အခန်း ၁၀၆၀
Vol. 71 Ch. 1060
1060 01
အခန်း ( ၁၀၆၀ ) စိတ်ပုပ်တဲ့ ဖေဖေ။
နုနယ်သော နီတာရဲ ကောင်ကလေးကို ရေထဲမှာ ခဏ စိမ်ပေးပြီးနောက် ရေချိုးတဘက် ဖြူဖြူနုနုပေါ် တင်ပေးလိုက်သောအခါ ကောင်ကလေးဟာ သူ့ခြေထောက် ဖောင်းဖောင်းအိအိလေးတွေကို ပျော်ရွှင်စွာ ကန်ကျောက်နေခဲ့သည်။
စုယန်ယန်က ကလေးတွေအတွက် ထုတ်ထားတဲ့ အစိုဓာတ်ဖြည့်ခရင်မ်ဘူးကို ယူကာ သူမရဲ့ လက်ထဲမှာ ညီညီညာညာ ဖြန့်လိုက်သည်။ ထို့နောက် ကြယ်လေးရဲ့ မျက်နှာဖောင်းဖောင်းလေးကို ဂျုံမုန့်လုံးလေးသဖွယ် သဘောထားကာ အထက်မှအောက်သို့ ပွတ်သုတ်လိုက်ပြီး သူ့မျက်နှာဖောင်းဖောင်းလေးကို နူးညံ့စွာ ပုတ်လိမ်းပေးလိုက်သည်။ မျက်နှာဖောင်းဖောင်းလေး တုန်ခါနေပုံက ချစ်စရာကောင်းလွန်းလှသည်။
စုယန်ယန်က သူ့မျက်နှာကို အားစိုက်ပြီး ပုတ်လိမ်းပေးတာ မဟုတ်တာမို့ ကောင်ကလေးကလည်း သူမ သူနှင့်အတူ ဆော့ကစားနေတာကို နားလည်ပုံဖြင့် မငိုဘဲ အရူးလေးသဖွယ် ပြုံးနေခဲ့သည်။
ထိုမြင်ကွင်းက ဟောက်ချန်ဟွမ်း အိမ်ရောက်,ရောက်ချင်းမှာ မြင်လိုက်ရတဲ့ မြင်ကွင်း ဖြစ်သည်။ မျက်ခုံးနှစ်ခု ထိစပ်လုမတတ် ကျုံ့ထားတဲ့ သူ့မျက်မှောင်တွေ ပြေလျော့သွားကာ သူတို့ဆီ လျှောက်သွားလိုက်သည်။
စုယန်ယန်က ခြေသံကြား၍ နောက်ကို လှည့်ကြည့်ချိန်မှာ ဟောက်ချန်ဟွမ်းကို မြင်တော့ မျက်လုံးလေးတွေ လက်ခနဲ တောက်သွားသည်။ “ ရှင် ပြန်လာပြီပဲ။ ”
“ အင်း။ ” ဟောက်ချန်ဟွမ်းက နှစ်ယောက်တည်းပျော်နေသော သားအမိနှစ်ယောက်ကို ကြည့်ကာ စုယန်ယန်ဘေးကို လျှောက်သွားပြီး သားဖြစ်သူရဲ့ မျက်နှာဖောင်းဖောင်းလေးကို ဖျစ်ညှစ်လိုက်သည်။ သူ ဖျစ်ညှစ်ပုံက အရုပ်တစ်ရုပ်ကို ဖျစ်ညှစ်နေသကဲ့သို့ ဖြစ်သည်။
ဟောက်ချန်ဟွမ်းက သူ့လက်မှာ အားမထည့်သော်လည်း မျက်နှာ ဖောင်းဖောင်းအိအိလေးက ညှစ်ကောင်းလွန်းသောကြောင့် အကြိမ်ကြိမ်အခါခါ ညှစ်မိနေခြင်းအား မရပ်တန့်နိုင်ပေ။
ကြယ်လေးက ပထမတော့ အူကြောင်ကြောင် ဖြစ်နေခဲ့ပြီး သုံး ၊ လေးကြိမ်လောက် ဖျစ်ညှစ်ခံရပြီးတော့မှ အခြေအနေမှန်ကို နားလည်သွားကာ နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်ပြီး တဝါးဝါး အော်ငိုတော့သည်။
စုယန်ယန်က ကလေးငိုတာကို မြင်သည်နှင့် ဟောက်ချန်ဟွမ်းကို တွန်းထုတ်ပြီး ကလေးကို ပွေ့ချီလိုက်သည်။ “ သားက လိမ္မာပါတယ် … မငိုနဲ့နော်။ ဖေဖေက သားကို မြှူနေတာပါ။ ”
“ အူးဝါး … မကောင်းဘူး မကောင်းဘူး … ” ကောင်ကလေးက အခုတလော ရိုးရှင်းသော စကားလုံးတချို့ကို ပြောတတ်လာသည်။ အမေဖြစ်သူက သူ့ကို ပွေ့ချီလိုက်သည်နှင့် သူက သူ့အမေရဲ့ အင်္ကျီစကို သနားစဖွယ် ဆွဲပြီး သူ့အဖေအကြောင်း မကျေမနပ် ပြောတော့သည်။
“ ဟုတ်တယ် ဟုတ်တယ်။ ဖေဖေက မကောင်းဘူး။ မေမေတို့ သူနဲ့ ဆက်မကစားတော့ဘူးနော်။ ” စုယန်ယန်က ငိုနေသော သားဖြစ်သူကို ချော့မော့ကာ ကလေးဆန်သူအား မျက်လုံးလှိမ့်၍ ကြည့်လိုက်သည်။ “ ရှင် ဘာလို့ သူ့ကို ထပ်ပြီး စနေတာလဲ။ သူ ငိုရင် ကျွန်မပဲ ချော့ရမှာ။ ”
ဟောက်ချန်ဟွမ်းက သူမရဲ့ မျက်စောင်းကြောင့် အပြစ်မကင်းသလိုရော ၊ မတရားခံရသလိုရော ခံစားလိုက်ရသည်။ “ မင်းတို့နှစ်ယောက် ပျော်နေတာ မြင်တော့ ကိုယ်လည်း သူ့ကို စချင်လို့ပါ။ သူက ကိုယ် စတာကို သည်းမခံနိုင်ဘူးဆိုတာ ဘယ်သူက သိမှာလဲ။ ”
ဟောက်ချန်ဟွမ်းက ထိုသို့ ပြောရင်း သားဖြစ်သူကို မျက်လုံးစောင်း၍ ကြည့်လိုက်သည်။ ဒီခွေးကောင်လေးဟာ သူ့ကို ရည်ရွယ်ချက်ရှိရှိ လူယုတ်မာဇာတ်သွင်းနေသည်ဟု ခံစားရသည်။ သူ့အမေနှင့် ဆော့ကစားတိုင်း ပျော်ရွှင်ပြုံးရယ်နေတတ်သော်လည်း သူနှင့် ဆော့ကစားတိုင်းမှာတော့ ဝက်ဝက်ကွဲ အော်ငိုလေ့ရှိသည်။ မိဘနှစ်ပါးကို ဆက်ဆံပုံက ဒီလောက် ကွဲပြားခြားနားမှု မရှိသင့်ပါ။
စုယန်ယန်က ထိုစကားကို ကြားသောအခါ သူ့ကို နောက်တစ်ခေါက် မျက်လုံးလှိမ့်၍ ကြည့်လိုက်ပြီး စိတ်ထဲကနေ ‘ ကျွန်မက ကလေးနဲ့ ဆော့တာလေ။ ရှင်က ကလေးကို ဆော့နေတာ။ အဲ့ဒါက ဘယ်လိုလုပ် တူမှာပဲ။ ’ ဟု တွေးလိုက်မိသည်။
ကံကောင်းစွာဖြင့် ကလေးရဲ့ စိတ်အခြေအနေက လျင်မြန်စွာ ပြန်လည်ကြည်လင်သွားသည်။ သူ ဒီအဖြစ်အပျက်လေးကို မေ့သွားဖို့ အချိန်သိပ်မယူလိုက်ရဘဲ သွမ်းသွမ်း ၊ ထုံထိုင်းလေးတို့နှင့် ဆော့ရင်း ပျော်ရွှင်နေခဲ့သည်။
စုယန်ယန်ခမျာ ကလေးလေးကို ချော့မော့နေရင်း ကလေးကြီးကိုလည်း မေ့ထားလို့ မရပါ။ ကလေးကို နာနီနှင့် ရိုလီပိုလီတို့လက်ထဲ အပ်လိုက်ပြီးနောက် ဟောက်ချန်ဟွမ်းရဲ့ လည်ပင်းကို ဖက်လိုက်သည်။
“ ရှင် အခုတလော မကြာခဏ အပြင်သွားတယ်နော်။ ပြဿနာတစ်ခုခု ရှိလို့လား။ ”
ဟောက်ချန်ဟွမ်းက စုယန်ယန် သူ့ကို ပို၍ အဆင်ပြေ ချောမွေ့စွာ ဖက်တွယ်ထားနိုင်စေရန်အတွက် သူမရဲ့ ခါးလေးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပေးလိုက်သည်။ “ ပြဿနာတစ်ခု ရှိခဲ့ပေမဲ့ ဖြေရှင်းပြီးသွားပါပြီ။ ”
“ ကောင်းတယ်။ ” စုယန်ယန်က ဟောက်ချန်ဟွမ်း ထိုအကြောင်း မပြောချင်တာကို မြင်သောကြောင့် ဆက်မမေးတော့ဘဲ စကားလမ်းကြောင်းပြောင်းလိုက်သည်။
1060 02
“ ဦးလေးဆီကရော ဘာသတင်းတွေ ရလဲ။ ”
ကျန်းချန့်ယန်က သူတို့အိမ်မှာ မနေတော့ပေမဲ့ ကြယ်လေးဆီကို မကြာခဏ လာလည်လေ့ရှိသည်။ သို့သော်လည်း အခုနောက်ပိုင်း ဟောက်ချီဟန်ရဲ့ အရေးကိစ္စတွေကြောင့် သူ အလုပ်ရှုပ်နေပုံဖြင့် ရောက်မလာတာ ရက်ပိုင်းလောက် ကြာပါပြီ။
စုယန်ယန် ထိုအကြောင်းကို ပြောလိုက်တော့ ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေက အရောင်တောက်သွားသည်။ “ သဲလွန်စ တချို့တော့ ရနေပါပြီ။ ဒါပေမဲ့ ရန်သူကို သတိပေးသလို ဖြစ်သွားမှာစိုးလို့ ဦးလေးက အခုတလော အလုပ်ရှုပ်နေတယ် ထင်တယ်။ အဲ့ဒါကြောင့် သူ ပျောက်နေတာပါ။ ”
စုယန်ယန်က နားလည်စွာ ခေါင်းညိတ်လိုက်သည်။ ကျန်းချန့်ယန် ထိုလူတွေကို လိုက်ရှာနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး ဒီနှစ်တွေအတွင်း သူတို့ ဘာသဲလွန်စမှ မရခဲ့တာ မဟုတ်ဘဲ ထိုလူတွေကို မဖမ်းနိုင်ခဲ့ခြင်းသာ ဖြစ်သည်။ ထိုလူတွေက ဘယ်လောက်တောင် ယုတ်မာကောက်ကျစ်လဲ ဆိုတာ အသိအသာပဲမို့ အမြဲတမ်း သတိထားနေတာ ပိုကောင်းသည်။
+++++