← Chapters

အခန်း ၁၀၆၂

Vol. 71 Ch. 1062

အခန်း ၁၀၆၂

Vol. 71 Ch. 1062

1062 01

အခန်း ( ၁၀၆၂ ) သူတစ်ပါးကို ဖောက်ပြန်တဲ့ လူတွေက သူတို့လည်း‌ ဖောက်ပြန်ခံရလိမ့်မယ်။

“ အဟမ်း … ” ဟောက်ချန်ဟွမ်းသည် သူ့ကိုယ်သူ ကာကွယ်ဖို့ လိုအပ်လာပြီဟု ခံစားလိုက်ရ၏။ “ တကယ်တော့ ကိုယ်ပိုင်ပိုက်ဆံတော့လည်း မဟုတ်ပါဘူး။ ကုမ္ပဏီရဲ့ အော်ပရေးရှင်းတွေအတွက် အခြေခံ ရန်ပုံငွေသဘောမျိုးပါပဲ။ ”

စုယန်ယန်က “ ကျွန်မ နားလည်ပါပြီ။ ” ဟု တီးတိုးပြောကာ သူ့ကို တစ်ဝက်တစ်ပျက် အပြုံးဖြင့် စိုက်ကြည့်လိုက်သည်။ “ ကျွန်မက ရှင့်ကို စနေတာပါ။ ရှင့်ရဲ့ ကိုယ်ပိုင်ပိုက်ဆံတွေကိုလည်း မလိုချင်ဘူး ၊ ရှောင်ချီးကိုလည်း အားမကျပါဘူး။ ကျွန်မ သူ့အတွက် ဝမ်းသာနေတာပါ။ ”

“ အမေတစ်ယောက်တည်းနဲ့ပဲ ကြီးပြင်းခဲ့ရတဲ့ ကလေးတစ်ယောက်ရဲ့ ဘဝက သာမန်ကလေးတွေထက် ပိုဝမ်းနည်းဖို့ကောင်းနေပါပြီ။ သူ့အဖေရဲ့ မိသားစုက သူ့ကို အသိအမှတ်တောင် မပြုတော့ သူ ဒီနှစ်တွေ တစ်လျှောက်လုံး ရုန်းကန်ခဲ့ရတာ။ ဒါပေမဲ့ သူတို့သားအမိ နှစ်ယောက်လုံးက စိတ်ဓာတ်မာကျောတော့ ကျွန်မ သူ့ကို အတိုင်းအတာတစ်ခုထိပဲ ကူညီပေးလို့ ရတယ်။ သူ့ဘက်က ရပ်တည်ပေးပြီး သူ့ကို အမြတ်တနိုးနဲ့ ချစ်ပေးမယ့် ၊ အကောင်းဆုံးအရာတွေကို ပေးမယ့် လူတစ်ယောက် ပေါ်လာတာ ဝမ်းသာစရာပါ။ ”

“ အရာအားလုံး အဆင်ပြေသွားမှာပါ။ ” ဟောက်ချန်ဟွမ်းက ခေါင်းငုံ့ပြီး စုယန်ယန်ရဲ့ နဖူးလေးကို ငုံ့နမ်းလိုက်သည်။

“ ကျွန်မလည်း အဲ့လိုပဲ မျှော်လင့်ပါတယ်။ ”

နျဉ်စစ်ယွမ်က စုယန်ယန်ကို စိတ်မပျက်စေခဲ့ပါ။ ဟိုးအစကတည်းက သူနှင့် လင်းရှောင်ချီးဟာ လက်ထပ်ဖို့ အတိုင်းအတာထိ ရည်ရွယ်ပြီး တွဲခဲ့ကြတာ ဖြစ်သည်။ အမြဲတမ်း လှည့်ပတ်ပြေးလွှားနေပြီး မြာပွေလွန်းတဲ့ နျဉ်ချီလွေ့ အပါအဝင် သူ့မိသားစုထဲက လူတိုင်း လင်းရှောင်ချီးအကြောင်း သိသည်။

မိသားစုနှစ်စုက လင်းရှောင်ချီးအား သူတို့ရဲ့ မိသားစုဝင်တစ်ယောက်လို ဆက်ဆံတာ ကြာခဲ့ပြီ ဖြစ်သည်။ လင်းရှောင်ချီးတို့မိသားရဲ့ ပြဿနာတွေနှင့် နျဉ်စစ်ယွမ်က သူမအတွက် လက်စားချေပေးချင်နေတယ် ဆိုတာကို သိသွားတော့လည်း သူတို့မှာ ကန့်ကွက်စရာမရှိပါ။ သူတို့က အတူတကွ စုဝေးကာ ဦးနှောက်စားခံခဲ့ပြီး လင်းရှောင်ချီးရဲ့ အမှိုက်ကောင်အဖေရဲ့ ကုမ္ပဏီကို ဘယ်လို တိုက်ခိုက်ရင် ကောင်းမလဲ ဆိုတာကိုတောင် ကူစဉ်းစားပေးခဲ့ကြသည်။

ချင်မိသားစုက သူတို့ရဲ့ ကမ္ဘာမှာတော့ အနေအထားတစ်ခုရှိသော လူလေးစားခံ မိသားစုတစ်စုဟု သတ်မှတ်နိုင်သော်လည်း နျဉ်မိသားစုနှင့် ချီမိသားစုရှေ့မှာတော့ ထိုမျှလောက်နှင့် မလုံလောက်ပေ။

နျဉ်စစ်ယွမ်က သူ့ရဲ့ ပါတနာကုမ္ပဏီတွေနှင့် ပူးပေါင်းကာ ချင်မိသားစုကုမ္ပဏီကို အချိန်တစ်ခုကြာ တိတ်တဆိတ် ဖိနှိပ်ထားခဲ့သောကြောင့် ချင်မိသားစုကုမ္ပဏီရဲ့ ငွေကြေးစီးဆင်းမှုလမ်းကြောင်း ပြတ်တောက်သွားခဲ့သည်။

အခြေအနေမဟန်တာကို မြင်တဲ့ ကုမ္ပဏီထဲက ရှယ်ယာရှင်လေးတွေက သူတို့ရဲ့ စတော့ရှယ်ယာတွေကို အကြောင်းပြချက်မရှိ ထုတ်ရောင်းခဲ့ကြသည်။ စီမံခန့်ခွဲရေးအဆင့် ဝန်ထမ်းတချို့ကလည်း သတင်းတွေ ကြားလို့လား မပြောတတ်ဘဲ တစ်ယောက်ပြီး တစ်ယောက် အလျှိုလျှို အလုပ်ထွက်သွားခဲ့သည်။

ရက်ပိုင်းအတွင်းမှာပဲ ကုမ္ပဏီတစ်ခုလုံး ပြိုလဲသွားပြီး ချင်ဖန်သဲ့ သတိဝင်လာချိန်မှာတော့ ကုမ္ပဏီဟာ အခွံသက်သက်ပဲ ကျန်ပါတော့သည်။

သို့သော်လည်း အဲ့ဒါက အဆိုးဆုံး အစိတ်အပိုင်း မဟုတ်သေးပါ။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းကို ချင်ဖန်သဲ့ မစဉ်းစားနိုင်သေးခင်မှာပဲ နောက်ထပ် သတင်းဆိုးတစ်ခုက သူ့ကို အလဲထိုးသွားခဲ့သည်။ တစ်နှစ်ပတ်လုံး အိမ်ထဲမှာပဲ အချိန်ကုန်ခဲ့တဲ့ ချင်ဖန်သဲ့သည် သူ့ဘဝမှာ ကံကြမ္မာလှည်းဘီး ပြောင်းပြန်လှန်တဲ့ နေ့မျိုး ရောက်လာလိမ့်မည်ဟု တစ်ခါမှ မထင်ခဲ့ပေ။

သူ့ဇနီးက သူ့ကုမ္ပဏီက အမှုဆောင်ဝန်ထမ်းတစ်ယောက်နှင့် သူ့အပေါ် ဖောက်ပြန်သွားခြင်း ဖြစ်သည်။ ပြီးတော့ ထိုလူက သူ့ဇနီးရဲ့ အချစ်ဦးလည်း ဖြစ်သည်။

ထိုလူက အမျိုးသမီးချင်နှင့် တက္ကသိုလ်မှာ ဆုံတွေ့ပြီး ချစ်ကြိုးသွယ်ခဲ့ကြတာ ဖြစ်၏။ ဒါပေမဲ့ ဆင်းရဲနွမ်းပါးသော သူ့မိသားစုနောက်ခံကြောင့် အမျိုးသမီးချင်ရဲ့ မိသားစုက သူတို့နှစ်ယောက်ကို အတင်းအကြပ် လမ်းခွဲစေခဲ့သည်။ သူ့ကို မောင်းထုတ်ဖို့အတွက် မကောင်းသော လုပ်ရပ် တချို့ကိုတောင် ကျူးလွန်ခဲ့သည်။

1062 02

ထိုကိစ္စတွေ ဖြစ်ပွားပြီးနောက် သိပ်မကြာခင်မှာပဲ အမျိုးသမီးချင်ရဲ့ မိဘတွေက သူမအတွက် သင့်တော်သော အိမ်ထောင်ဖက်တစ်ယောက်ကို အမြန် ရှာပေးဖို့ ဆုံးဖြတ်ခဲ့ကြပြီး ထိုအိမ်ထောင်ဖက်ကတော့ ချင်ဖန်သဲ့ပဲ ဖြစ်သည်။

ဒီရှုထောင့်ကနေ ကြည့်လျှင်တော့ ချင်ဖန်သဲ့ဟာ ကံမကောင်း အကြောင်းမလှသော အချစ်ငှက်စုံတွဲလေးကို တစ်ချိန်တုန်းက ဝေးကွာစေခဲ့တဲ့ ကြံရာပါတွေထဲက တစ်ယောက်ပါ။

အဲ့ဒီအချိန်တုန်းက အမျိုးသမီးချင်က ငယ်ရွယ်ဆဲပင်။ ခေါင်းမာတဲ့ သူမက ဒီလက်ထပ်ပွဲကို ဖျက်ဆီးဖို့ နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့သော်လည်း နောက်ဆုံးမှာတော့ မိသားစုရဲ့ ဖိအားတွေနှင့် လက်တွေ့ဘဝကို မလွန်ဆန်နိုင်ဘဲ ချင်ဖန်သဲ့နှင့် လက်ထပ်ခဲ့သည်။

သူတို့ အိမ်ထောင်ကျခါစတုန်းက ချင်ဖန်သဲ့က မိန်းမတကာနှင့် လိင်ဆက်ဆံရင်း ပျော်ပါးနေချိန် ဖြစ်သည်။ အမျိုးသမီးချင်က သူနှင့် မကြာခဏ စကားများ ရန်ဖြစ်သော်လည်း နောက်ပိုင်းမှာတော့ သားလေးတစ်ယောက် ရလာခဲ့သည်။

ထိုအချိန်ကစပြီး အမျိုးသမီးချင်က စိတ်တည်ငြိမ်သွားပြီး ကလေးကို ပြုစုပျိုးထောင်ပေးခြင်းကိုသာ အာရုံစိုက်ထားခဲ့သည်။ ဒီကလေးကို သူမရဲ့ တစ်ခုတည်းသော စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တစ်ခုပမာ သဘောထားခဲ့သည်။

တိတိကျကျ ပြောရလျှင်တော့ ထိုကိစ္စကြောင့်ပဲ နှစ်ပေါင်းများစွာ ဝေးကွာခဲ့ရသော ငယ်ချစ်ဦးနှင့် သူမ ပြန်လည်ဆုံတွေ့ခဲ့တာ ဖြစ်သည်။ အမျိုးသမီးချင်က သားဖြစ်သူကို ဂရုစိုက်သောကြောင့် ငယ်ချစ်ဦးနှင့် ပြန်လည်ဆုံ‌စည်းချိန်မှာ သူ့ကို လက်မခံခဲ့ပေ။

သို့သော်လည်း တစ်ဖက်လူက သူမကို နက်နက်ရှိုင်းရှိုင်း ချစ်နေဆဲဖြစ်ပြီး သူ့ဘက်ကအရင် သူမကို ချဉ်းကပ်ပိုးပန်းခဲ့သည်။

+++++

All Chapters