နိုင်တာ ဘာမှ မရှိဘဲ သူ့ကုမ္ပဏီ ပြိုလဲသွားတာကိုသာ ထိုင်ကြည့်နေရပါလိမ့်မည်။
သို့ထျန်းယီကလည်း ဟောက်ချန်ဟွမ်းရဲ့ အတွေးတွေကို ဖောက်မမြင်ဘဲ မနေပါ။ သူ့မျက်နှာ ညို့မှိုင်းအုံ့ဆိုင်းနေပုံမှာ ထစ်ချုန်းရွာသွန်းတော့မည့် ကောင်းကင်မည်းကြီးအတိုင်း ဖြစ်သည်။ ဘေးကနေ ကြည့်နေသော လီယွဲ့ပင်လျှင် သူ့နှလုံးခုန်သံတွေ စည်းချက်မမှန်တော့သလို ခံစားလိုက်ရပြီး တစ်ချိန်တည်းမှာပဲ ဥက္ကဌဟောက်ကို ချီးကျူးမိသည်။
သူတို့ဘော့စ်ကို ဒီလိုမျိုး ပွင့်ပွင့်လင်းလင်း ရန်စရဲတဲ့ လူမျိုးကို မမြင်ရတာ အချိန်အတော်ကြာခဲ့ပါပြီ။ ဟောက်ချန်ဟွမ်းကတော့ နည်းနည်းလေးမှ မကြောက်ပါ။ တစ်နည်းအားဖြင့် ပြောရလျှင် သူ့မှာ တစ်ဖက်လူနှင့် ရင်ဆိုင်နိုင်တဲ့ ယုံကြည်မှုရှိသည်။
သူ ပြောသွားတဲ့အတိုင်းပဲ သို့ကော်ပိုရေးရှင်းရဲ့ အပုပ်အပွတွေက တစ်ခုပြီး တစ်ခု ထွက်ပေါ်လာ၏။ စတော့ရှယ်ယာဈေးတွေ ထိုးကျသွားခြင်းက နှိုတ်မြိန်စာသာ ဖြစ်သည်။ သူက သို့ထျန်းယီရဲ့ နောက်ဆုံး သည်းခံနိုင်စွမ်းက ဘာလဲဆိုတာ ကောင်းကောင်း သိပြီး ထိုသည်းခံနိုင်စွမ်းကို ဘယ်လို ဖျက်ဆီးရမလဲ ဆိုတာကိုလည်း ကောင်းကောင်း သိသည်။
ဟောက်ချန်ဟွမ်းသည် သို့ထျန်းယီနှင့် စာရင်းရှင်းပြီးသောအခါ အိမ်ပြန်လာခဲ့လိုက်သည်။ သူ အိမ်ပြန်ရောက်တော့ စုယန်ယန်က ကြယ်လေးကို ရေချိုးပေးပြီးရုံသာ ရှိသေးပြီး ကလေးကို အစိုဓာတ်ဖြည့်ခရင်မ်နှင့် ဘေဘီပေါင်ဒါလိမ်းပေးရင်း အလုပ်ရှုပ်နေသည်။
++++